Tuesday, June 28, 2011

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့

မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိ နိုင်။
 
ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့်ဇာပန အရေးအခင်းကို  အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။  အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။
 
အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နေ့။
 
၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကို ထိုနှစ်မတိုင်မီဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သေဆုံးကြရရှာတဲ့ အလုပ်သမားများနဲ့ ကျောင်း သားများကို လေးစားတဲ့၊ အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းမတက်ကြဖို့ မတ်လ အစောပိုင်းကတည်းက ဆော်သြထား ကြပါတယ်။ အဲဒီနေ့မှကိုရွေးပြီး ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မနက်ပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့၊ နေ့ခင်းပိုင်းမှာ သဘာဝသိပ္ပံတက္ကသိုလ်က ကျောင်းသားများနဲ့ တွေ့ဆုံဆွေးပွဲစီစဉ်လိုက်ပါတယ်။
 
အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ပင်မ(RASU) နဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ စာသင်ခန်းများမှာ စာသင်သားတွေကင်းမဲ့ကာ ဟောင်းလောင်းဖြစ်နေပါတယ်။ စာသင်ဆောင်အပြင်ဘက် ကော်ရီတာများ၊ လမ်းဘေးအုတ်ခုံများ နှင့် ကဲန်တင်း များမှာတော့ ကျောင်းသားအစုအဖွဲ့လေးတွေနဲ့ စည်ကားနေကြပါတယ်။ တချို့ကတော့ မနှစ်ကအရေးအခင်းကိစ္စကို စမြုံ့ပြန် နေကြသလို တချို့က နောက်နာရီပိုင်းအတွင်း ဖြစ်ရှိလာနိုင်ဘွယ် ရာတွေကို နားစွင့်နေကြပါတယ်။ သည်လိုနှင့် ၁၁ နာရီခွဲခန့်မှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲ ပညာရေးဝန်ကြီး ပြဿနာ တက်နေကြောင်း တီးတိုးသတင်း တခုကြားရပါတယ်။ ၁၂ နာရီခန့်မှာ ကျနော် သမိုင်းအဆောင်ကို ပြန်လာတော့ ကျောင်းသားအများအပြားဟာ သမိုင်းအားကစားရုံထိပ်ဘက်ကနေ၊ သဘာဝသိပ္ပံတက္ကသိုလ်ဘက်ဆီကို သွားနေကြတာမြင်လို့ ကျနော်တို့လည်း လိုက်သွားကြပါတယ်။……. ကျောင်းသားများက ပညာရေးဝန်ကြီး လာရောက်ဆွေးနွေးမည့်စာသင်ဆောင်ခန်းမ နှင့်မဆန့်လောက် အောင်များပြားလွန်းနေပါတယ်။ အချိန် တန်သော်လည်းဝန်ကြီးကမလာ၊ ခန်းမပြင်ပ နေပူကျဲကျဲအောက်တွင်လည်း ကျောင်းသားများ ဇွဲရှိရှိဖြင့် ဝန်ကြီးအလာကို စောင့်ဆိုင်းခဲ့ကြပါတယ်။ တချိန်ထဲမှာ သမိုင်းအားကစားရုံထဲသို့ရွေ့ပေးဖို့ ကျောင်းသားတချို့က တောင်းဆိုကြပါတယ်။ ကျောင်းသားအများအပြားလာရောက်ကြခြင်းမှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲတွင် ဝန်ကြီးပြဿနာတက်ခဲ့သည် ဆိုသော သ တင်းစကားကြောင့် စိတ်ဝင်စား၍လာကြခြင်းဖြစ်ပုံရပါတယ်။( ကျနော်တို့လည်း ထိုနည်းလည်းကောင်းပါ)
 
ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစားရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။
 
တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီးရုတ်တရက်နေမကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် ဆွေးနွေးလျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွား တယ်လို့ ခန့်မှန်းကြပါတယ်။
 
ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။  “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။  ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။
 
ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိဿအတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။
 
မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။  ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။
 
လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။
 
တဖန် အင်းစိန်လမ်းအတိုင်း သမိုင်းချည်စက်ကို တစ်ပတ်ပတ်ရန်ချီတက်လာကြတယ်။ ထုံးစံအတိုင်း“သပိတ်.. သပိတ်….မှောက်မှောက်။ မီးဒုတ်….မီးဒုတ်.. ရှို့…ရှို့” ဟူသည့် ကြွေးကြော်သံများ။ “အင်းစိန်ထောင်ကြီး…ထပ်ချဲ့..ထပ်ချဲ့” … “ရေကြည်အိုင်လည်း ထပ်ချဲ့…ထပ်ချဲ့”…. “အမေကမွေး….ထောင်ကကြွေး” “အရေးတော်ပုံ…..အောင်ရမည်” စသည့် ကြွေးကြော်သံများကြွေးကြော်ကြတယ်။   သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါမှာတော့၊ အချို့က စက်ရုံထဲဝင်ရန်တောင်းဆို တယ်၊ ကိုတင်မောင်ဦးနှင့်အချို့က မဝင်ဖို့ပြောပါတယ်။ လာရင်းမှာချည်စက်ရုံထဲဝင်ရန် ရည်ရွယ်ချက်မပါပါ။ မိမိတို့ ဆန္ဒပြ နေကြောင်း၊ မနှစ်က ဤချည်စက်ရုံဝန်းကျင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသော အလုပ်သမားများ၊ ကျောင်းသားများ အား လေးစားဂုဏ်ပြု သောအားဖြင့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမားတို့ကို အသိပေးရန်လာခြင်းသာဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦး(ကိုတင်မောင်ဦး)ကရှင်းပြပါတယ်။ သို့သော်အများတောင်းဆိုမှုကြောင့် ချည်စက်ဝိုင်း ထဲသို့ဝင်ဖြစ်ခဲ့ကြတယ်။ ချည်စက် ဝိုင်းတွင်း ဒုတိယတံခါးပေါက်နားရောက်တဲ့အခါ (စက်ရုံတွင်းသို့မရောက်သေး) အလုပ်သမားများ နောက်ဖေး ပေါက်ကနေ အိမ်ပြန်ကြဖို့ အပြေးအလွားလုပ်နေတာကို တွေ့ရပါတယ်။  ဒါကြောင့် ကိုတင်မောင်ဦးနဲ့ ဦးဆောင်သူများက ၂မိနစ်၊ ၃ မိနစ်ခန့် တိုင်ပင်ကြပြီး ပါးနပ်စွာ နောက်ပြန်လှည့်ဖို့တိုက်တွန်းပါတယ်။ ချည်စက်ရုံအတွင်းဝင်လို့ အဖျက်အဆီးများ ဖြစ်လာခဲ့ပါက ခေါင်းဆောင်များ ၎င်းတို့ရည်ရွယ်ချက် လွဲသွား နိုင်တယ်၊ ဒါကြောင့်ပြန်လှည့်ခိုင်းခြင်းဖြစ်ပါတယ်။
 
သမိုင်းချည်စက်မှထွက်ကာ စက်မှုတက္ကသိုလ်ဘက်သို့ချီတက်ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းအား ဗဟိုသပိတ်စခန်း ဖွင့်ရန် စက်မှုကျောင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးသည်လို့ဆိုတယ်။ စက်မှုကျောင်းသားများက သဘောမတူကြောင်း သိရတယ်။ ဒါကြောင့် RASU main ဘက်သို့ပြန်လည်ချီတက်လာကြတယ်။ ဒါပေမဲ့ကျောင်းဝိုင်းထဲသို့ မဝင်သေးဘဲ မြေနီကုန်း ဘက်သို့ပတ်သွားပြန်တယ်။ ည ၁၂ နာရီလောက်မှ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမ အစောင့် ထံမှ သော့တောင်းတယ်။ တော်တော်နှင့်မရ၊ အစောင့်ကလည်း သော့ပေးလိုက်ရမလားလို့ အထက်အရာရှိထံသို့ခွင့်ပြုချက် တောင်းနေတယ်လို့ဆိုတယ်။ စိတ်မရှည်သော အချို့ ကျောင်းသားများက ဘွဲ့နှင်းသဘင်ခန်းမရဲ့လက်ျာဘက် ဘာဂျာတံခါးကို ဆွဲဖျက်လိုက် တော့မှအစောင့်က သော့လာပေးတယ်။ သို့နှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးအား သပိတ်စခန်းအဖြစ်ဖွင့်လှစ် လိုက်ပါတော့တယ်။ ကျောင်းသား ငါးရာကျော်ခန့်ရှိမယ်ထင်ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ဘွဲ့အပ်နှင်းရာစင်မြင့်ပေါ်မှနေ ကိုတင်မောင်ဦးက  စတင်ဟောပြောလေတယ်။ နေ့ခင်း ၁၂ နာရီကျော်လောက်ကတည်းက သပိတ်ကိစ္စ တောက်လျှောက် လှုပ်ရှား ဆောင်ရွက်လာတဲ့ ကိုတင်မောင်ဦးသည်၊ ည ၁ နာရီနီးပါးရှိလာပြီဖြစ်သော်လည်း ပင်ပန်းနေပုံ လုံးဝမပေါ်ပါ။ ကျနော်တို့မှာမူ ကြွေးကြော်သံအော်ရင်း အသံလည်းဝင်ကုန်ကြတယ်။၊ ဖလက်လည်းပြနေပြီဖြစ်လို့၊ သူ ဟောပြောနေတာ ကိုလည်း အာရုံလည်း မစိုက်နိုင်တော့ပါ၊ ကျနော်နှင့် ကိုကိုလေး ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားကြတယ်။
 
နံနက်သုံးနာရီ ထိုးခါနီးလောက်မှာ၊ တစ်စုံတစ်ယောက်က ကျနော်တို့ကိုလာနှိုးတယ်။ အိပ်မှုံစဖွားနဲ့ မျက်လုံးပွတ်ကြည့် လိုက်သည့်အခါ ကျောင်းသားခေါင်းဆောင် (ကိုတင်မောင်ဦး) ဖြစ်နေတာတွေ့ရတယ်။  ခန်းမတခုလုံးမှာ ကျောင်းသား ၁၅ ယောက်လောက်သာရှိတော့တယ်။ ကိုတင်မောင်ဦးက “မိတ်ဆွေတို့ ဒီမှာနေရင် ထောက်လှမ်းရေးက အချိန်မရွေး လာကုတ်သွားနိုင်တယ်၊ သူတို့လာကုတ်သွားရင် ဘယ်သူမှသိလိုက် မှာမဟုတ်ဘူး။ အဆောင်တစ်ခုခုမှာ သွားနေကြရင်တော့ လုံခြုံမယ်ထင်ထယ်၊ ..ထ… သွားကြစို့” လို့ပြောတယ်။  ဘယ်သူဘယ်ဝါတွေဆိုသည်(အမည်)ကိုတော့ ကျနော်မသိ၊ ကျနော်တို့အားလုံး (ကိုတင်မောင်ဦး) နောက်ကို လိုက်သွားတယ်။ 
 
ပဲခူးဆောင်ရောက်တော့ အောက်ထပ်မှာ၊ တချို့က လဘက်ရည်ဖျော်တိုက်တယ်။ ခနအတွင်းမှာဘဲ မမျှော်လင့်ဘဲ ကျနော် ကိုခင်မောင်ဖြူနှင့်တွေ့ လိုက်ရတယ်။ လဘက်ရည်သောက်ရင်း ကိုခင်မောင်ဖြူက ကျနော့အား ကိုတင်မောင်ဦးနှင့်မိတ်ဆက် ပေးပါတယ်။  ကိုတင်မောင်ဦးနှင့် စကားတစ်ခွန်းနှစ်ခွန်းသာပြောဖြစ်တယ်။ အထူးသဖြင့် သူက အခုအရေးအခင်းကြီးကို အောင်မြင်အောင် တက်ညီလက်ညီလုပ်ဖို့လိုကြောင်းပြောပြီး၊ တစ်နေရာကိုသွား လိုက်တယ်။ {ကိုခင်မောင်ဖြူ ဆို သူမှာ ကျနော်နှင့်တစ်မြို့ (တောင်ကြီး)တည်းသား၊ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်။ ကျနော်ကပထမနှစ်။ ၁၉၇၈ ခုနှစ်လောက်က သူ့အား ထောက်လှမ်းရေးကလိုက်ဖမ်း၍ ဗကပထံ တောခိုသွား ပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေထံမှ လည်းကောင်း၊ ၁၉၉၁ ခုနှစ် လောက်တွင် ဗကပ ဗဟိုမှ မာနယ်ပလောသို့ ဆင်းလာ သော စောဗမိုးထံမှလည်းကောင်း ကိုခင်မောင်ဖြူ (ကိုဇော်ထွန်း)မှာ တိုက်ပွဲတွင် ကျဆုံးသွားကြောင်း စိတ်မကောင်း စွာသိရှိလိုက်ရ ပါတယ်။} ကျနော် နှင့်ကိုကိုလေးမှာလည်း လဘက်ရည်သောက်ပြီးသည်နှင့် အပေါ်ထပ်သို့တက်ကာ သူများအခန်းရှေ့တွင်လိုက်ကြတယ်။ မနက် စောစောမှ ကိုယ့် အဆောင်ကို ပြန်လာခဲ့ကြတယ်။
 
 
၁၀ နာရီကျော်လောက်မှာ ကျောင်းကိုပြန်လာပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဟောပြောပွဲနှင့်စည်ကားနေတယ်။ ကို တင်မောင်ဦး အားကြိုးမာန်တက် ဟောပြောနေတာလည်းတွေ့ရတယ်။ နေ့ခင်း ပိုင်းမှာ မြို့ထဲ မဟာဗန္မွုလပန်းခြံအထိ ချီတက် ကြတယ်။ ကိုတင်မောင်ဦးနှင့် ကျောင်းသားခေါင်းများတင်ပြနေတာက အစိုးရအနေနဲ့၊ မနှစ်က အရေးအခင်းမှာ သေဆုံးသွားသူ များရဲ့စာရင်းများထုတ်ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရသူများ စာရင်းထုတ်ပြန်ပေးပြီး ပြန်လွတ်ပေးဖို့၊ ကုန်ပစ္စည်းရှားပါးလာမှု၊ ကုန်ဈေးနှုန်းတက်နေမှုများ ကိုဖြေရှင်းပေးဖို့၊ စာအုပ်စာပေများ မလုံလောက်မှု၊ ကျောင်းသားများကြုံတွေ့နေရတဲ့ အခက် အခဲများကို ဖြေရှင်းပေးဖို့တောင်းဆိုနေတာဖြစ်တယ်။  ကျောင်းသားသမဂဖွဲ့စည်းပေးရေးဟာလည်း အဓိကတောင်းဆိုချက် တစ်ခုဖြစ်တယ်။ အစိုးရ အနေနဲ့က ဒီတောင်း ဆိုချက်တွေကို ဖြေရှင်းပေးဖို့စိတ်ကူးလုံးဝ မရှိပါ။ အရေးအခင်းဖြစ်ရင် ကျောင်းတွေကိုပိတ်၊ အဆောင်တွေကိုပိတ်၊ ကျောင်းသားထုကို လူစုခွဲ၊  ခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချလုပ်ဖို့သာ စိတ်ထက်သန်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်ပြီဆိုရင် အရေးအခင်းမှာ လိုက်ပါအားပေးနေကြတဲ့ အဆောင်နေ ကျောင်းသားအများစုက မပြန်မဖြစ် အိမ်ပြန် ကြရတော့တယ်။ ကျောင်းသား ခေါင်းဆောင်များလည်း ရှောင်တိမ်းသူရှောင်ကြ၊ အဖမ်းခံရသူခံကြရပါတယ်။
 
ဆလိုင်းတင်မောင်ဦး အဖမ်းခံရခြင်း။
 
၁၉၇၆ နှစ် နှစ်စပိုင်းတွင် ကျောင်းများပြန်ဖွင့်ပါတယ်။ ဖေဖေါ်ဝါရီလကုန်ခန့်တွင် သခင်ကိုယ်တော်မှိုင်းရာပြည့် ချီတက်ပွဲ ကျင်းပရန်ရှိကြောင်း တီးတိုးသတင်းကြားလာရတယ်။ ကိုတင်မောင်ဦး ရှောင်တိမ်းနေရာမှပြန်ရောက်နေကြောင်း၊ မှိုင်းရာပြည့် အတွက် စီစဉ်နေကြကြောင်းလည်းကြားရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူရှိရာသို့ လမ်းကြောင်း ၂သွယ် ဖြင့် ချီတက်မည့် စာနှစ်မျက်နှာပါ လက်ကမ်းစာစောင်ကို ၂၁ ရက်နေ့ မနက် အဆောင်ကျောင်းသားများလက်ဝယ် အရောက်ပို့ ကြ ပါတယ်။
 
မတ်လ ၂၂ ၇က်နေ့ ညနေ ပိုင်းတွင် ကိုတင်မောင်ဦး အဖမ်းခံလိုက်ရကြောင်း၊ သတင်းစကားကြားကြရတယ်။ ဖြစ်နိုင်ချေ မရှိဟုလည်းတွက်ကြတယ်။ ည ၈ နာရီသတင်းကျေညာသည့်အခါမှ ကိုတင်မောင်ဦး အမှန်ပင် အဖမ်းခံလိုက်ရကြောင်း သေချာသွားပြီဖြစ်တယ်။ တချို့က မှိုင်းရာပြည့်မဖြစ်တော့ဘူးလို့၊ ထင်ကြတယ်။ ဒါပေမဲ့ ဖြစ်ခဲ့ပါတယ်။ ကိုတင်အေးကြူ၊ ကိုသန်းလင်း၊ ကိုဝင်းမြင့် နှင့် ၉ တန်းကျောင်းသူ မလှမြိုင် (ကိုတင်မောင်ဦးညီမ) အပါအဝင် အခြားခေါင်းဆောင်များ၏ တက် တက်ကြွကြွ ဦးဆောင်မှုကြောင့်၊ ဖြစ်ခဲ့ပါတယ်။ ထိုချီတက်ပွဲကနေ အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦး တည်သွားခဲ့ပါတယ်။ အစိုးရက ၎င်းတို့၏သုံးနေကြနည်းဗျူဟာအတိုင်း ကျောင်းများပိတ်၊ အဆောင်ပိတ်ပြီး ကျောင်းသားများ အားအတင်း အိမ်ပြန်ခိုင်းတယ်။ လူစုခွဲလိုက်ပြန်ပါတယ်။
 
မြန့်မာ့အနာဂတ်ကြယ်တစ်ပွင့်ကြွေလွင့်သွားခြင်း။
 
ပြည်တွင်းမှာ မဆလတပါတီ အာဏာရှင်စနစ်အရှိန်အဝါတက်နေချိန်၊ အဲဒီစနစ်ကို ဆန့်ကျင်လိုတဲ့ နိုင်ငံရေးခေါင်းဆောင်များ ပြားပြားဝပ်နေရချိန်၊ ဆလိုင်းတင်မောင်ဦး ဟာ အသက်အားဖြင့် ၂၅ နှစ်ခန့်သာရှိသေးပေမဲ့၊ မဆလ စနစ်ရဲ့ မှားယွင်းနေမှု၊ မတရားမှုများကို သတ္တိရှိရှိ ဆန့်ကျင်ရဲတယ်၊ ကျောင်းသားထု၊ အလုပ်သမားထုကို စည်းရုံးဦးဆောင်နိုင်စွမ်းရှိတယ် ဆိုတာ မဆလ အစိုးရ က မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်၊ ဒီကျောင်းသားလူငယ်သည် ၎င်းတို့၏(မဆလ တစ်ပါတီ) စနစ်အား အန္တရာယ်အပေးနိုင်ဆုံးသူ၊ ၎င်းတို့၏ကုလားထိုင်ကို အပြီးအပိုင်ရိုက်ချိုးမဲ့သူ (အကြောက်ရဆုံးသူ) အဖြစ်သဘောပိုက်ထား ပုံရတယ်။ ဒါ့ကြောင့်လည်း ဆလိုင်းတင်မောင်ဦးကို မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်းစိန်ထောင်မှာ အကျဉ်းနည်း စစ်ဆေးကာ၊ သုံးလခန့် အတွင်းမှာဘဲ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အားမာန် အပြည့်နဲ့ထွန်းလင်းမဲ့ ကြယ် တစ်ပွင့်၊ အာဏာရှင်လက်ချက်နဲ့ ကြွေလွင့်ခဲ့ရလေပြီ။
 
ကိုတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ရန် ခေါ်ထုတ်သွားစဉ်၊ “ရဲဘော်တို့ ငါတော့သွားပြီ မင်းတို့ဆက်တိုက်ကြ” လို့ရဲဝန့်စွာ အော်ပြောသွားခဲ့ကြောင်း၊ ၇၄ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်တိတ်(ABSDF) က ကျနော့်ကို ပြောပြ ခဲ့ဖူးပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိ ရှိမှုနဲ့ မဟုတ်မခံစိတ်၊ မတရားမှုကို ဆန့်ကျင်တဲ့စိတ်ဓါတ် အကြောင်းကို သူ့ရဲ့သူငယ်ချင်း ဖြစ်သူ ကိုအောင်ထူး က ပြောပြဖူးပါတယ်။ အဲဒါတွေကြားရတော့ သူ့ကို ကျနော် နဂိုလေးစားနေတာထက် ပိုပြီးလေးစားမိပါ တယ်၊ ပို၍နှမျော တသ သူကြုံး မရ ဖြစ်မိပါတယ်။
 
 
သူရဲကောင်း သေရိုးထုံးစံမရှိ
 
အာဏာရှင် ဦးနေဝင်း အစိုးရအနေနဲ့ ကျောင်းသားခေါင်းဆောင် (ခေါင်ကို) ကိုဖြိုလိုက်ရင်၊ အားလုံးငြိမ်သွားပြီး ၎င်းတို့ရဲ့ (မှားယွင်းတဲ့) စနစ်ကြီး ရေရှည်တည်တံ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမဲ့ ၁၉၈၈ မှာတော့ ကျောင်းသားများ ဦးဆောင်ကာ ဦးနေဝင်းရဲ့ မဆလ စနစ်ကြီးကို၊ ရာသက်ပန် ဖြိုဖျက်ပစ်လိုက်ကြတာကို ဦးနေဝင်း မျက်ဝါးထင်ထင် တွေ့မြင်သွားရပါတယ်။ ကျောင်းသားမျိုးဆက်များက ဆလိုင်းတင်မောင်ဦးမှာခဲ့သလိုဆက်တိုက်ကြခြင်းဖြစ်တယ်။ ကမ္ဘာတည်သ၍ ကျောင်းသားနဲ့ ကျောင်းဆိုတာရှိနေမှာပါဘဲ။ ကျောင်းရှိနေသမျှ၊ ကျောင်သားသမိုင်းရှိနေသမျှ၊ သတ္တိပြောင်မြောက်သော၊ လေးစားထိုက် သော၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတစ်ယောက်၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဇာနည် သူရဲ ကောင်းအဖြစ်၊ ရာသက်ပန် အမည်တွင်ကျန် ရှင်သန်လျှက်ရှိနေမည်သာ။
 
 
၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့
 
ဆလိုင်းတင်မောင်ဦး နှင့် တကွ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် အသက်ပေးလှူသွားကြသူများအား အလေးပြုလျှက်
 
(ဝင်းမောင်)
၂၆ ရက်၊ ဇွန်လ၊ ၂၀၁၁။

No comments:

Post a Comment