တက္ကသိုလ် တွေကနေ ဘွဲ့တွေ ဒီဂရီတွေ တသီကြီး ရထားပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ပညာရပ်အလိုက် စိုက်လိုက်မတ်တပ် လုပ်ကိုင်ခြင်း၊ အမြဲတန်း လေ့လာဆည်းပူးနေခြင်း၊ သုတေသန ပြုလုပ်ခြင်း စတာတွေကို ဆက်မလုပ်တော့ဘူး ဆိုရင် ကျွမ်းကျင်သူ ပညာရှင်လို့ သတ်မှတ်ဖို့ ခက်ခဲပြန်ပါတယ်။ ဒါမျိုးကို သံချေးတက်ပညာရှင် လို့ နောက်ပြောင်ခေါ်လေ့ ရှိပါတယ်။
လူ့အဖွဲ့အစည်း တခုအတွင်းမှာ ကျင်လည်ရတဲ့ ပတ်သက်ရတဲ့ နယ်ပယ်အမျိုးအစားပေါင်း မရေတွက် နိုင်လှအောင် များပြားပါ တယ်။ အဲသည့် အထဲမှာမှ အထူးသဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် စောက်ချပြီး အထူးပြုလေ့လာ လိုက်စားတဲ့ လူပုဂ္ဂိုလ်မျိုး ကို ကျွမ်းကျင်သူ (သို့မဟုတ်) ပညာရှင်လို့ ခေါ်ဝေါ်သတ်မှတ် ကြပါတယ်။ ဒီနေရာမှာ ပြောလိုတာ တခုရှိပါတယ်။ ဒါကတော့ ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုံးကို သိသလိုမျိုး တတ်သလိုမျိုး ပြောဆိုကျင့်ကြံနေတဲ့ လူမျိုးကိုတော့ ပညာရှင် စစ်စစ်မှန်မှန် ဖြစ်တယ်လို့ အများက မသတ်မှတ်ပါဘူး။ တချို့ကတော့ ပညာရှင်ဆိုတာ တက္ကသိုလ်ကြီး တွေကနေ ဘွဲ့တွေ တသီတတန်း ရရှိထားမှ ပညာရှင် ဘောင်ဝင်တယ်လို့ သတ်မှတ်ပါယ်။ ဒီအယူအဆဟာ ထိုက်သင့်သလောက်ပဲ မှန်ပါတယ်။ ထိုက်သင့် သလောက်ပဲ မှန်တယ်ဆိုတာက ဒီလိုပါ။ တက္ကသိုလ် တွေကနေ ဘွဲ့တွေ ဒီဂရီတွေ တသီကြီး ရထားပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ပညာရပ်အလိုက် စိုက်လိုက် မတ်တပ်လုပ်ကိုင်ခြင်း၊ အမြဲတန်း လေ့လာဆည်းပူးနေခြင်း၊ သုတေသန ပြုလုပ်ခြင်း စတာတွေကို ဆက်မလုပ်တော့ဘူး ဆိုရင် ကျွမ်းကျင်သူ ပညာရှင်လို့ သတ်မှတ်ဖို့ ခက်ခဲပြန်ပါတယ်။ ဒါမျိုးကို သံချေးတက် ပညာရှင်လို့ နောက်ပြောင်ခေါ်လေ့ ရှိပါတယ်။
နောက်တချက်ကတော့ ပညာရှင်ဆိုတာ ဘက်မလိုက်ရဘူးလို့ ဆိုထားပါတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေဟာ သူတို့ တတ် ကျွမ်းတဲ့ ပညာရပ်ကို အသုံးပြုပြီး လူသားတွေကို တတ်နိုင်တဲ့ဖက်က ကူညီစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ လူသားတို့ကို ကြေပြုန်းစေမယ့် ကိစ္စမျိုးကို ရှောင်ရှားဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကျွမ်းကျင်သူ ပညာရှင် တွေဟာ လူသားတို့ အတွက် ရေရှည်မှာ အကျိုးယုတ်စေတဲ့ ကိစ္စရပ်များအတွက် အရှိကိုအရှိအတိုင်း တင်ပြဖို့ တာဝန် ရှိပါတယ်။ ဥပမာ တင်ပြ ရမယ်ဆိုရင် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဟာ လူတွေ၊ နိုင်ငံသားတွေအတွက် ရေရှည်မှာ ထိခိုက်စေမယ့် ကိစ္စတွေကို ကြိုတင် သိထားရဲ့သားနဲ့ အကျိုးစီးပွား တခုခုကိုငဲ့ပြီး အုပ်ချုပ်သူတွေဖက်က၊ စီးပွားရေး ကုမ္ပဏီကြီးတွေဖက်က ဘက်လိုက်ပြီး တင်ပြတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တလောက ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် စက်မှုဇုံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အီတဲလ်ထိုင်း ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာပညာရှင်တဦးက ပြောခဲ့တာ တခုရှိပါတယ်။ ဒီထားဝယ် စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကိုရော ဒေသခံပြည်သူတွေအတွက်ပါ မထိခိုက် စေပါဖူးတဲ့။ တရုတ်ကျွမ်းကျင်သူ ပညာရှင်တွေ တွက်ချက်ကြည့်တော့ ဘာမှများများစားစား ထိခိုက်စရာ မရှိဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ပါ့မလား။ ကျနော့် အနေနဲ့ကတော့ ယုံကြည်ဖွယ်ရာ မရှိဖူးလို့ ပြောလိုပါတယ်။ ထိုင်းနိုင်ငံ အစိုးရ ကတောင် သူတို့ဆီက မဲ့တဖွတ်စက်မှုဇုံမှာ စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဒေသခံတွေဟာ ကင်ဆာ အပါအဝင် ရောဂါဘယတွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ဝန်ခံထားပြီးပြီ။ အခု ဆောက်မယ့် ထားဝယ်စက်မှုဇုံ က ထိုင်းတို့ရဲ့ မဲ့တဖွတ်စက်မှုဇုံထက် ဆယ်ဆလောက် ကြီးပါတယ်။
စိတ်မကောင်းစရာ တခုက ကျနော်တို့ မြန်မာနိုင်ငံ သမိုင်းတလျှောက်မှာလည်း မြန်မာပညာရှင် မျိုးစုံဟာ အုပ်ချုပ်သူတွေ အတွက် ဘက်လိုက်ခဲ့ကြတယ်။ ဥပမာအားဖြင့် ပဒေသရာဇ်ခေတ်က စာပေ၊ သမိုင်း၊ ဘာသာရေး ပညာရှိအများစုဟာ ဘက်လိုက် ခဲ့တာကို တွေ့ရပါတယ်။ ဘယ်သူ့ဖက်ကို လိုက်တာလဲဆိုတော့ အုပ်ချုပ်တဲ့ ရှင်ဘုရင်တွေအတွက် ဘက်လိုက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရင်တွေရဲ့ ဘုန်းလက်ရုန်းနဲ့ တန်ခိုးသြဇာကြီးပုံ၊ အာဏာစက် ကျယ်ပြန့်ပုံ၊ တရားသောမင်းဖြစ်ပုံ စတာတွေသာ အများစုလိုဖြစ်ပြီး လွှမ်းမိုးခဲ့ပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူ ဘုရင်ဟာ ဗုဒ္ဓသာသနာတော်ကို ရိုသေ ကိုင်းရှိုင်း ပြီး သာသနာ ပြန့်ပွားရေးအတွက် ကြိုးပမ်းပုံတွေလည်း အများအပြား ပါဝင်နေပါတယ်။
ဘယ်ဘုရင်လက်ထက်မှာ အုပ်ချုပ်တဲ့ စံနစ် မကောင်းလို့၊ ဘုရင်ဟာ အမျက်မာန်စောင် ကြီးမားလို့၊ အခွန်တွေ အလွန် အကျွံကောက်လို့၊ ခဏခဏ ဘေးနိုင်ငံတွေကို စစ်တိုက်ထွက်လို့ တိုင်းသူပြည်သားတွေ ဘယ်လို ဒုက္ခရောက်ကြရတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းမျိုးကို အဲဒီခေတ်က ပညာရှင်တွေက ရေးလေ့မရှိတဲ့အတွက် ရှာလို့တောင် မလွယ်ကူပါဘူး။ နောက်တချက် ကတော့ ဘုရင်တွေ လိုက်နာအပ်တဲ့ မင်းကျင့်တရား ဆယ်ပါးဆိုတာ ကျနော်တို့ ယဉ်ကျေးမှုမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက် တွေ့မှာတော့ ဘုရင်တွေဟာ မင်းကျင့်တရားဆယ်ပါးကို မလိုက်နာပါဖူး။ ပြည်သူကို နှိပ်စက်တယ် ဆိုတာမျိုး တိတိလင်းလင်း မှတ်တမ်းတင် ရေးသားထားတဲ့ အထောက်အထားမျိုးလည်း မရှိသလောက်ပါ။ ပဒေသရာဇ်ခေတ် တလျှောက်လုံးမှာ ရဲဝံ့တဲ့၊ အမှန်ကိုအမှန်အတိုင်း တင်ပြရေးသားတဲ့ ပညာရှိမျိုး အနည်းအကျဉ်း လောက်တော့ ပေါ်ထွန်းခဲ့ ဖူးပါတယ်။ ယောအတွင်းဝန် ဦးဖိုးလှိုင်လို ပညာရှိမျိုးပါ။ ဒါပေမယ့် ဘုရင့်အာဏာစက်ကို မလွန်ဆန်နိုင်တဲ့အတွက် အဲသလို ပညာရှိမျိုးတွေရဲ့ ကြိုးပမ်းမှု တွေဟာ အကျိုးသက်ရောက်မှု နည်းခဲ့ရပါတယ်။ ဒီဖက်ခေတ်မှာတော့ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းဟာ အုပ်ချုပ်သူ အလိုကို မလိုက်တဲ့ပညာရှင်အဖြစ် ထင်ရှားပါတယ်။
ကိုင်း ရှေးတုန်းက အကြောင်းတွေ ပြောအပြီးမှာ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလအတွင်းမှာ စစ်အစိုးရက ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နေပြီလို့ ပြောခဲ့ပါတယ်။ အခုလက်ရှိ အစိုးရသစ်ကလည်း ဈေးကွက်စီးပွားရေးကို ဆက်လက် အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်များနဲ့ သူတို့ရဲ့ စီးပွားဖက်တွေ (မြန်မာစီးပွားဖက်ကော နိုင်ငံခြားဖက်စပ်ကော) တိုင်းပြည်ရဲ့ သယံဇာတတွေကို အဆင်အခြင်မဲ့ ထုတ်ယူရောင်းခြနေတာကို အဲသလို မလုပ်သင့်ဖူးလို့ ချက်ကြလက်ကြ အကြံပေး ဝေဖန်ထောက်ပြတဲ့ မြန်မာ ပညာရှင်တွေ မရှိသလောက် ရှားပါးပါတယ်။ တချို့ကတော့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့် အောင်နေ နောင်မှာ တဖြည်းဖြည်း ခြင်း နားသွင်းယူတာပေါ့ ပြောင်းယူတာပေါ့ဆိုတဲ့ လမ်းစဉ်ကို လိုက်ပါတယ်။
တချို့မြန်မာ ပညာရှင် ဆိုသူတွေ ကြတော့လည်း နေရာတကာ အကုန်ဝင်ပါပါတယ်။ အနာဂတ် စီးပွားရေး ပေါ်လစီဆိုတဲ့ ကိစ္စတွေ၊ ဆင်းရဲမွဲတွေမှု လျှော့ခြရေးဆိုတဲ့ ကိစ္စတွေ၊ နိုင်ငံရေး ပဋိပက္ခ ဖြေရှင်းရေးဆိုတဲ့ ကိစ္စတွေ၊ လယ်ယာစိုက်ပျိုးရေး ပြန်လည်မြှင့်တင်ရေးဆိုတဲ့ ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စ အရပ်ရပ်တွေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စတွေ အစရှိတဲ့ ကိစ္စအားလုံးမှာ ဝင်ပါကြတယ်။ အမှန်တကယ် ဖြစ်သင့် တာက ကိစ္စရပ်တိုင်း နေရာတိုင်းမှာ ဝင်ပါနေမယ့်အစား မိမိကျွမ်းကျင်တဲ့ နယ်ပယ်၊ မိမိတလျှောက်လုံး ဆည်းပူး လေ့လာ နေတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေ အတွင်းမှာပဲ လက်တွေ့ကြကြ ပါဝင်ပူးပေါင်း ဆောင်ရွက်မှ တိုင်းပြည်အတွက် ပိုပြီး အကျိုး ရှိမယ်လို့ ထောက်ပြ လိုပါတယ်။
တဆက်ထဲမှာလည်း မြန်မာပညာရှင်များအနေနဲ့ ရဲရဲရင့်ရင့် ထောက်ပြဝေဖန်သင့်တဲ့ ကိစ္စများလည်း ရှိနေပါသေးတယ်။ အဲတာ တွေကတော့ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်ဆောက်တဲ့ ကိစ္စတွေရဲ့ ဆိုးကျိုးတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အကြီးစားစက်မှုဇုံ လုပ်ငန်းတွေ တည်ဆောက်ရာက တိုင်းပြည်မှာ ရေရှည်အတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ဒါတွေကို သေသေချာချာ ထောက်ပြဝေဖန် အကြံပြုဖို့ လိုပါတယ်။ အခုတော့ မြစ်ဆုံကိစ္စက ရပ်ထားလိုက်ပြီ။ ပညာရှင်တွေ လူသိ ရှင်ကြား ပြောတယ်လို့ တော့ မကြားမိလိုက်ပါ။ အဲသလိုပဲ လယ်သမားတွေရဲ့ လယ်မြေယာမြေတွေကို စစ်တပ်နဲ့ စီးပွားရေး ကုမ္ပဏီတွေ ပေါင်းပြီး သိမ်းယူနေတာကိုလည်း ရပ်တန့်ဖို့လိုကြောင်း ထောက်ပြသင့်ပါတယ်။ အစိုးရသစ်က လယ်ယာ စိုက်ပျိုးရေးကို ပြန်လည် ဦးမော့ လာအောင် ဆောင်ရွက်မယ်လို့ ပြောခဲ့တာ အားလုံးလည်း မှတ်မိကြမှာပါ။ လယ်ယာ စိုက်ပျိုးရေး ပြန်လည်ဦးမော့ လာဖို့ ဆိုတာက လယ်သမားတွေကို အကူအညီမပေးဘဲ၊ အကာအကွယ် မပေးဘဲ မဖြစ်နိုင်ပါ။ တကယ်တန်း လယ်လုပ်နေတဲ့ လယ်သမားတွေသာ လယ်ယာစိုက်ပျိုးရေး ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်ပေးနိုင်တဲ့ သူတွေဖြစ်ပါတယ်။
နောက်တချက်ကတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်မှာ အခုထက်ပိုပြီး တိုးတက်ဖွံ့ဖြိုးလာအောင်၊ နိုင်ငံတကာ ကလည်း အပြန်အလှန် လေးစားလာအောင် ခေတ်နဲ့ မဆီလျှော်တော့တဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီး ခေတ်နဲ့ကိုက်ညီတဲ့ ဥပဒေများနဲ့ ပြန်လည်အစားထိုးဖို့ ပညာရှင်များဖက်က တညီတညာထဲ အစိုးရသစ်ကို တိုက်တွန်းဖို့ အကြံပေးဖို့လိုပါတယ်။ အဲသလိုမှမဟုတ်ဘဲ အခု အစိုးရသစ်လုပ်နေဟာ အရင်စစ်အစိုးရ လုပ်ခဲ့တာတွေထက် ပိုကောင်း တယ်ဆိုပြီး ထောက်ခံနေရုံနဲ့တော့ မလုံလောက်ပါလို့ ပြောလိုပါတယ်။
အစိုးရသစ်ကို နိုင်ငံရေးအရ တိုက်ခိုက်ဝေဖန်ဖို့ ဆိုလိုခြင်း မဟုတ်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အမှန်တကယ် ဦးမော့လာဖို့ အတွက် မြန်မာပညာရှင်များ၊ ကျွမ်းကျင်သူများက ဘက်မလိုက်ဘဲ သက်ဆိုင်ရာ နယ်ပယ်အလိုက် အရှိကို အရှိအတိုင်း ရဲရဲဝံ့ဝံ့ အကြံပြု ဝေဖန်ဖို့ လိုကြောင်း ပြောလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး အကောင်းဖက်ကို ဦးတည်ပြောင်းလဲဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြသလို၊ ဆက်လက်ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။ မြန်မာ ပညာရှင်များ ဖက်မှလည်း ဘယ်သူ့ဖက်မှ ဘက်မလိုက်ဖဲ တိုင်းပြည်အကျိုးအတွက် ရဲရဲကြီး ဆောင်ရွက်တာကလည်း အထူး အရေးကြီး ပါကြောင်း။
ဇော်မင်း
၁၈ ရက် ဇန်နဝါရီလ ၂ဝ၁၂ (Copyright@komoethee.blogspot.com)

No comments:
Post a Comment