Tuesday, January 24, 2012

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဝင်းမော်နှင့် မေးမြန်းချက်

ဒီဗွီဘီသတင်းထောက်၊ ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင်
ကိုဝင်းမော်

၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပြီး  ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ကို ပေးပို့ခဲ့တဲ့  ဂီတသမား ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်ဟာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံနေရာက   ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်မှာ ကျောက်ဖြူထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
 
သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေ၊ ယုံကြည်ချက် ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံးအနေနဲ့ ကိုဝင်းမော် စအဖမ်းခံရတဲ့အချိန် ၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ ထင်တယ်။ အဲဒီနေ့မှာ ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရတယ်ဆိုတာကို ပြောပြပေးပါလား။

“ကျနော်အဖမ်းခံရတာ Moon Bakery လက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာပါ။ မြို့ထဲက ဆူးလေဘုရားလမ်းမှာ စရဖ ကလူတွေ၊ နာမည်တွေတော့ မသိတော့ဘူး။”
  
နောက်တော့ ဘယ်ကိုခေါ်သွားလဲ။

“၉ မိုင်လို့ ကြားတယ်။ သေချာ မသိရဘူး။ မျက်စိတွေဘာတွေ ပိတ်ပြီးတော့ ခေါ်သွားတာ။”


အဲဒီမှာ စစ်ကြောရေး ရိုက်နှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိပါသလား။

“ကြီးကြီးမားမားတော့ မရှိဘူးဆိုပေမယ့် နည်းနည်းတော့ ရှိတယ်။ အဖွဲ့အစည်း ပေါင်းစုံ စစ်တာကို၊ ကျနော့်ကို အက်စ်ဘီက ထင်တယ်။ တချို့အဖြေလေးတွေ သူတို့လိုချင်တာ မပေးလို့ဆိုပြီး ခေါင်းကို လက်သီးနဲ့ ထိုးတာတော့ ရှိတယ်။ တခြား ကျနော့်ထက် ဆိုးတဲ့လူတွေတော့ ရှိသေးတယ်။ ဥပမာ ကိုမင်းကိုနိုင်ရဲ့ ညီ ကိုမျိုးအောင်နိုင်တို့ ဘာတို့ဆိုရင် လက်မောင်း နှစ်ဖက်လုံးပြုတ်ပြီး အင်းစိန်ထောင်ကို ရောက်လာတာ။ အဲလိုမျိုးတွေတော့ ရှိတယ်။”

နောက်တော့ သံတွဲထောင်ကို ရောက်သွားပြီးမှ ကျောက်ဖြူထောင်ကို ရောက်သွားလား။

“ဟုတ်တယ်။ အဲဒီမှာ အမိန့်ချပြီးတော့ ထောင်ကိုပြန်မပို့ဘဲ သံတွဲကိုပို့တယ်။ သံတွဲကနေ ၀န်ထမ်းတွေ၊ အရာရှိတွေ အပြောင်းအလဲဖြစ်ပြီး ကျနော်တို့ ၅ ယောက် အုပ်စုကို ထောင်တွေ ခွဲပြီး ပို့လိုက်တယ်။ တချို့က ဘူးသီးတောင်ထောင်၊ တချို့က စစ်တွေ ရောက်တယ်။ ကျနော်က ကျောက်ဖြူကို ရောက်တယ်။”

ဘယ်သူတွေနဲ့ အဓိက အနီးကပ်နေခဲ့ရလဲ။

“သံတွဲမှာဆိုရင် မျိုးရန်နောင်သိမ်း (အခုဗေဒါဖောင်းဒေးရှင်း)နဲ့ တခန်းတည်း အတူနေခဲ့ရတယ်။ ဟိုဘက်ခန်းမှာဆိုရင် စမ်းချောင်း ကိုကိုကြီး၊ ငွေကြာယံ ဆွမ်းစားကျောင်း ဆရာတော်ဦးဇာနိယနဲ့ နေခဲ့ရတယ်။ ဒါက သံတွဲမှာပေါ့။ ကျောက်ဖြူရောက်တော့ ဇော်ထက်ကိုကို၊ ဇော်မင်း (ခ) ဘောင်းဘောင်း၊ နောက် ဦးစိုင်းလှအောင် (ရှမ်းပြည်) က ၇၉ နှစ် ကျတဲ့ လူပေါ့။ သူတို့နဲ့ အတူတူ နေခဲ့ရတယ်။ လွတ်တော့လည်း အတူတူ လွတ်လာတယ်။”

သူတို့နဲ့ အတူနေခဲ့ရတဲ့အချိန်မှာ အစ်ကိုအနေနဲ့ အမှတ်တရ တခုလောက် ပေးလို့ရမလား။

“ကောင်းတာ ပြောရမယ်ဆိုရင်တော့ သံတွဲထောင်မှာ ကျနော်နဲ့ ဆရာကြီး ဦးမြင်လွင်နဲ့က ၁၀ ရက်စခန်းတွေ စပြီးလုပ်ပေးခဲ့တယ်။ ထောင်ပိုင်နဲ့ညှိပြီးတော့ ထောင်ထဲမှာ တခြားအကျဉ်းသား ရာဇ၀တ်မှုသမားများပါ ဖတ်လို့ရအောင် စာအုပ်တွေ လှူပေးခဲ့တယ်။ တရားစခန်းတွေ စပြီးဖွင့်ပေးခဲ့တယ်။ ကောင်းတာလေးတွေ လုပ်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရောက်တုန်း ကျနော်တို့ထဲကနေ ကိုဇေယျာဦးတို့ဆိုတာ ဗကသကို အင်္ဂလိပ်စာ သင်ပေးမှုနဲ့ ကျတဲ့ ဂျာနယ်လစ်တွေ ရှိတယ်။ သူတို့တွေနဲ့ ကျနော်တို့နဲ့ ညှိပြီးတော့ အကျဉ်းသားတွေကို အင်္ဂလိပ်စာ သင်ပေးတာ၊ ကွန်ပျူတာသင်ပေးတာ။ အဲဒါမျိုးတွေ နောက်ဆုံး ရာဇ၀တ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေ အတွက်ဆို `အ´သုံးလုံး သင်ပေးဖို့ ကျောင်းလေးတွေ ဖွင့်ပေးဖို့တွေ ကျနော်တို့နဲ့ ထောင်ပိုင်ကြီးနဲ့ အဲဒီထောင်ပိုင် တာဝန်ခံအရာရှိက ကောင်းတော့ ညှိပြီးတော့ ထောင်တွင်း တိုးတက်ရေးတော့ အများကြီး လုပ်ပေးဖြစ်ခဲ့တယ်။ အဲဒါတော့ သံတွဲထောင်ပေါ့။”

၉၆ ခု နိုဝင်ဘာလက ကျတုန်းက ထက်စာရင် အခုတကြိမ် ကျတာက တော်တော်ပြောင်းလဲ ကွာခြားသွားပြီလို့ ပြောလို့ရပြီပေါ့။

“ဒါကတော့ ပြောလို့ရပါတယ်။ ပြောလို့ရတယ်ဆိုတာက  အစိုးရဘက်က သူတို့ဘာသူတို့ ပြောင်းလဲချင်လို့ ပြောင်းလဲလာတာတွေ ဘာတွေလည်း ရှိကောင်းရှိမယ်။ သို့သော် ၉၆ ခုနှစ်မှာ တော်တော် ဆိုးသေးတယ်။ နိုင်ငံရေး အကျဉ်းသားက ထောင်ထဲတွေမှာ အရိုက်အနှက်တွေ ခံနေရတယ်။ ညှဉ်းပန်း နှိပ်စက်ခံနေရတာ ကျနော်တို့ မျက်စိရှေ့တင်။ ၉၉ ခုနှစ်လောက်ကစပြီး အိုင်စီအာစီက ထောင်တွေထဲကို ၀င်ခွင့်ရပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း တိုးတက်လာတယ်။ ဥပမာ မိလ္လာစနစ်၊ ကျန်းမာရေးစနစ်၊ ဆေးဝါးကုသမှု စနစ် အကုန်လုံးပါပဲ။ အစစအရာရာပဲ။ အရင် ၉၆ တုန်းက ကျနော်တို့ ထောင်ထဲ ရောက်တုန်းက ဘုရားစာအုပ်တောင် မဖတ်ရဘူး။ စာအုပ်နဲ့ ပတ်သက်ရင် ဘာစာအုပ်မှ မဖတ်ရဘူး။ ဘာစာရွက်၊ ဘာဘောလ်ပင်မှ မကိုင်ရဘူး။ ဘာမှရှိလို့ မရဘူး။”

ကိုဝင်းမော် ပထမအကြိမ် ထောင်ကျတုန်းက ကိုမွန်းအောင်ဆိုတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းခွေမှာပါတဲ့ `ဧည့်ဆိုး´ သီချင်း၊ နောက် အေအေပီပီက နောက်ဆုံးထုတ်ခဲ့တဲ့ `ချယ်ရီ´ သီချင်းတို့ ထောင်ထဲမှာ ဖန်တီးဖြစ်ခဲ့တယ်။ အခုကော အဲဒီလို သီချင်းမျိုးကော ထောင်ထဲမှာ ရေးဖြစ်ခဲ့လား။

“ရေးဖြစ်ခဲ့ပါတယ်။ ပထမ တခေါက်တုန်းကတော့ ဂစ်တာတွေ ဘာတွေ သိပ်အဆင်မပြေဘူး။ ကိုယ့်ဘာကိုယ် လုပ်ရတာ။ ဒီတခေါက်တော့ တာဝန်ခံ အရာရှိတွေကို တင်ပြပြီးတော့ သံတွဲမှာ ဂစ်တာတွေ ဘာတွေပါ တောင်းခွင့်ရတယ်။ ထောင်ပိုင်ကိုယ်တိုင်က ဂစ်တာဝယ်ပေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဘ၀တူ အကျဉ်းသားတွေကို ပြန်သင်ပေးခွင့် ရခဲ့တယ်။ အဲဒီမှာ ဂစ်တာလေးရှိတော့ ပိုရေးဖြစ်တာပေါ့။”

ဘယ်သီချင်းလဲ။ နာမည်လေး ပြောပြပေးလို့ ရမလား။

“ကျနော် ဒီတခေါက် we shall over come ဆိုတာ မာတင်လူသာကင်းကို ဂုဏ်ပြုထားတဲ့ သီချင်းလေးရှိတယ် မူရင်း။ အဲဒါလေးကို ဘာသာပြန်ပြီးတော့ မြန်မာမှုပြုခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်ငူမှာတုန်းက Freedom from Fear ဆိုတာကို ကျောင်းသားလေးတွေ ၂ ယောက်၊ ၃ ယောက်လောက် ပေါင်းရေးထားတာ ရှိတယ် အင်္ဂလိပ်လို။ အဲဒါကို ဒီတခေါက် အထဲထဲ ကျမှပဲ မြန်မာမှုလေး ပြန်ပြုပြီးတော့ ရေးစပ်ခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကို မှီငြမ်းထားတာ။ ရှင်သန်လွတ်မြောက်ခြင်းလို့ ပေးထားတယ်။ ဒီဗွီဘီက ၂၀၀၇ တုန်းက တောက်လျှောက်လွှင့်နေတဲ့ ကော်နီ သီချင်းကလည်း တောင်ငူမှာ ရေးခဲ့တာ။ အဲဒါတွေအားလုံးက ပြန်ထွက်မှ အကုန်လုံး အချောလုပ်မှာလေ။ ပထမ ဒီမိုဗားရှင်းတွေပဲ ပေးထားတာတွေက တချို့သူငယ်ချင်း မိတ်ဆွေတွေက တင်ပေးတာ ပေး။ ဖေ့စ်ဘုတ်ပေါ် တင်ပေးတာတင်၊ သတင်းဌာနတွေ ပို့တာပို့၊ အဲလို လုပ်ပေးကြတယ်။”

ဂီတာသမား တယောက်ကနေ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတယောက် ဖြစ်ခဲ့တယ်။ နောက် ဗွီဒီယို သတင်းသမား အဖြစ် ပတ်သက်ပြီး ထောင်တွေကျခဲ့တယ်။ ဘာကြောင့် ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာလဲ ခင်ဗျာ။

“တိုတိုလေး ပြောရင်တော့ နိုင်ငံသားတိုင်းက ဒီမိုကရေစီမှာ တာဝန်ရှိကြတာပဲလေ။ ဘယ်သူမဆိုပေါ့။ အဲဒီမှာ ကျနော်တို့ ဂီတာသမား တယောက်မှာလည်း တာဝန်ရှိတာပဲ။ ကျနော်တို့ဆို ဒီဟာကြီးကို ရဖို့တောင်းဆိုမယ်၊ ပူးပေါင်းဆောင်ရွက်ကြမယ်။ တော်လှန်ရေးတွေလုပ်ကြ၊ အဲဒါကြောင့် ဒီအသီးအပွင့်တွေက  နောင်တချိန်မှာ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရမှာလေ။ လူတိုင်းမှာ တာဝန်ရှိတာပေါ့။ အဲဒီအတွက်ပါ။ ဒါကတော့ တိုတိုလေး ပြောလိုက်တာပေါ့။ ကျနော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးကို ဦးထိပ်ထားတဲ့ သံဃာတော်တွေကို လမ်းမပေါ်မှာ ရက်ရက်စက်စက် လုပ်နေတာတွေကို ကျနော်တို့ မြင်ရတဲ့အခါမှာ ဒါတွေကျတော့လည်း မခံစားနိုင်ဘူး။ ဒီအတွက် ကျနော်တို့ မီဒီယာအနေနဲ့ ၀င်ရောက် ပါဝင်ပြီးတော့ ဒီဗွီဘီကို သတင်းတွေပေးပို့တယ်။ ဒါက ကမ္ဘာ့မိသားစုကြီးကို သိစေချင်လို့ ကျနော်တို့ လုပ်နေကြတာ။ ကျနော်တို့တွေက သတင်းထောက်သက်သက် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့က နိုင်ငံအတွက် တာဝန်တခု ထမ်းဆောင်ကြမယ်လို့ လုပ်ကြတာ။ ပိုဆိုးတာက ရတနာသုံးပါးထဲက တပါးကို ရက်ရက်စက်စက် ချေမှုန်းတာကြီးကို ကျနော်တို့ မကြည့်ရက်ဘူး။ ကျနော်တို့ဆို ဗွီဒီယို တည်းဖြတ်လုပ်ရင်းနဲ့ မျက်ရည်တောင်ကျတယ်။ အဲဒီအကြောင်းတွေ သမီးကို ပြောပြတော့ သမီးရဲ့ သမ္မတကြီးထံ အိတ်ဖွင့်ပေးစာထဲမှာ အဲဒီအကြောင်းလေးတွေ ပါလာပါတယ်။”

အစ်ကို ပေးပို့ခဲ့တဲ့ မှတ်တမ်းတွေနဲ့ပဲ ဘားမားဘီဂျေ ရုပ်ရှင်မှတ်တမ်းဆိုပြီး ကမ္ဘာမှာ တော်တော် အောင်မြင်ခဲ့တယ်။ အော်စကာ နောက်ဆုံးစကာတင် အဆင့်တောင်မှ ပါခဲ့တယ်။ ဒါကြောင့်လည်း အစ်ကိုအနေနဲ့ ထောင်ဒဏ်တွေပိုပြီး အပြစ်ပေးခံရတာလည်း ကြားရတယ်။ ဒီအပေါ်မှာ အစ်ကိုအနေနဲ့ ဘယ်လိုမျိုး ခံစားခဲ့ရလဲခင်ဗျ။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အစ်ကိုရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍ။

“အဲဒီတုန်းက ကျနော်တို့က ဒီဗွီဘီအတွက် ပြည်တွင်းမှာရှိတဲ့ လူတွေ ရိုက်ကြတဲ့အချိန်မှာ ကျနော်တို့လူငယ်တွေ အုပ်စုလေးတွေ ရှိတယ်။ အကုန် ရိုက်ကြတယ်။ ကျနော်တို့ ကတ်တွေက ရန်ကုန်မှာတော့ အများဆုံးပေါ့။ နေရာလေးတွေ တာဝန်ခွဲပြီး ယူကြတယ်။ မြို့ထဲဆူးလေမှာ ဂျပန်ကြီး သတင်းထောက် အပစ်ခံရတဲ့ ကတ်က ကိုအောင်ကြီးတို့၊ အဲလိုမျိုးပေါ့။ ကျနော်က ဘုရားပေါ်မှာ တာဝန်ယူထားတယ်။ တချို့တွေက ငွေကြာယံဘက်၊ အဲလိုပေါ့။ ဖြစ်နေတဲ့ နေရာတွေမှာ လူစုတွေခွဲပြီး လုပ်ကြတော့ အစိတ်အပိုင်းတွေ အားလုံးက တနည်းတဖုံနဲ့တော့ အဲဒီကတ်တွေ အားလုံးကတော့ ပြန်သုံးထားကြတယ်။ ဆိုလိုတာက အဲဒီအတွက်က တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အဓိကတော့ စစ်အစိုးရတွေရဲ့ မတရား လုပ်ရပ်တွေကို ကမ္ဘာ့မိသားစုကြီး သိအောင် လုပ်ကြတာပဲ ဆိုတော့ ကောင်းပါတယ်။ အောင်မြင်သွားတယ်ဆိုတာ ကျနော်တို့လည်း ကျေနပ်တာပေါ့။ ကျနော်တို့ကို နှစ် ထပ်တိုးတာတို့၊ နိုင်ငံတော်အစိုးရကနေ ကျနော်တို့ကို ပိုပြီိးအငြိုးတွေ ကြီးသွားတာတို့ ဒါတွေကတော့ ဖြစ်လာလည်း မတတ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ ဒီမှာ ဒီလို ရက်ရက်စက်စက် ကျူးလွန်မှုကြီး တခုက ဖြစ်ခဲ့တယ်ဆိုတာ ကမ္ဘာ့မိသားစုကြီး သိဖို့တော့ အရေးကြီးတယ်လေ။ အဲဒါကြီး သိသွားတယ်ဆိုရင် ကျနော်တို့ တာဝန်ကျေတယ်လို့ အဲလိုခံစားရတယ်။”

နောက်ဆုံး ကျနော်မေးချင်တာက ကိုဝင်းမော်အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာလုပ်သွားမလဲ။ ဂီတသမားအဖြစ်ပဲ ဆက်လက် ရပ်တည်သွားမလား။ ရွှေသံစဉ် တီးဝိုင်းကိုပဲ ပြန်ပြီးတော့ ထူထောင်သွားမလား။ ဒါမှမဟုတ်ရင် ဗွီဒီယို သတင်းထောက်အဖြစ် ရပ်သွားမလား။

“အဓိကတော့ ကျနော်တို့ ပရော်ဖက်ရှင်နယ်က ဂီတပဲလေ။ ဂီတကို ဆက်လုပ်မှာပါ။ ဒါပေမယ့် ဟိုးကတည်းက အောင်မြင်ခဲ့တဲ့ အလင်္ကာဆိုပြီးတော့ ကျနော် တီးခဲ့သေးတာကို၊ ပထမအကြိမ် ပြန်လွတ်လာတော့။ ရွှေသံစဉ်နာမည်ကို သုံးခွင့်မပေးဘူး။ အဲဒီအတွက် အလင်္ကာဆိုပြီး ထောင်ခဲ့တာ။ ခုတော့ တော်တော် ပွင့်လင်းလာပြီဆိုတော့ ကျနော်တို့ ရွှေသံစဉ်နာမည်နဲ့ ပြန်သုံးဖို့ နိုင်ငံရေးလောကက သူငယ်ချင်း မိတ်ဆွေတွေကော၊ ဂီတလောကက မိတ်ဆွေတွေ အားလုံးက တိုက်တွန်းကြတဲ့အတွက် အခု ရွှေသံစဉ်နာမည်နဲ့ လာမယ့် ၂ ရက်နေ့လား၊ ၄ ရက်နေ့လား မသိဘူး။ မျှော်စင်ကျွန်းမှာ မဖြူဖြူသင်းရဲ့ အေအိုင်ဒီအက်စ် ရန်ပုံငွေပွဲကနေစပြီးတော့ ရွှေသံစဉ်နာမည်နဲ့ ပြန်တီးဖို့ လုပ်ထားတယ်။ ဂီတတော့ အဓိက နံပါတ်တစ်ပေါ့။ ကျန်တာတော့ ခဏနည်းနည်းလေး နားချင်သေးတယ်။ မိသားစုနဲ့ နားချင်သေးတယ်။ ကျနော့်အဖေဆိုရင် အသက် ၈၉ နှစ်ရှိပြီ။ ကျနော့်မိဘတွေနဲ့ မိသားစုနဲ့ ခဏနွေးနွေးထွေးထွေး။ သားသမီးတွေနဲ့ ဆိုရင်လည်း ပထမအကြိမ်၊ ဒုတိယအကြိမ် ၂ ကြိမ်လုံးမှာ ၁၀ နှစ်လောက် ခွဲခွာနေခဲ့ရတာဆိုတော့ သူတို့နားမှာ ခဏလောက်တော့ နေပေးချင်တယ်။”(DVB)

No comments:

Post a Comment