Saturday, September 8, 2012

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း

* မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း အစည်းအရုံး၊ leven Media Group နဲ့ ၀ါရင့်သတင်းစာဆရာ တချို့က ထင်မြင်ချက်၊ ဝေဖန်ချက် ပေးထားတာတွေ ရှိနေပါတယ်။ ၀န်ကြီးအနေနဲ့ ဝေဖန်ထင်မြင် ချက် တွေကို ဘယ်လိုပြန်လည်ပြောကြား ချင်ပါသလဲ။ အမြုတေ စာနယ်ဇင်း ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိချင်ပါတယ်။


ကျွန်တော့အနေနဲ့ ၀န်ကြီး စဖြစ်တယ် ဆိုတာနဲ့ ကျွန်တော့ခေါင်းထဲမှာ ရောက် လာတဲ့ ဦးစားပေးလုပ်ငန်းကတော့ ဒီစာနယ်ဇင်း ကောင်စီပေါ့လေ၊ အများယုံကြည်လက်ခံနိုင်တဲ့ စာနယ်ဇင်း ကောင်စီတစ်ရပ် ဖြစ်မြောက်လာရ အောင်၊ ဒီစာနယ်ဇင်းကောင်စီက ကောင်းမွန်စွာ၊ မျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းထဲမှာ စဉ်းစား မိပါတယ်။


ဒါက ဒီ စာနယ် ဇင်းကောင်စီ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ကျွန်တော် စတင်လေ့လာတဲ့အပိုင်းပေါ့ လေ။ ကျွန်တော်တို့ နိုင်ငံပေါင်း ၇၀ မှာ ရှိတဲ့ ဒီလိုဖွဲ့စည်းမှုမျိုးတွေကို လေ့လာခဲ့ ပါတယ်။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ တခြားအဖွဲ့အစည်းတွေမှာရော ဘယ်လို ဖွဲ့စည်း သလဲဆိုတာလည်း လေ့လာခဲ့ ပါတယ်။


လေ့လာခဲ့တဲ့အခါမှာ ဒီ Self-regulatory Press Council ဆိုတဲ့ သဘောက ကိုယ့်ဘာသာကိုယ် ပြဋ္ဌာန်း ပြီးတော့ ထိန်းကျောင်း လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းလို့ ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ စံချိန်နှုန်းထားတွေ နဲ့ လျော်ညီမယ့် ကောင်စီတစ်ရပ်ဖြစ်ပေါ် လာရအောင် ဘယ်လိုအားပေးကူညီပေး ရမလဲဆိုတဲ့ အလားအလာကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ စိတ်ကူး ထားပါတယ်။


ဒီစာနယ်ဇင်းကောင်စီဟာ အများ ယုံကြည်လက်ခံနိုင်လောက်တဲ့ စည်းမျဉ်း စည်းကမ်းတွေချမှတ်ပြီး ကိုယ့်ဘာသာကိုယ် ထိန်းကျောင်းစီစဉ်သွားတဲ့ ပုံစံနဲ့ပဲ ဆက်လက် ရှင်သန်ဖွံ့ဖြိုးသွားလိမ့်မယ် လို့ ကျွန်တော်မြင်ပါတယ်။


* မြန်မာနိုင်ငံ စာနယ်ဇင်း အသိုင်း အ၀ိုင်းမှာ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းဥပဒေ နဲ့ ပတ်သက်ပြီး 'မရှိသင့်တော့ဘူး' ဆိုတဲ့ မေးခွန်းဝေဖန်ချက်တွေ ထွက် ပေါ်လာနေပါတယ်။ ၀န်ကြီးအနေနဲ့ ဘယ်လိုတုံ့ပြန် ပြောကြားလိုပါ သလဲ။


၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေ သူများ မှတ်ပုံတင်ခြင်းဥပဒေဟာ အခု ခေတ်မှာ ဆက်လက်သုံးစွဲသွားဖို့ မသင့် ဘူးလို့ ကျွန်တော် သဘောတူပါတယ်။ အခု ကျွန်တော်တို့ မူကြမ်းရေးဆွဲထားတဲ့ Print Media Law မူကြမ်းကို ကျွန်တော် Review လုပ်ကြည့် ပါတယ်။ Review လုပ်တဲ့အခါမှာ အဲဒီမူကြမ်းထဲမှာ ၁၉၆၂ ဥပဒေနဲ့ပတ်သက်ပြီး Repeal လုပ်ထားတာ တွေ့ရပါတယ်။ မီဒီယာဥပဒေ အသစ် ထွက်လာရင်တော့ ၁၉၆၂ ဥပဒေ ဟာ ရုပ်သိမ်းပြီးဖြစ်သွားမယ်လို့ ပြောလို့ ရပါတယ်။


* လက်ရှိ အချိန်မှာ မီဒီယာဥပဒေကြမ်း ကို လွှတ်တော်ကို တင်ပြဖို့ရှိနေတဲ့ အခြေအနေက ဘယ်တော့လောက် ဖြစ်နိုင်ပါသလဲ။အဲဒီဥပဒေထွက် လာဖို့ ခန့်မှန်းချိန်ကိုသိလိုပါတယ်။


ဒီမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက် ပြီး ကျွန်တော် Review လုပ်နေတယ်။ Review လုပ်တဲ့အခါကျတော့ မဆုံးဖြတ် နိုင်သေးတဲ့ နည်း လမ်းနှစ်ခု ကျွန်တော် တွေ့နေရတယ်။ ပထမနည်းလမ်းကတော့ ရချင်လို့၊ မြန်မြန်လေး အကောင်အထည်ပေါ်ချင်လို့ ဒီတိုင်းပဲ ဆက် တင်ပေးတဲ့ နည်းလမ်းပေါ့။ သူ့ Process အတိုင်း ဖြစ်ပေါ်ပြီးသွားမယ့် နည်းလမ်းပေါ့။ နောက်နည်းလမ်းတစ်ခုကတော့ သက်ဆိုင်ရာ ဂျာနယ်လစ်တွေကိုချပြ ဆွေးနွေးပြီးမှ ပြင်သင့်တာတွေကိုပြင်၊ ဖြည့်သင့်တာတွေဖြည့်ပြီး ပိုမိုပြီးတော့မှ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီတဲ့ ဥပဒေ တစ်ရပ်ဖြစ်လာအောင် လုပ်သွားမလား ဆိုတဲ့ နည်းလမ်းပါ။


ဒီနှစ်ခုကို ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ဒီဝန်ကြီးဌာနကို ရောက်တာလည်း မကြာ သေးဘူး၊ ဒီလိုကိစ္စမျိုးက အလျင်စလို ဆုံးဖြတ်ဖို့မသင့်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော် အချိန်ယူပြီး စဉ်းစားနေပါ တယ်။ ဒီဥပဒေ ထွက်လာနိုင်မယ့်အချိန်ဟာလည်း ကျွန်တော် အခုစဉ်းစားနေမှု အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် စဉ်းစားတဲ့အခါမှာ မြန်မြန် ဆန်ဆန် လုပ်သွားခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့် အကျိုးအမြတ်နဲ့ ဒါနဲ့ပတ်သက်ပြီး Journalist တွေနဲ့ ပြန်လည်တိုင်ပင် ဆွေးနွေးပြီး ဆွေးနွေးခြင်းအားဖြင့် သူတို့ Idea တွေ ရလာမယ်။


ထပ်ရလာ မယ့် Idea တွေနဲ့ ပေါင်းစပ်ပြီးမှ စနစ်တကျ ဆက်တင်ဖို့အတွက် အချိန် တော့ ပိုပေးရမယ်။ ကျွန်တော့စိတ်ထဲမှာ တော့ ပိုမိုကောင်းမွန်တဲ့အဖြေတစ်ခုကို ရလာမယ်လို့ ကျွန်တော် မျှော်လင့်ထား ပါတယ်။ ဒီနှစ်ခု ဘယ်ဟာကို Priority ပေးရမလဲ ဆိုတာကို တော့ ကျွန်တော် စဉ်းစားတုန်းပါပဲ။ မဆုံးဖြတ်ရသေးပါဘူး။ သုံးသပ်နေဆဲ ပဲရှိပါတယ်။ ဘယ်တာ့ပြီးမလဲ၊ ဘယ်အချိန်လောက် မီဒီယာဥပဒေ ထွက်လာမလဲဆိုတာ တော့ ကျွန်တော့အနေနဲ့ မပြောနိုင်သေး ပါဘူး။


ခုနက ပြောတဲ့ Process နှစ်ခုပေါ့။ ဒီနှစ်ခုထဲက ဘယ်အရာကို ရွေးချယ်ရ မလဲ၊ ရှိပြီးသားအရာနဲ့ မြန်မြန်ဆန်ဆန် ဆက်လိုက်မယ် ဆိုရင်တော့ ပိုမြန်တာပေါ့။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကျွန်တော့စိတ်ထဲမှာ သိပ်ပြီးတော့ ဘ၀င် မကျချင်ဘူး။ ဒီထက် ပိုမိုပြီး တော့ ကောင်းမွန်တဲ့ဥပဒေ၊ ဒီထက် ပိုမိုပြီးတော့ နိုင်ငံတကာစံနှုန်းထားနဲ့ ပြည့်စုံစေ လိုတဲ့စေတနာ ကျွန်တော့မှာ ရှိနေပါတယ်။ ဒါပေမယ့် အများရဲ့ မြန်မြန်ရချင်တဲ့ ဆန္ဒကလည်း ရှိနေတော့ ဒီပေါ်မှာ အခြေပြုပြီး အကျိုးအပြစ်ကို စဉ်းစား ချင့်ချိန်ဖို့ လိုနေပါသေး တယ်။ ဒါကြောင့် မို့ ဘယ်တော့ ဒီဥပဒေထွက်မယ်၊ မထွက်ဘူးဆိုတာကိုတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။


* အဲဒီဥပဒေသစ် မထွက်လာခင် အချိန်မှာ နေ့စဉ်သတင်းစာထုတ် ခွင့်ကို ပုဂ္ဂလိက ကဏ္ဍကို ခွင့်ပြု ပေးဖို့ အခြားသော အစီအစဉ်များ ရှိပါသလား။


ကျွန်တော့ရဲ့ သဘောထားက နေ့စဉ် ထုတ်သတင်းစာဆိုတာ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ မဖြစ်မနေ ရှိရမယ့် အင်္ဂါရပ် တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ဒါကြောင့်မို့ ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထွက်ပေါ်လာရေးကို ကျွန်တော်တတ် နိုင်သလောက် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။


ဒါပေမယ့် ဒီလိုနေ့စဉ် သတင်းစာ မထွက်လာသေးခင် စပ်ကြားမှာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ အပိုင်းလေးတွေ ရှိပါ တယ်။ အထူးသဖြင့် institution အပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလျင်အမြန် ဆောင်ရွက်နေပါတယ်။ အဲဒါလေးတွေ ဆောင်ရွက်ရာမှာ အားလုံးပြီးရမယ်လို့ မဟုတ်ပါဘူး၊ အထိုက် အလျောက်ပေါ့လေ။ အားလုံး အဆင်သင့် ဖြစ်လောက်ပြီဆိုရင် ကျွန်တော်တို့ သတင်းစာထုတ်ခွင့်ကို ပေးသွားမှာဖြစ် ပါတယ်။


ကျွန်တော်တို့ဘက်ကလည်း အဲဒီလို ပြင်ဆင်နေသလို သတင်းစာ ထုတ်လုပ်လိုတဲ့ ပုဂ္ဂိုလ်များဘက်က လည်း ပြင်ဆင်နေလို့ရပါတယ်။ ပြင်ဆင်တယ်ဆိုရင် ကြိုတင်ပြီးတော့ တွက်ချက် နိုင်အောင် ကျွန်တော့ရဲ့ estimation ပဲ ပြောရမှာပေါ့။ ခန့်မှန်းသုံးသပ်ချက် အရပဲ ပြောရမှာပဲ။ institution တွေ ပြုပြင် ပြောင်းလဲတဲ့နေရာမှာ အသေး စိတ် ဆွေးနွေးရမယ့်အချို့ကိစ္စတွေ ရှိနေ ပါတယ်။


ဂျာနယ်လစ်တွေနဲ့ ဆွေးနွေးရ မယ့်ကိစ္စတွေပါမယ်။ အချို့အရာတွေ ကို ပြုစုရဦးမယ့်ကိစ္စတွေ ရှိနေတယ်။ ဥပမာအားဖြင့် မီဒီယာ ဥပဒေကလည်း ထွက်လာဖို့ ကြာဦးမယ်ဆိုလို့ရှိရင် (မြန်မြန်ဆန်ဆန် ပြီးမယ်ဆိုရင် တစ်မျိုးပေါ့)၊ ကျွန်တော်တို့က Code of practice ဆိုတာတွေ ရအောင် လုပ်ကြမလား။ သဘောကတော့ အဲဒါလေးရပြီးသွားပြီ ဆိုလို့ရှိရင် ကျွန်တော်တို့ Ethics နဲ့ ပတ်သက်တဲ့ Standardization တွေ ရအောင်လုပ်ဖို့ လိုဦးမလား။ အဲဒါတွေကို ကျွန်တော်တို့ မဆွေးနွေးရသေးပါဘူး။ အမှန်တော့ အဲဒါကို ခေါင်းထဲ မှာ စဉ်းစား နေတာပါ။


ဘာပဲဖြစ်ဖြစ် အဲဒီလိုအပိုင်း တွေကိုလုပ်ဖို့ လိုနေသေးတယ်။ အဲဒီ အပိုင်းတွေပြီးပြီ၊ အထိုက်အလျောက် အထိ ဖြစ်ပြီဆိုရင် ကျွန်တော့် စိတ်ထဲမှာတော့ ရှေ့နှစ်ဆန်းလောက်မှာတော့ ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီအလုပ်တွေကို ပြီးအောင် လုပ်ချင် တယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့ မရဘူး။ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ရဦးမယ်။ Journalist တွေ၊ သက် ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ရဦးမယ်။


ဒါကြောင့် အတိအကျ Schedule နဲ့ ပြောလို့ မရပါဘူး။ အဲဒီအပိုင်းတွေ လုပ်ရင် ideas တွေက အမျိုးမျိုးကွဲထွက်လာ မှာရှိတယ်လေ။ Compromising process နဲ့ ပြန်လုပ်ရမှာတွေ ရှိနေတယ်လေ။ အဲဒါကိုတော့ ကျွန်တော် သဘောကျပါတယ်။ ဘယ်တော့ဖြစ်ဖြစ် အလုပ် တစ်ခုမှာ ကိုယ့်တာဝန်နဲ့ ကိုယ့်အပိုင်းတွေ ကနေပြီး စဉ်းစားကြ၊ ငြင်းခုံကြ၊ ၀ိုင်းဝန်းပြီးတော့မှ အများပြည်သူအတွက် အကျိုး ကျေးဇူးဖြစ်မယ့် နည်းလမ်းကို စဉ်းစားရင်းကနေ တဖြည်းဖြည်း အလုပ်ကို လုပ်သွားချင်ပါတယ်။


နဂိုကတည်းက converging idea တစ်ခုတည်းနဲ့ သွားတာမျိုး ကျွန်တော်မဖြစ်ချင်ပါဘူး။ ideas အမျိုးမျိုးနဲ့ တတ်နိုင်သမျှ ဖွင့်ထုတ် လိုက်ချင်တယ်။ ideas တွေအားလုံးကို စုစည်း ပြီးတော့မှ လုပ်ချင်တယ်။ ကျွန်တော်တို့ ရဲ့ Focus က ပြည်သူ့အတွက်ပဲ။ နိုင်ငံတော် သမ္မတကြီးကလည်း ကျွန်တော်တို့ သွားမယ့်လမ်းကြောင်းဟာ ပြည်သူကို ဗဟိုပြုတဲ့ လမ်းကြောင်းဆိုတာကို ကြေညာပြီးသားပဲ။ ပြည်သူလူထု အတွက်ကို အားလုံးပြန်စဉ်းစားကြမယ် ဆိုရင် ပြန်စုစည်းသွားလိမ့်မယ်။ အဲဒီလို စုစည်းသွားမှ လိုအပ်တဲ့ကိစ္စတွေကို လုပ် တဲ့ပုံစံမျိုးကို ကျွန်တော်သွားမြင်တယ်။


အဲဒါကြောင့် အတိအကျ ဘယ်နေ့ဖြစ် မယ်ဆိုတာ ကျွန်တော်ပြောလို့မရဘူး။ သို့ပေမယ့် နေ့စဉ်သတင်းစာလုပ်လိုတဲ့ လူတွေ မျှော်မှန်း လို့ရအောင် အကြမ်းဖျင်း အဲဒီ estimation ကို ကျွန်တော်ပြောတာပါ။ နောက် နှစ်ဆန်း စောစောပိုင်းမှာ နေ့စဉ်သတင်းစာ ထုတ်ဝေ ခွင့်ကိစ္စ ဖြစ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်သွားပေးပါမယ်။


* ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ နေရာအတွက် တာဝန်ယူရပါတော့မယ်။ အဲဒီအချိန်ရောက်ရင် မြန်မာနိုင်ငံ မီဒီယာ ကဏ္ဍအနေနဲ့ ကျန်အာဆီယံနိုင်ငံတွေနဲ့ တန်းတူ မီဒီယာလွတ်လပ်ခွင့်မျိုး အဆင့် အတန်းရှိလာနိုင်ဖို့ ဘယ်လိုအစီအစဉ်မျိုးများ ချမှတ်ထားပါသလဲ။ အခုအချိန်မှာ ရော နိုင်ငံခြားသတင်းစာ ဆရာများ ပြည်ဝင် ခွင့်နဲ့ပတ်သက်ပြီး ယခင်အခြေအနေနဲ့မတူ တဲ့ ဘယ်လိုစီမံမှုမျိုးတွေ လုပ်ဆောင်ထားပါ သလဲ သိပါရစေ။


အာဆီယံ Standard ဆိုတာလည်း ကောင်းပါတယ်၊ ကျွန်တော့အနေနဲ့ အမှန်အတိုင်းပြောရရင် နိုင်ငံတကာအဆင့်အတန်းအထိကို ကျွန်တော် မှန်းပါတယ်။ ခင်ဗျားတို့လည်းတွေ့ပါမယ်၊ ကျွန်တော် အလုပ်သမားဝန်ကြီးဌာနမှာ တစ်နှစ် နဲ့ခြောက်လလောက် လုပ်ခဲ့ ပါတယ်။ အဲဒီကာလ မှာ ကျွန်တော်တို့ ဥပဒေ ငါးခုရေးခဲ့တယ်။ အဲဒီ ထဲမှာ သုံးခုကို လွှတ်တော်က အတည်ပြုပြီးလို့ ထုတ်ပြန်နိုင်ခဲ့ တယ်။ အဲဒီဥပဒေတွေအားလုံးကို ခင်ဗျားတို့ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာ အဆင့်ကိုမီတယ်လို့ အပြည်ပြည်ဆိုင်ရာ အသိုင်း အ၀ိုင်းက သတ်မှတ်တဲ့အနေအထားမှာ ရှိပါတယ်။


အခုလည်း အဲဒီသဘောလိုပါပဲ။ အဲဒီလိုဖြစ်လာအောင် ကျွန်တော်တို့က အပြည် ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ညီတဲ့ ဥပဒေတွေကို ပြုစုဖို့ လိုပါတယ်။ လေးစားလိုက်နာရမယ်။ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒီပုံစံနဲ့ ကျွန်တော်လုပ်သွားပါ မယ်။ အဲဒီတော့ ၂၀၁၄ ဆိုရင် နောက်ထပ် ကျွန်တော်အလုပ်လုပ်ဖို့ တစ်နှစ်ခွဲလောက် ကျန်ပါသေးတယ်။ ဒီလိုလုပ် တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော် ယုံကြည် တယ်။ ကျွန်တော့မှာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလ အတွေ့အကြုံရှိခဲ့လို့ပါ။


ဒါကြောင့် အနာဂတ် တစ်နှစ်ခွဲကာလမှာ ကျွန်တော်တို့ လုပ်ဆောင်သွားမယ့် မီဒီယာကဏ္ဍရဲ့ စံညွှန်းတွေဟာ အာဆီယံထက် မလျော့ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ပြည်ဝင်ခွင့်ဗီဇာတို့ ဘာတို့ကိစ္စဟာ ပြဿနာ မရှိတော့ပါဘူး၊ လွတ်လွတ်လပ်လပ် သွားလာ လို့ ရနေတာပါပဲ။ တကယ့်နိုင်ငံတကာအထင်ကရ journalist တွေလည်း လွတ်လွတ်လပ်လပ် သွားလာ ၀င်ထွက်နေကြတာပါပဲ။ ပိုပြီးတော့ လည်း လွတ်လပ်ခွင့်တွေရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


* နိုင်ငံပိုင်မီဒီယာတွေရဲ့ ကဏ္ဍနဲ့ပတ်သက်ပြီး အခုထက်ပိုမို ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းတွေ ထည့်သွင်းဖော်ပြဖို့ အစီအစဉ်ရှိ ပါသလား။


အဲဒါကလည်း ကျွန်တော့မှာရှိတဲ့ area of interest ပေါ့ဗျာ။ ဒါနဲ့ပတ်သက်လို့တော့ သိပ်များများ ပြောစရာမလိုတော့ပါဘူး။ လာမယ့် တစ်လ၊ နှစ်လအတွင်းလောက်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလုပ်ရုံ တွေ၊ စက်ရုံတွေကို ကျွန်တော် လိုက်လံကြည့်ရှု ခဲ့ပါတယ်။ အဲဒီလို သွားရောက် ကြည့် ရှုရာမှာ ကျွန်တော် သူတို့ကိုပြောပြတဲ့အချက်ကတော့ နှစ်ချက်ပါပဲ။ တစ်အချက်ကတော့ ကျွန်တော်တို့ဟာ နိုင်ငံတော် သမ္မတကြီး ချမှတ်ထားတဲ့ မူဝါဒ အတိုင်း ပြည်သူလူထုကိုဗဟိုပြုဖို့၊ ဦးစားပေးဖို့ ဆိုတဲ့ အပိုင်းပါ။


ဘယ်ကိစ္စကိုမဆို စဉ်းစားတိုင်း ပြည်သူလူထုရဲ့အကျိုးကို ဦးစားပေးဖို့ပါပဲ။ ကျွန်တော်တို့ ၀န်ကြီးဌာနကလည်း Public service ပဲလေ။ ပြည်သူ့ဝန်ဆောင်မှုဌာန၊ အများ ပြည်သူအကျိုးအတွက် ဘယ်လိုအကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီလိုစဉ်းစားရာမှာ သတင်းစာ ပြုပြင်ပြောင်းလဲတယ်ဆိုရာမှာ လိုအပ်တဲ့ တကယ့်သတင်းမှန်တွေကို အမြန်ဆုံး၊ အကောင်းဆုံးအခြေအနေ ရောက်အောင် ဖော်ပြပေးရမယ်။


ပြည်သူလူထုကို ဗဟိုပြု စဉ်းစားတဲ့ ပုံစံပေါ့လေ။ ပြည်သူလူထုကို အရည် အသွေးအကောင်းဆုံး၊ ဈေးနှုန်းအသက်သာဆုံး၊ သတင်း ပိုင်းမှာလည်း ချက်ချင်းသတင်း ရလာတဲ့ပုံစံမျိုးနဲ့ ဖော်ပြပေးနိုင်အောင် ၀န်ဆောင်မှုကို ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်အောင် မှာကြားခဲ့ပါတယ်။ ဒုတိယအချက်ကတော့ ပြောင်းလဲမှုပါ။


ကျွန်တော်လည်း ပြောင်းလဲမှုအကြောင်းနဲ့ စာအုပ်ရေးခဲ့ပါတယ်။ ကျွန်တော် ရေးခဲ့တဲ့ အထဲမှာ 'ကိုယ်ကိုယ်တိုင် မိမိအဖွဲ့အတွက် ပြောင်းလဲမလား၊ ဒါမှမဟုတ် လူအများရဲ့ ပြောင်းလဲခြင်းကို ခံယူမလားဆိုတာ ပါပါ တယ်။ ဒါက ကျွန်တော်ပြောနေကြ စကားပါပဲ။ ၀န်ထမ်းတွေကို ဒီအတိုင်းပဲ ပြောထားပါတယ်။ ဖြစ်နိုင်သမျှ ပြည်သူကို ဗဟိုပြု တဲ့နည်းလမ်းနဲ့ စဉ်းစားပေးပြီး ကိုယ့်အဖွဲ့အစည်းကို သိသိသာသာ အကျိုးကျေးဇူးရှိအောင်၊ တိုးတက်ဖြစ် ထွန်းအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေနဲ့ ပတ်သက်ပြီးကတော့ လပိုင်းအတွင်းမှာ ပြောင်းလဲသွားမှာပါ။


* ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ရော အစီအစဉ်ရှိပါသလား။


ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်ဆောင်မယ့်အပိုင်း ရှိပါတယ်။ အစိုးရကပဲ တာဝန်ယူရမယ့်ကိစ္စမှမဟုတ်ဘဲ။ ဒီကိစ္စက အကုန်လုံး ၀ိုင်းလုပ်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။
 
ဇော်မြင့် တွေ့ဆုံမေးမြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
REF: The Myanmar Times
Posted by Admin-HWH
 

No comments:

Post a Comment