Saturday, October 30, 2010

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ )

 (မောင်မောင်ဝမ်း)

ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကတော့တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။

နောက်ထပ်တစ်ခါ ၀ိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်နဲ့ ကျနော်တို့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှု့ဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘ၀ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီးပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ -လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

Saturday, October 23, 2010

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ (အပိုင်း - ၄)

(မောင်မောင်ဝမ်း)

”နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့။ ဦးနှောက်နဲ့လုပ်ပါ.....” တဲ့ ။

ကျနော်စဉ်းစားကြည့်မိတယ်၊ အမိနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး၊စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့အတွက် တိုက်ပွဲဝင်တဲ့သူများကို လေ့လာကြည့်တဲ့အခါ နှလုံးသား ခံစားရတာတွေက ပိုများကြပါတယ်။ စနစ်ကိုက ဒီလိုဖြစ်အောင် အကြောင်းဖန်လာတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုမှာ ခါးသီးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ပါ။ ခံစားမှု့မပါဘဲနဲ့လည်း ဒီမိုကရေစီတော်လှန်ရေး ပေါ်ပေါက်နိုင်စရာအကြောင်းမရှိပါဘူး။

တခါ အန်တီစုရဲ့ အဲဒီအချိန်ကာလက အနေထားကို သုံးသပ်ကြည့်မယ်ဆိုရင် ပူပူနွေးနွေး အကျယ်ချူပ်က လွတ်လာခါစ၊ နိုင်ငံရေးလမ်းကြောင်းမှာဆိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပေါ်ကို ဦးတည်နေတဲ့ အချိန်၊ မိမိရဲ့နာကျင်မှု့တွေ ၊ ခါးသီးမှု့တွေကို ခ၀ါချလို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကျိုးစီးပွား မျက်နှာတစ်ခုထဲကိုပဲ ကြည့်ပြီး ဦးနှောက်နဲ့တွေးခေါ်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကိုဆိုလိုတာပါ။

Friday, October 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ (အပိုင်း -၃)

( မောင်မောင်ဝမ်း )

၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ( ရှစ်လေးလုံးလူထုအရေးတော်ပုံနှစ်ပါတ်လည်နေ့ ) အန်တီစုရဲ့နေအိမ်မှာ ကျနော်တို့ ( တကသ ) ကျောင်းသားတွေနဲ့ အန်တီ တွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ်စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဒီထဲမှာထူးထူးခြားခြား ကနေဒါနိုင်ငံက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့ အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင်စိတ်ရှည်စွာထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လိုကြေငြာချက် ကို ဦးဝင်းထိန်ကဖတ်ပြတယ်။ အဓိက အချက်ကိုထုတ်ပြပါဆိုရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးမှသည် တွေ့ဆုံဆွေးနွေးရေးဆီသို့ ဆိုတဲ့ ဦးတည်ချက်ပါပဲ။


Saturday, October 9, 2010

ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ( ၁) နှင့် ( ၂)

( မောင်မောင်ဝမ်း )
 
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစုလို့ပဲခေါ်ပါတယ်။ သူ့ကိုသတိစထားမိတာ ၁၉၈၀ကျော် ကာလ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါရဲ့၊ ဦးအောင်ကြီးက ပေဖူးလွှာမဂ္ဂဇင်းကနေ အခန်းဆက်တွေကိုရေးနေတော့ အန်တီအကြောင်းကိုစသိခဲ့ဘူးပါတယ်။ ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ အန်တီလူထုရှေ့ကိုစထွက်လာတာ အားလုံးလည်းအသိပါပဲ။ အဲဒီအချိန်က ကျနော် သူ့ကိုသတိထားမိတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အဖြစ်နဲ့ပဲသတိထားခဲ့မိတာပါ။ နောက် ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Friday, October 8, 2010

ဗာလနံစစ်မိစ္ဆာ နအဖ ဇာတ်ပျက်တော်လှန်ရေး ဗျိုရိုကရက် ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ ဟိုလူ

ရဲဘော်ကျော်သန်း

သုံးပွင့်တော့ ဆိုင်နေကြပြီ။ ဗမာတွေကို ထာဝရစစ်ကျွန်ဇာတ်သွင်းဖို့ အစီအမံအတွက် ဆိုပါတော့။ အစကတော့ ဗမာဗိုလ်ချုပ်တွေ သတ္တိနည်းတာကို သိပေမယ့် စစ်သားတွေဆိုပြီး ဒီလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဗမာ့သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အဖျက်စွမ်းတွေနဲ့ မျိုးဖျက်စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအဆင့် မိစ္ဆာသန်းရွှေစစ်အုပ်စုက သူရဲဘောအကြောင်ဆုံး လုပ်ရပ်နဲ့ အမျိုးဂုဏ်သိက္ခာကို ထပ်ပြီး ချပြလိုက်ပြန်ပြီ။ အဲဒါက တော့ သူတို့အပိုင်အနိုင် မယူနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရွေးကောက်ပွဲမလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တာပါ။ မိစ္ဆာသန်းရွှေ စစ်အုပ်စုဟာ သူတို့ရဲ့ကိုယ်ပွား ကြံ့ဖွတ်ပါတီကို သေချာပေါက်အနိုင်ရဖို့ တခြားပြိုင်ဘက် ပါတီတွေကို ကြိုးအမျိုးမျိုးနဲ့ ချည်တုပ်ထားတဲ့ ကြားထဲက အခုလို မသေချာတဲ့ နယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အိမ်နီးချင်းနိုင်ငံတွေဆီက ရွေးကောက်ပွဲလွန် ကာလအတွက် ကြိုတင်ကတိကဝတ်တွေ စကားအပေးအယူတွေ ရထားပြီးသားပါ။ ကပ်ပေါင်း စုံသင့်နေတဲ့ ဗမာပြည်ပြဿနာနဲ့ ပတ်သက်ရင် အိမ်နီးချင်းတွေရဲ့ သဘောထားက မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသလားတော့ မသိပါဘူး။ ဒီလောက် မတော်မတရား လုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆိုးသည်၊ ကောင်းသည် ဘာဝေဘန်ချက်မှမပေး ရေငုံနှုတ်ပိတ်နေကြတယ်။ သွယ်ဝိုက်ပြီး ထောက်ခံတဲ့ သဘောပေါ့။ တရုတ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိစ္ဆာသန်းရွှေကိုယ်တိုင်သွားပြီး ရှင်းလင်းညှိုနှိုင်းနေတယ်။ တရုတ် အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲ ဒေါ်လာသန်းပေါင်း ငါးထောင်ကျော်ပေးပြီး ရွေးကောက်ပွဲကို တဖက်လှည့် ထောက်ခံပြလိုက်တယ်။

ထင်ရောင်ထင်မှား ကမ္ဘာကို ရင်မခုန်ခဲ့ကြသောသူများ ( သို့မဟုတ် )--------

အောင်မိုးဝင်း

တရုတ်နိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ “လူလျှောင်ဘို ” တယောက် နိုဘယ်ငြိမ်းချမ်းရေးဆုဆွတ်ခူးသွားတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ဦးညွတ်အလေးပြုဖို့လိုလိမ့်မယ်။ နိုင်ငံရေးစံနစ်ပြောင်းလဲဖို့ စာတမ်းတင်သူတွေကို ရာဇဝတ်သားတယောက်အဖြစ်ဆက်ဆံပြီး နှစ်ရှည်ထောင်ဒဏ်ချခဲ့တဲ့နိုင်ငံတခုရဲ့ နိုင်ငံရေးစံနစ်မှာ အားနည်းချက်တွေသေချာပေါက်ရှိနေတယ်ဆိုတာကို ဒီအဖြစ်အပျက်တွေကမီးမောင်းထိုးပြခဲ့တယ်။ တကယ်တော့ ကိုယ့်အစိုးရက ကိုယ့်ပြည်သူကို နှိပ်စက်ဖိနှိပ်တဲ့ အလေ့အထ ဆိုတာ နယ်ချဲ့လို့ခေါ်ဆိုခံနေရတဲ့ နိုင်ငံတွေမှာမတွေ့ရပါဘူး။ ဒီနိုင်ငံတွေမှာက ဒီမိုကရေစီရှိသလို၊ လူသားဆန်ဆန် တန်ဘိုးထားဆက်ဆံခံရတယ်။ အဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်ပါတယ် လို့ဟစ်ကြွေးခဲ့ဘူးတဲ့ နိုင်ငံတွေဟာ ကိုယ့်ရဲ့ပြည်သူကိုသစ္စာဖောက်၊ နှိပ်စက်မှုတွေကျူးလွန်လိုက်ပြီဆိုရင်တော့ ပြန်လည်ပေးဆပ်မှုတွေကိုလည်း ကြုံတွေ့ရပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုလုပ်ရပါလိမ့်မယ်။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပမ်းခံနေရတဲ့ သူတွေအားလုံး လွတ်မြောက်နိုင်ကြပါစေ။ မိသားစုတွေနဲ့ပြန်လည်ပေါင်းစည်းဆုံတွေ့နိုင်ကြပြီး ပွင့်လင်းလွတ်လပ်တဲ့ ကမ္ဘာတခုမှာ နေထိုင်နိုင်ကြပါစေ။---
ထင်ရောင်ထင်မှား ကမ္ဘာကို ရင်မခုန်ခဲ့ကြသော သူများ ( သို့မဟုတ် ) ------

(၁)
၁၉၈၀ ကာလတုန်းက အမေရိကန်သမ္မတ ရော်နယ်ရေဂင်ရဲ့ Star wars စီမံကိန်းတခုအကြောင်းမှတ်မိကြပါလိမ့်မယ်။ ဆိုဗီယက်ကွန်မြူနစ်တွေနဲ့အကာသစစ်ပွဲပြင်ဆင်မှုတွေကို တကမ္ဘာလုံးကစိတ်ဝင်တစားကြည့်ရှုနေခဲ့တယ်။ ဒီလိုထင်သာမြင်သာတဲ့စစ်ပွဲပြင်ဆင်မှုတွေကိုလူသိများကြပေမဲ့အမေရိကန်နဲ့အနောက်အုပ်စုရဲ့ စိတ်ဓါတ်စစ်ဆင်ရေးဆိုင်ရာစီမံကိန်းတခုကိုတော့ လူသိနည်းခဲ့ကြပါတယ်။ “ဆိုဗီယက်ယူနီယံဟာ

ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ကျော်တက်သွားတော့မယ်” ဆိုတဲ့ကောက်ချက်တွေ၊ လေ့လာရေးစာတမ်းတွေ၊ စာအုပ်တွေ ပလူပျံအောင်ထုတ်ဝေလာကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကလည်း အဲ့ဒီကောက်ချက်တွေကို သဘောကျခဲ့ကြတယ်။ တိမ်းမူးခဲ့ကြတယ်။
တကယ်တော့ အနောက်နိုင်ငံတွေဟာ ဒီလိုသုံးသပ်ချက်တွေကို ထုတ်ဝေပြီး သူ့ရဲ့မဟာမိတ်နိုင်ငံတွေအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အန္တရာယ်ကို အာရုံစိုက်ရမယ်လို့ သွယ်ဝိုက်သတိပေးနေခြင်းဖြစ်တယ်။ နိုင်ငံရေးအကဲဖြတ်တွေက သတိပေးခဲ့ကြပါတယ်။ ဆိုဗီယက်တွေက နားမထောင်ခဲ့ကြပါဘူး။
အာကာသစစ်ပွဲ ပြင်ဆင်မှုအတွက် လက်နက်အပြိုင်ထုတ်ခဲ့တဲ့ဆိုဗီယက်ပြည်ထောင်စုဟာ သူ့နိုင်ငံတွင်းမှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းလာနေပြီဆိုတာကို သဘောပေါက်လိုက်ကြတယ်။ အချိန်နှောင်းသွားခဲ့ပါပြီ။ ထင်ရောင်ထင်မှားကမ္ဘာမှာ နေခဲ့ကြတဲ့ ဆိုဗီယက်ကွန်မြူနစ်တွေအတွက်တော့နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လူမှုရေးပြဿနာတွေ ကို ဆက်တိုက်ရင်ဆိုင်လိုက်ရပြီး၊ ပြိုကွဲခြင်းကို ရင်ဆိုင်လိုက်ရပါတော့တယ်။
Soviet Analogy အဖြစ် သတိပေးနေတဲ့ စာတမ်းတွေက ၂၀၁၀ ဝန်းကျင်မှာ ပိုမိုတွေ့လာရပါတယ်။ တရုတ်ပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုတွေ၊ သံတမန်ရေးလွှမ်းမိုးဖြန့်ကျက်လာမှုတွေကို အံ့မခမ်းမြှောက်ပင့်ပြောဆိုနေကြတဲ့ အသံတွေ၊ စာအုပ်တွေ အများအပြားပေါ်ထွက်လာခဲ့တယ်။ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေ က ဆိုဗီယက်ကွန်မြူနစ်တွေလို ထင်ရောင်ထင်မှားကမ္ဘာမှာ ဘဝင်မြင့်မနေခဲ့ပါဘူး။ “တရုတ်နဂါးကြီးကြီးထွားလာပြီ”ဆိုတဲ့အသံကိုကြားတိုင်း အဲ့ဒီအသံတွေဟာ တရုတ်ပြည်ကို ပစ်လွှတ်နေတဲ့ မြှားတွေအဖြစ်ရောက်လာမယ်ဆိုတာ- သူတို့သဘောပေါက်နေခဲ့ကြတယ်။
ဆူပါပါဝါနိုင်ငံတခုဖြစ်ဖို့ ဆိုတာ တရုတ်ပြည်အတွက် အခြေအနေတွေ၊ အချိန်တွေ အများကြီးလိုနေပါသေးတယ် လို့ တရုတ်ပညာတတ်တွေ၊နိုင်ငံခေါင်းဆောင်တွေက ကောင်းကောင်းသဘောပေါက်နေကြတယ်။ ဒါကြောင့်လည်း သူများခြီးမြှောက်ပြောဆိုနေတာကို သူတို့က ရင်မခုန်ပဲ၊သူတို့လုပ်ရမဲ့အလုပ်ကိုဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်တယ်။


(၂)
တရုတ်ပြည်ဟာ ကမ္ဘာကိုလွှမ်းမိုးတော့မယ် လို့ ပြောနေတဲ့သူတချို့ကို Military Balanceလို့ခေါ်တဲ့စာအုပ်တအုပ်အကြောင်း မိတ်ဆက်ပေးခဲ့ဘူးတယ်။ဒါပေမဲ့ သူတို့က သဘောပေါက်ပုံမရဘူး။ စစ်အင်အားကြီးမားမှုကိုပြောတိုင်း ပါဝါအမာ နဲ့ မောက်မာမှုအဖြစ်တွဲဖက်မြင်နေခဲ့ကြတယ်။ အမေရိကန်မုန်းတီးရေးစိတ်တခုတည်းနဲ့ပဲ ကျန်တဲ့နိုင်ငံတွေကြီးထွားလာမှုကို မစားရဝခမန်းပြောကြားလေ့ရှိတယ်။ တကယ်တော့ ဒီစစ်လက်နက်တွေကို ဝယ်ယူနေကြတဲ့မဟာမိတ်ဖွဲ့မှုတွေ၊ လျှို့ဝှက်ဆက်သွယ်မှုတွေ၊ ဖန်တီးနိုင်တဲ့ ဥနှောက်စွမ်းအားနဲ့ ပြိုင်ဘက်တွေရဲ့သုံးသပ်ချက်တွေ၊ တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေ၊
အရင်းအမြစ်တွေကို နားထောင်စေချင်လို့မိတ်ဆက်ပေးရတာပါ။
အနောက်အုပ်စုရဲ့ အိပ်မက်များ၏ နိဂုံး ဆိုတာ “အနောက်အုပ်စုသေဆုံးခြင်းဖြစ်တယ်” လို့ အဓိပ္ပါယ်မပေါက်ပါဘူး။Military Balance ကိုလက်မခံနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် တရုတ်ပညာတတ်တေရွဲ့စာတမ်းတချို့ကို တင်ပြပေးလိုက်ပါတယ်။သေချာတာတခုကတော့ ဒီဆောင်းပါးဟာ အာရှသားတချို့ကို စပ်ပူစပ်လောင်ဖြစ်စေမှာ အမှန်ပါပဲ။၂၀၁၀ နှစ်စပိုင်းတုန်းက America and the World ဆိုတဲ့စာအုပ်တအုပ်အကြောင်းမိတ်ဆက်ပေးခဲ့ဘူးတယ်။ဂျင်မီကာတာ အစိုးရ အဖွဲ့မှာ နိုင်ငံတော်ရဲ့အကြံပေးအရာရှိဖြစ်ခဲ့ပြီး ဒီမိုကရက်တစ်ခေါင်းဆောင်တွေအပေါ်မှာ သြဇာလွှမ်းသူတဦးဖြစ်တဲ့ Zbigniew Brzezinski က ကမ္ဘာ့ပါဝါဟာ အနောက် မှ အရှေ့ဘက်ခြမ်းဆီကိုပြောင်းရွှေ့သွားပြီ လို့ ဆိုခဲ့တယ်။ သူရဲ့အဆိုပြုချက်ကိုပြန်လည်ငြင်းဆန်လိုက်တဲ့ ပညာရှင်တွေကလည်း
စာတမ်းတွေနဲ့ တုန့်ပြန်ကြတယ်။ Minxin Pei ဆိုသူက Carnegie Endowment for International Peace မှာ ဆောင်းပါးတွေရေးသားနေသူတဦးဖြစ်တယ်။သူ့ရဲ့အမြင်ကို “ Think Again : Asian Rise ?” ဆောင်းပါးအဖြစ် Foreign Policy မှာ တင်ပြခဲ့တယ်။
သူဟာ ရှန်ဟိုင်းနိုင်ငံတကာတက္ကသိုလ်ကျောင်းဆင်းတဦးဖြစ်သလို၊ ဟားဗတ်တက္ကသိုလ် မှ ပါရဂူဘွဲ့ရခဲ့ပြီး သူ့ရဲ့ China’s Trapped Transition:the limits of Developmental Autocracy ( Harvard University Press, 2006) စာအုပ်ဟာစိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ပြည့်နေခဲ့တယ်။ Mixin Pei က Foreign Policy စာစောင်မှာ အောက်ပါအချက် (၇) ချက်ကိုစံနစ်တကျ
ပြန်လည်တုန့်ပြန်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းလို့ မျှဝေပေးလိုက်ပါတယ်။ သူ့ဆောင်းပါးကိုမဖတ်ခင် အောက်ပါအချက်တွေကို ယုံကြည်ပါသလား။ မိတ်ဆွေတို့ကိုယ်တိုင် ကိုယ့်ဘာသာစဉ်းစားစေချင်ပါတယ်။


(က) ပါဝါ သည် အနောက်မှ အရှေ့ဆီသို့ပြောင်းရွှေ့နေသည်။
(ခ) အာရှ ရဲ့ ကြီးထွားတိုးတက်မှု ကို တားဆီးလို့မရနိုင်
(ဂ) အာရှ ရဲ့ အရင်းရှင်စံနစ် ဟာ ပိုပြီးအရှိန်ပြင်းမြန်ဆန်တယ်။
(ဃ) အာရှ ဟာ ဆန်းသစ်ပြောင်းလဲမှုတွေနဲ့ကမ္ဘာကြီးကို ဦးဆောင်သွားမယ်။
(င) အာရှ ဒေသမှ အာဏာရှင်များသည် အကျိုးဖြစ်ထွန်းမှုတခုကို ပေးခဲ့၏
(စ) တရုတ်ပြည်သည် အာရှတိုက်ကိုလွှမ်းမိုးလိမ့်မည်။
(ဆ) အာရှတိုက်တွင် အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးမှုများဆုံရှုံးလာနေပြီ။
Minxin Pei ရဲ့ China’s Trapped Transition:the limits of Developmental Autocracy နဲ့ ဘရီးဇင်စကီးရဲ့ ပါဝါအပြောင်းအလဲ

(က) ပါဝါသည်အနောက်မှ အရှေ့ဘက်ဆီသို့ ရွှေ့ပြောင်းနေသည်။
“ ကျနော်တို့ဟာ ကမ္ဘာ့သမိုင်းခေတ်သစ်တခုဆီကိုဝင်ရောက်လာခဲ့တယ်။အနောက်အုပ်စုရဲ့လွှမ်းမိုးမှုဟာ အဆုံးသတ်သွားခဲ့ပြီး အာရှတိုက်ရဲ့ရာစုတခုဆီကို ရောက်လာခဲ့တယ်” လို့ တချို့က ဆိုကြတယ်။ ဒုတိယကမ္ဘာစစ်အပြီးကတည်းက စီးပွားရေးတိုးတက်မှု တွေကြောင့် ဒေသဆိုင်ရာ စီးပွားရေး၊စစ်အင်အားတည်ဆောက်မှုပမာဏာတွေဟာ အရှိန်အဟုန်နဲ့ အားကောင်းလာခဲ့တယ် ဆိုတာကတော့ ငြင်းဆန်လို့မရဘူး။ ဒါပေမဲ့ အာရှဟာ ကမ္ဘာကိုလွှမ်းမိုးနိုင်တယ်ပါဝါတခုဖြစ်လာမယ်ဆိုတဲ့ကောက်ချက်ကတော့
ချဲ့ကားပြောလွန်းပါတယ်။ တကယ်တော့ အာရှရဲ့ကြီးထွားမှုဟာ ပါဝါစုံတဲ့ဝန်ရိုးတွေကိုသာဖန်ဆင်းနိုင်မယ်။
အာရှတိုက်ဟာ အနောက်အုပ်စု ကို မှီနိုင်တဲ့ စီးပွားရေး၊ စစ်ရေးအင်အားတွေကလည်း ကွာဟလွန်းပါတယ်။


(၁) အာရှတိုက်တခုလုံးရဲ့ထုတ်ကုန်ဟာ ဂလိုဘယ်တခုလုံးရဲ့ (၃၀) ရာခိုင်နှုန်းလောက်သာရှိတယ်။
(၂) လူဦးရေများပြားလွန်းတာကြောင့် သူ့ရဲ့ capita GDP ဟာ ၅၈၀၀ ဒေါ်လာလောက်ပဲရှိတယ်။
( အမေရိကန်ပြည်ထောင်စု ကတော့ ၄၈၀၀၀ ဒေါ်လာဖြစ်တယ်)
(၃) အာရှနိုင်ငံတွေဟာ စစ်ရေးခေတ်မှီမှု အတွက် ဒေါသတကြီးကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၈ ထိ အာရှတိုက်နိုင်ငံတွေအားလုံးပေါင်းရဲ့စစ်အသုံးစရိတ်ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ သုံးပုံတပုံလောက်ပဲရှိတယ်။
(၄) အခုလိုစီးပွားရေးတိုးတက်မှုအရှိန်တွေ ဆက်လက်ဖြစ်ပေါ်နေတယ်ထားအုံး။ အမေရိကန်နိုင်ငံသားတယောက်ရဲ့ ပျှမ်းမျှဝင်ငွေ ကို ရဖို့အတွက်အာရှနိုင်ငံတွေဟာ ၇၇ နှစ်လောက်အချိန်ယူရမယ်။ တရုတ်ပြည်ကတော့ ၄၇ နှစ်၊ အိန္ဒိယကတော့ ၁၂၃ နှစ် အချိန်ယူရမယ်။အာရှနိုင်ငံတွေအားလုံးပေါင်းရဲ့စစ်အသုံးစရိတ်ဟာ နောက်ထပ် ၇၂ နှစ်လောက်ထိ အမေရိကန်ပြည်ထောင်စုရဲ့စစ်အသုံးစရိတ်ကို မှီနိုင်မယ်မထင်ပါ။အာရှတိုက်ဟာ အင်အားကြီးနိုင်ငံတခုအဖြစ်ရောက်လာမယ် ဆိုတ့ေဲ ကာက်ချက်ကတော့ လက်ရှိအနေအထား နဲ့ အနာဂတ် နှစ်မျိုးလုံးအတွက်၊အဓိပ္ပါယ်မရှိပါဘူး။ အာရှဒေသမှာ နိုင်ငံကြီးတခုက ကြီးထွားတိုးတက်လာပြီဆိုရင်၊ ကျန်တဲ့အိမ်နီးချင်းနိုင်ငံတွေကို အချက်ပေးလိုက်သလို ဖြစ်သွားတယ်။အာရှတိုက်ရဲ့သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ အင်အားကြီးနိုင်ငံတွေအကြား စီးပွားရေး၊ စစ်ရေးအားပြိုင်မှုတွေကို တလျောက်လုံးတွေ့ရမယ်။
တရုတ်နဲ့ ဂျပန် နိုင်ငံတွေဟာ ကိုရီးယားကျွန်းဆွယ်အတွက်တိုက်ခိုက်ကြတယ်။ ဆိုဗီယက်ယူနီယံ က တရုတ်ပြည်ကို ပြန်လည်ထိန်းညှိဖို့အတွက်အိန္ဒိယ၊ ဗီယက်နမ် နိုင်ငံတွေနဲ့ အုပ်စုဖွဲ့တယ်။ တရုတ်ကလည်း အိန္ဒိယ ကို ထိန်းညှိဖို့အတွက် ပါကစ္စတန်နိုင်ငံနဲ့ မိတ်ဖွဲ့တယ်။ မကြာသေးခင်ကတရုတ်ပြည်ရဲ့ ကြီးထွားလာမှုဟာ အိန္ဒိယ နဲ့ ဂျပန်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့တယ်။
တကယ်လို့ အာရှတိုက်ဟာ ကမ္ဘာ့ ပထဝီဝင်နိုင်ငံရေးရဲ့ ဗဟိုချက်မဖြစ်လာပြီဆိုရင်တော့ အဲ့ဒါဟာ မဲမှောင်နေတဲ့ အလယ်ဗဟိုပဲဖြစ်မယ်။


(ခ) အာရှရဲ့ကြီးထွားဖွံ့ဖြိုးမှု ကို ရပ်တန့်လို့မရ
သိတ်ပြီးလောင်းကြေးမထပ်စေချင်ပါ။ မကြာသေးခင်ကမှတ်တမ်းကိုကြည့်လိုက်မယ်ဆိုရင်၊ အင်အားကြီးမား အံ့မခမ်းဘွယ်ကောင်းတဲ့ အာရှစီးပွားရေးအခြေအနေကို သေချာသယောင်တွေ့ရမယ်။ Goldman Sachs ကတော့ ၂၀၂၇ မှာ တရုတ်ပြည်ဟာအမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးကို ကျော်တက်သွားတယ်။ အိန္ဒိယကတော့ ၂၀၅၀ မှာ မှီလာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
ဒါပေမဲ့ အာရှဟာ လူဦးရေနဲ့ဆိုင်တဲ့အခက်အခဲတွေ၊ တားဆီးမှုတွေကိုကြီးမားစွာရင်ဆိုင်နေရတယ်။
(၁) အာရှသား ၂၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၅၀ မှာ အသက်ကြီးရင့်သွားမယ်။ ဒီပြဿနာဟာ ဂျပန်စီးပွားရေးထုံအိုင်းအိုင်းဖြစ်သွားစေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ တရုတ်ပြည်ဟာလည်း နောင်လာမဲ့ ဆယ်စုနှစ်အလယ်လောက်မှာ သက်ကြီးရင့်သူတွေ အရည်အတွက်ဟာပိုမိုများပြားလာလိမ့်မယ်။

(၂) ကျန်းမာရေးစရိတ် နဲ့ ပင်စင်လစာ တွေ အရေးပါလာပြီး၊အာရုံစိုက်မှုတွေပေါက်ကွဲလာတဲ့အခါ စုဆောင်းငွေနှုန်းတွေလည်းကျဆင်းလာမယ်။

အိန္ဒိယတနိုင်ငံတည်းသာ ဒီလမ်းကြောင်းတွေကလွတ်ကင်းသွားနိုင်မယ်။ ဒီအချက်တေထွဲက တချက်ချက်ဟာ ဒေသဆိုင်ရာကြီးထွားမှုကိုအနှောင့်အရှက်ပေးလိုက်မယ်။
(၃) သဘာဝဝန်းကျင် နဲ့ သဘာဝအရင်းအမြစ် ပြဿနာတွေကလည်း တိုးတက်မှုကို ယိုင်နဲ့ကျိုးပဲ့စေပါလိမ့်မယ်။ လေထုညစ်ညမ်းမှု က ပိုမိုဆိုးဝါးစေခဲ့ပြီးရေကောင်းရေသန့်ရဖို့အခက်အခဲတွေကြုံရမယ်။ လေထုညစ်ညမ်းမှုကြောင့် တရုတ်ပြည်ဟာ တနှစ် ကို လေးသိန်းနီးပါးသေခဲ့ရပါတယ်။ စွမ်းအင်နဲ့ပတ်သက်ပြီး တော်လှန်တဲ့ အမြင်တွေမရှိဘူးဆိုရင် အာရှဟာ မကြာခင်မှာ စွမ်းအင်ပြတ်တောက်မှုတွေကိုရင်ဆိုင်ရမယ်။ ရာသီဥတုပြောင်းလဲမှုတွေကလည်း ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းတွေကို ဖရိုဖရဲပျက်စီးစေလိမ့်မယ်။


(၄) ဒါ့အပြင် လက်ရှိစီးပွားရေးကပ် ဟာ အနောက်အုပ်စုရဲ့ ဈေးကွက်တောင်းဆိုမှုအငွေ့ပျံသွားတဲ့အတွက် အာရှဟာ ထုတ်ကုန်တွေ အကြီးအကျယ်ထုတ်လုပ်လိုက်ပေမဲ့ ပြည်တွင်းကလည်းဝယ်ယူမှုအားနည်းသလို၊ ပြည်ပကိုလည်းတင်ပို့ရောင်းချနိုင်မှာမဟုတ်ပါဘူး။ နိုင်ငံခြားပို့ကုန်တွေအပေါ်မှီခိုအားထားနေရတဲ့ အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမော်ဒယ် ဟာ ပျောက်ကွယ်သွားလိမ့်မယ်။
ဒါမှမဟုတ်စီးပွားရေးကြီးထွားတိုးတက်မှုယန္ဒရားတခုတခုကိုရပ်ဆိုင်းသွားစေလိမ့်မယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေ က အာရှရဲ့စီးပွားရေးအစီအစဉ်တွေကိုဖျက်ဆီးပစ်နိုင်လိမ့်မယ်။ ပါကစ္စတန်နိုင်ငံရဲ့ပြိုကွဲမှု၊ ကိုရီးယားကျွန်းဆွယ်က စစ်ရေးပဋိပက္ခတွေကလည်းပျက်စီးပြုန်းတီးမှုကိုဖြစ်ပေါ်စေနိုင်တယ်။ လူတန်းစားမညီမျှမှုတွေ၊ စီးပွားရေးခြစားမှုတွေ နဲ့ ကြုံတွေ့နေရတဲ့ တရုတ်နိုင်ငံဟာလည်းလူမှုရေးမတည်ငြိမ်မှုတွေကိုရင်ဆိုင်ရနိုင်တယ်။စီးပွားရေးကြီးထွားတိုးတက်မှုကိုစိမ့်ယိုပေါက်ပြဲစေလိမ့်မယ်။ တကယ်လို့ဒီမိုကရက်တစ်အင်အားစုတွေက တရုတ်ပြည်ကွန်မြူနစ်ပါတီကို တစုံတရာဖိအားပေးနိုင်ခဲ့မယ်ဆိုရင် တရုတ်ပြည်ဟာ မတည်ငြိမ်တဲ့အသွင်ကူးပြောင်းမှုကိုအချိန်ကြာကြာခံစားရလိမ့်မယ်။ အားနည်းတဲ့ ဗဟိုအစိုးရ နဲ့ သာမန်အဆင့်လောက်သာရှိတဲ့ စီးပွားရေးသရုပ်ပြမှုတွေကိုပိုင်ဆိုင်ရနိုင်မယ်။


(ဂ) အာရှ ရဲ့ အရင်းရှင်စံနစ်ဟာ ပိုပြီးအရှိန်ပြင်း မြန်ဆန်တယ် ပြောဖို့ခက်ပါတယ်။ လူမှုဖူလုံရေးနိုင်ငံတော်နဲ့ပျော့ပြောင်းမှုမရှိတဲ့ အလုပ်သမားဈေးကွက်ကြောင့်အားနည်းချိနဲ့သွားတဲ့ ဝေါစတွစ် နဲ့ ဥရောပစီးပွားရေးဟာ အမေရိကန်ပြည်ထောင်စုကို နိမ့်ဆင်းသွားစေခဲ့ပေမဲ့ အာရှရဲ့စီးပွားရေးကတော့ အခြေအနေကောင်းနေခဲ့တယ်။ အစိုးရရဲ့နည်းဗျူဟာပြည့်စုံတဲ့ ကျူးကျော်စွက်ဖက်မှု၊ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအပေါ်တွေးဆချက်၊ ပိုမိုကောင်းမွန်တဲ့ပစ္စည်းတွေအပေါ်ကြိုက်နှစ်သက်ကြပြီး၊ ဖိနှိပ်ချုပ်ချယ်လို့မရတဲ့ ဆန္ဒ တွေ ကို ချုပ်ရိုးမရှိ အတူတကွချုပ်ဖို့ကြိုးစားနေတယ်။ အာရှရဲ့အရှိန်ပြင်းတဲ့ အရင်းရှင်စံနစ်ဟာ လောဘ နဲ့ ဆောက်တည်ရာမရ ဖြစ်နေတဲ့ အမေရိကမိုဒယ်နဲ့ တယူသန်ဥရောပပုံစံကွဲတချို့ကိုပြိုင်ဘက်အပြင်ဖက်ရောက်သွားအောင်လုပ်နိုင်တယ်ဆိုတဲ့ အချက်ကို ဆွဲယူပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာရှရဲ့စီးပွားရေးတွေဟာ( ဂျပန်နိုင်ငံကလွဲလို့) ကမ္ဘာမှာအမြန်ဆုံးကြီးထွားလာပေမဲ့ ထူးခြားအောင်မြင်တဲ့အာရှရဲ့အရင်းရှင်စံနစ်ကြောင့်လို့ ပြောဖို့ဆိုတာ သက်သေ တစုံတရာ မရှိပါဘူး။ အာရှဒေသရဲ့အရှိန်အဟုန်ဟာ
ခိုင်မာအားကောင်းတဲ့အခြေခံအချက်တွေ ( မြင့်မားတဲ့စုဆောင်းမှု၊ မြို့ပြအသွင်ပြောင်းလဲမှု၊ လူဦးရေပြဿနာ) နဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု၊ ဈေးကွက်ပြုပြင်ပြောင်းလဲရေး၊  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု့တွေကရရှိလိုက်တဲ့ အကျိုးကျေးဇူးတွေကြောင့်ဖြစ်တယ်။ အာရှနိုင်ငံတွေဟာ ကြီးထွားမှုကိုမြန်မြန်ဆန်ဆန်လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အင်မတန်နောက်ကျကျန်ရစ်တဲ့အဆင့်ကနေလာရလို့ပါပဲ။ အာရှရဲ့အရင်းရှင်စီးပွားရေးစံနစ်မှာ ထူးခြားတဲ့ကဏ္ဍသုံးရပ်ရှိတယ်။


(၁) အာရှအစိုးရတွေဟာ စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့မူဝါဒ၊ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားပို့ကုန်မြှင့်တင်မှုတွေကတဆင့်
စီးပွားရေးကိုပိုမိုစွက်ဖက်ပါဝင်ကြတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အာရှအရင်းရှင်စံနစ်ကိုပိုပြီးအရိနှ်ကောင်းအောင်လုပ်နိုင်တယ်ဆိုတဲ့ အရာကိုပြောဖို့အတွက် မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးခက်ခဲတဲ့ ဥာဏ်စမ်းပုဒ်စာတပုဒ်လိုဖြစ်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ အရှေ့အာရှရဲ့အံ့သြဘွယ်ကောင်းမှုဟာ အစိုးရတွေရဲ့နည်းဗျူဟာကျတဲ့ပါဝင်စွက်ဖက်မှုတွေကြောင့်အောင်မြင်ခဲ့တယ် ဆိုတဲ့ သက်သေ ကို မတွေ့ခဲ့ရပါဘူး။

(၂) မိသားစုတွေကထိန်းချုပ်ထားတဲ့ အစုအဖွဲ့တွေ နဲ့ အစိုးရပိုင်စီးပွားရေးလုပ်ငန်း ဆိုတဲ့ ကုမ္မဏီပုံစံနှစ်မျိုးဟာ အာရှစီးပွားရေးရှုခင်းကိုလွှမ်းမိုးထားတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ပိုင်ဆိုင်မှုပုံစံတွေနဲ့ဖွဲ့စည်းထားတဲ့အာရှရဲ့အကြီးဆုံးကုမ္မဏီတွေ ဟာ အမေရိကန်တွေရဲ့သက်တမ်းတိုတိုတည်ဆောက်လေ့ရှိတဲ့ ကုမ္မဏီတွေလို အဖြစ်မျိုးကိုရှောင်လွှဲနိုင်ခဲ့ပေမဲ့ သူတို့ ကို အစုရှယ်ရာပါဝင်သူတွေ နဲ့ ဈေးကွက်ရဲ့ဖိအား ကနေ အကာအကွယ်ပေးနေခဲ့ရတယ်။ အာရှကုမ္မဏီတွေဟာ တာဝန်ရှိမှုနည်းတယ်။ သိသာထင်မြင်မှုနည်းတယ်။ ပြန်လည်စမ်းသစ်မှုအားနည်းတယ်။


(၃) အာရှရဲ့စုဆောင်းနှုန်းမြှင့်မားမှုဟာဒေသဆိုင်ရာစီးပွားရေးကိုတိုးတက်ကြီးထွားစေတယ်ဆိုတာငြင်းလို့မရပါဘူး။
ဒါပေမဲ့ သနားစရာကောင်းတဲ့ ငွေစုဆောင်းသူတွေပါ။ အစိုးရက လူမှုဖူလုံမှုလုံခြုံရေးကိုလုံခြုံအောင်လုပ်မပေးနိုင်တဲ့အတွက် အများစု ဟာငွေစုရပါတယ်။ အာရှမှာရှိတဲ့အစိုးရတွေရဲ့ပေါ်လစီအရ ငွေစုဆောင်းသူတေကွိုဘဏ္ဍရေးဖိနှိပ်မှုတွေနဲ့အပြစ်ပေးအရေးယူလေ့ရှိပြီး၊ ထုတ်လုပ်သူတွေကိုတော့ အတိုးနှုန်းနည်းနည်းနဲ့ငွေထုတ်ချေးပြီးဆုချတတ်ပါတယ်။ နိုင်ငံခြားပို့ကုန်တွေမြှင့်တင်တယ်ဆိုတာကလည်း ထုတ်လုပ်မှုလွန်သလိုမျိုးဖြစ်နေပြန်ပါတယ်။ အာရှရဲ့ဗဟိုဘဏ်တွေဟာ သူတို့ရဲ့အပို ပြည်ပပို့ကုန်တွေကို လိုက်လျောမှုနည်းစွာနဲ့ ရင်းနှီးမြှုပ်နှံထားကြတယ်။ အမေရိကန်ပြည်ထောင်စုက လည်ပတ်နေတဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေအောက်မှာ ငွေကြေးဖောင်းပွမှုအပေါ် ဖိအားပေးနေတာကြောင့် ဒေါ်လာလွှမ်းမိုးထားတဲ့ အဘိုးတန်ပစ္စည်းတွေဟာ ရေရှည်မှာ ဆုံးရှုံးမှုကို ကြုံတေ့ရွ ပါလိမ့်မယ်။


( ဃ) အာရှ ဟာ ဆန်းသစ်ပြောင်းလဲမှုတွေနဲ့ ကမ္ဘာကြီး ကို ဦးဆောင်မယ်
ကျနော်တို့ရဲ့သက်တမ်းမှာတော့ မဖြစ်နိုင်ပါဘူး။ အာရှ က တီထွင်သူတွေဆီ ကို ခြီးမြှင့်ပေးအပ်လိုက်တဲ့ မူပိုင်ခွင့် တွေ မြင့်တက်လာတာ တခုတည်းကိုသာ ကြည့်လိုက်မယ် ဆိုရင်တော့၊ အမေရိကန်ပြည်ထောင်စုဟာ ပြန်လည်ဆန်းသစ်မှုတွေမှာ တဖြည်းဖြည်းနောက်ကျ ကျန်နေခဲ့ပြီ လို့ ထင်စရာရှိတယ်။ ဥပမာ- ကိုရီးယားနိုင်ငံဟာ ၁၉၇၈ မှာ အမေရိကန် မူပိုင်ခွင့် (၁၃) ခုရခဲ့ပေမဲ့၊ ၂၀၀၈ ခုနှစ်မှာတော့ ၈၇၃၁ ခုရလာခဲ့တယ်။ ဂျပန်နိုင်ငံ ကတော့ (၃၇၀၀၀) ရခဲ့တယ်။ ဒီ အပေါ်မှာကြည့်လိုက်မယ် ဆိုရင်တော့  အမေရိကန်ပြည်ထောင်စု ဟာ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဆွစ်စလန် နိုင်ငံတွေပြီးရင် ပြန်လည်စမ်းသစ်မှုမှာ အဆင့် (၈) လောက်ပဲရှိတယ် ဆိုတဲ့ လေ့လာမှုတခုက ပြောခ့တဲ့ဲအချက်ကို လုံလောက်စွာ သတိပေးလိုက်သလိုမျိုးပါပဲ။ အမေရိကန်တွေရဲ့နည်းပညာဆိုင်ရာဦးဆောင်မှုဟာ သေဆုံးခြင်းကိုရောက်နေပြီ ဆိုတဲ့ တင်ပြချက်တွေကလည်း အလွန်ကိုချဲ့ကားထားမှုတွေပါ။ အာရှရဲ့အတိုးတက်ဆုံးနိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံနှစ်ခုကြားကွာဟမှုဟာ နီးကပ်လာနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှုကတော့ အင်မတန်ကြီးမားနေဆဲပါပဲ။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်တီထွင်ဖန်တီးသူတွေအတွက် မူပိုင်ခွင့် (၉၂၀၀၀) ရခဲ့တယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံ နှစ်ခုပေါင်းထက် နှစ်ဆ ရှိပါတယ်။ အာရှရဲ့အကြီးဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကတော့ အဝေးကြီး နောက်ကျကျန်နေပါသေးတယ်။
အာရှနိုင်ငံတွေဟာ ပညာရေးအတွက် ငွေကြေးအများကြီးသုံးစွဲနေကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အာရှတက္ကသိုလ်တွေဟာ သင်ကြားလေ့လာမှုအတွက် ဦးဆောင်နိုင်တဲ့ ဗဟိုအဖြစ် ရောက်ရှိနိုင်မယ်မထင်ပါ။ ကမ္ဘာရဲ့အကောင်းဆုံး ထိပ်တန်းတက္ကသိုလ် ( ၁၀) ခု ဟာ အာရှမှာ မတည်ရှိခဲ့ပါဘူး။ ဂျပန်နိုင်ငံက တိုကျိုတက္ကသိုလ်တခုတည်းသာ ကမ္ဘာ့ရဲ့ ထိပ်ဆုံးအဆင့် တက္ကသိုလ် (၂၀) အတွင်းမှာ တည်ရှိနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ အာရှသား ရှစ်ယောက် ( ခုနှစ်ယောက် က ဂျပန်နိုင်ငံကဖြစ်တယ်) သာ သိပ္ပံ နဲ့ ပတ်သက်တဲ့ နိုဘယ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တယ်။ ဒေသဆိုင်ရာ ယဉ်ကျေးမှုအမွေတွေအရ၊ ဗဟို ချုပ်ကိုင်ထားတဲ့ ဗျူရိုကရေစီ၊ အားနည်းတဲ့ ပုဂ္ဂလိကကျောင်းတည်ရှိမှု၊ အလွတ်ကျက် သင်ကြားမှု နဲ့ စာမေးပွဲစစ်မှုတွေဟာ အမေရိကန်ပြည်ထောင်စုက အကောင်းဆုံးကျောင်းတွေမှာ သင်ကြားလေ့လာတဲ့ စံနစ်အတိုင်း လုပ်ဖို့ကြိုးစားနေမှုအပေါ် ထူးခပ်သလိုဖြစ်သွားပါမယ်။ ပညာရေးစံနစ်ဟာ ထော့ကျိုးထော့ကျိုးဖြစ်နေပါအုံးမယ်။ အာရှရဲ့မြောက်ပင့်ပြောဆိုနေတဲ့ အရည်အတွက် အကျိုးဖြစ်ထွန်းမှု တွေကလည်း ထင်သလောက် မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ နှစ်စဉ်အင်ဂျင်နီယာ (၆) သိန်းကျော်ဘွဲ့ရကြတယ်။ အိန္ဒိယ ကတော့ (၃) သိန်းခွဲလောက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုမှာတော့ နှစ်စဉ် အင်ဂျင်နီယာဘွဲ့နဲ့ကျောင်းပြီးသူ (၇) သောင်းကျော်ရှိတယ်။ ဒီ ဂဏ္ဍန်းတွေကိုကြည့်လိုက်မယ်ဆိုရင် အာရှဟာ ဥနှောက်ပါဝါမှာ လည်ပတ်စီးဆင်းမှု အားကောင်းတယ်လို့ထင်စရာရှိတယ်။ ဒါပေမဲ့ ဒါဟာ မှန်ကန်မှုမရှိပါဘူး။ တရုတ်အင်ဂျင်နီယာ ဦးရေ ရဲ့တဝက် နဲ့ အိန္ဒိယ အင်ဂျင်နီယာ သုံးပုံနှစ်ပုံဟာ (၂) နှစ် သင် ဒီဂရီတွေသာ ရှိကြပါတယ်။ အရည်အချင်း ဆိုတဲ့အရာကလည်း အဓိကအကြောင်းအရာတခုဖြစ်တယ်။
၂၀၀၅ ခုနှစ် McKinsey Global Institute ရဲ့လေ့လာတင်ပြမှုမှာ “ ကုမ္မဏီပေါင်းစုံ က လူ့သားအရင်းအမြစ် မန်နေဂျာတွေရဲ့ အဆိုအရ
တရုတ်အင်ဂျင်နီယာ (၁၀) ရာခိုင်နှုန်း နဲ့ အိန္ဒိယအင်ဂျင်နီယာ (၂၅) ရာခိုင်နှုန်းလောက်သာ အလုပ်လုပ်နိုင်တဲ့အရည်အချင်းရှိတယ်။
အမေရိကန်အင်ဂျင်နီယာ (၈၁) ရာခိုင်နှုန်း ကတော့ အင်ဂျင်နီယာအလုပ်လုပ်နိုင်တဲ့အရည်အသွေးရှိတယ်” လို့ နှိုင်းယှဉ်ပြခဲ့တယ်။

(င) အာရှ အာဏာရှင်တွေဟာ အကျိုးဖြစ်ထွန်းမှုကို ပေးခဲ့ကြတယ်။
အာရှဒေသတော်တော်များများမှာ အာဏာရှင်တွေဟာ သူတို့တိုင်းပြည်ကြွယ်ဝချမ်းသာအောင်လုပ်နိုင်ခဲ့ကြတယ် လို့ တွေးထင်ကြတယ်။
မဟုတ်ပါဘူး။ နဂါးနိုင်ငံတွေလို့အမည်ရတဲ့ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား နဲ့ ယ္ခု တရုတ်နိုင်ငံ တို့ဟာ ဒီမိုကရက်တစ် မဟုတ်တဲ့ အစိုးရအောက်မှာ မြန်ဆန်တဲ့ စီးပွားရေးတိုးတက်ကြီးထွားမှုတွေကို ကြုံခဲ့ကြတယ်။ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကို နှိုင်းယှဉ်လေ့ရှိကြပြီး၊ နိုင်ငံရေးပြိုင်ဆိုင်မှုတွေနဲ့ ဖရိုဖရဲဖြစ်မှုတွေကို တားဆီးနိုင်တဲ့ တပါတီ စံနစ်ဟာ၊ ဒီမိုကရေစီ များလွန်းတဲ့ ပါတီစုံဒီမိုကရေစီစံနစ်ထက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးတွေကို ဖန်တီးတည်ဆောက်နိုင်တယ်လို့ပြောလေ့ရှိကြတယ်။
ဒါပေမဲ့ အာရှမှာ သူတို့နိုင်ငံတွေကို ဆင်းရဲတွင်းနက်အောင်လုပ်ခဲ့တဲ့ အာဏာရှင်နိုင်ငံတွေရှိနေပါတယ်။ မြန်မာ၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ လာအို၊ ခမာနီလက်အောက်က ကမ္ဘောဒီးယား၊ ဖာဒီနန်မားကို့စ်အောက်က ဖိလစ်ပိုင်၊ တို့ ဖြစ်တယ်။ တရုတ်နိုင်ငံကတော့ ရောထွေးနေတဲ့ ဥပမာတခုဖြစ်တယ်။ မော်ရဲ့ခေါင်းဆောင်မှုအောက်မှာ ကမ္ဘာ့အဆိုးဝါးဆုံးငတ်ပြတ်ခေါင်းပါးမှုကို ဖန်တီးခဲ့တယ်။
စီးပွားရေးအောင်မြင်မှုတွေနဲ့ အမှတ်ပေးထားတဲ့ အာဏာရှင်စံနစ်ကို ကြည့်မယ်ဆိုရင်လည်း စိတ်ဝင်စားဘွယ်ကောင်းတဲ့အချက် နှစ်ချက်ကိုတွေ့ရမယ်။ အာဏာရှင်တွေဟာ ဖိနှိပ်ရက်စက်မှုတွေကိုလျော့ချပြီး၊ စီးပွားရေးနဲ့ ပုဂ္ဂလိက လွတ်လပ်မှုကို ခွင့်ပြုလာတဲ့အခါ စီးပွားရေးဆောင်ရွက်မှုတွေ ပိုမိုတိုးတက် လာခဲ့တယ်။ ဒုတိယအချက်ကတော့၊ အောင်မြင်မှုရဲ့အဓိကသော့ချက်ဟာ လိမ္မာပါးနပ်တဲ့စီးပွားရေးပေါ်လစီတွေကြောင့်ဖြစ်တယ်။ ကွန်ဆာဗေးတစ် မာခရို စီးပွားရေး ခန့်ခွဲမှု၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းမှုကိုမြှင့်တင်ပေးခြင်း၊ နိုင်ငံခြားပို့ကုန်လုပ်မှုကို တွန်းအားပေးခြင်း တွေ ဖြစ်တယ်။ တကယ်တော့ အာဏာရှင်တွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မှော်ဆန်တဲ့ ဖေါ်မြူလာတွေမရှိပါဘူး။ တရုတ်နိုင်ငံလို တပါတီအာဏာရှင်စံနစ် ကျင့်သုံးတဲ့နိုင်ငံနဲ့ အိန္ဒိလို ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့ နိုင်ငံနှစ်ခုကို နှိုင်းယှဉ်ပြောဆိုခြင်းဟာ လွယ်ကူတဲ့ ပညာတတ်ဆိုင်ရာ လေ့ကျင့်ခန်းတခုမဟုတ်ပါဘူး။ အိန္ဒိယ မှာ အားနည်းချက်တွေရှိတယ်ဆိုတာ အထင်အရှားပါ။ ဆင်းရဲငတ်ပြတ်မှုတွေ၊
အခြေခံအဆောက်အဦ အားမကောင်းမှုတွေ၊ လူမှုဖူလုံရေးနည်းပါးမှုတွေဖြစ်တယ်။ ဒီ အချက်တွေမှာတော့ တရုတ်နိုင်ငံဟာ ပိုပြီးကောင်းမွန်စွာ လုပ်ကိုင်နိုင်ခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေဟာ သူ့ရဲ့ အပြစ်အနာအဆာ ချို့ယွင်းချက်တွေကို ကြော်ငြာတဲ့နေရာမှာ ကောင်းမွန်သလောက်၊ အာဏာရှင်တွေကတော့ သူတို့ရဲ့ပြဿနာတွေကို ဖုံးကွယ်ဖို့ အတွက် တော်ကြပါတယ်။
ဒါကြောင့် အာရှမှာ အာဏာရှင်တွေဖန်တီးတဲ့ အကျိုးဖြစ်ထွန်းမှုတွေ ဆိုတာကလည်း စိတ်ကူးယဉ်မှုတခုသာဖြစ်ပါတယ်။


(စ) တရုတ်ပြည်သည် အာရှတိုက်ကို လွှမ်းမိုးမည်
ဟုတ်ဟန်မတူပါဘူး။ ဒီနှစ်မှာ တရုတ်ပြည်ဟာ ဂျပန်နိုင်ငံကိုကျော်ပြီး ဒုတိယ အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် တက်လှမ်းနေတယ်။
တရုတ်ပြည်ဟာ စီးပွားရေး တိုးချဲ့မှုတွေကို မောင်းနှင်လုပ်ကိုင်နေပြီး ဒေသဆိုင်ရာ စီးပွားရေးအချက်အချာဖြစ်လာခဲ့တယ်။
ပီကင်းရဲ့သံတမန်ရေးလွှမ်းမိုးမှုတွေကလည်း ပိုမိုဖြန့်ကျက်လာခဲ့တယ်။ ရှေးကျနောက်ကျကျန်ရစ်နေတဲ့ စစ်တပ်ကို ဆန်းသစ်တဲ့ လက်နက်တွေနဲ့ ပိုလျှံကြွယ်ဝစွာပြန်လည်တည်ဆောက်ခဲ့ပြီး စစ်ရေးစွမ်းအားကိုလည်း ခေတ်မှီလက်နက်တွေအတိုင်းအရည်အသွေး ပြည့်ဝအောင်တည်ဆောက်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ဟာ အာရှရဲ့အင်အားအကြီးဆုံးနိုင်ငံတနိုင်ငံဖြစ်လာမယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမဲ့ သူ့ရဲ့တိုးတက်ကြီးထွားမှုမှာ ပင်ကိုယ်အကန့်အသတ်တွေရှိနေပါတယ်။ အာရှဒေသကို လွှမ်းမိုးနိုင်မဲ့နိုင်ငံတခုအဖြစ်မမြင်မိပါဘူး။ အမေရိကန်ပြည်ထောင်စုလို အာရှဒေသဆိုင်ရာငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်သူ၊ တခြားနိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ် လွှမ်းမိုးဆုံးဖြတ်နိုင်တဲ့ နိုင်ငံတခု အဖြစ်တော့ အစားထိုးရောက်မလာနိုင်ပါဘူး။ ထိန်းမရ သိမ်းမရဖြစ်နေတဲ့ ခွဲထွက်လိုစိတ်ရှိသူ တိဘက် နဲ့ ဝီဂါ (Uighurs) လူမျိုးစုတွေနေတဲ့ ဒေသကလည်း မဟာ ဗျူဟာအရအရေးပါတဲ့နေရာတွေဖြစ်တယ်။ အဲ့ဒီဒေသတွေဟာ တရုတ်ပိုင်နယ်မြေအားလုံးရဲ့ ( ၃၀) ရာခိုင်နှုန်းရှိနေတယ်။
ထိုင်ဝမ်နိုင်ငံကလည်း တရုတ်ပြည်ဆီကို မကြာခင်မှာပြန်ရောက်ဖို့ အလားအလာမရှိသလို၊ တရုတ်ရဲ့စစ်ရေးအရင်းအမြစ်တွေကို
ညီမျှခြင်းချထိန်းချုပ်နေခဲ့တယ်။ တရုတ်ပြည် ကို “ခန်းနားကြီးကျယ်သရောင်ထင်ရ တဲ့နယ်ချဲ့တွေရဲ့ထင်ယောင်ထင်မှားစိတ်ကူးတွေ” က ဆွဲဆောင်နိုင်ဘွယ်မရှိပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်ပကို နယ်မြေချဲ့ ထွင်မှုထက် တပါတီစံနစ်ထာဝရတည်မြဲဖို့ကသာ အရေးကြီးတယ် လို့ရှုမြင်ခဲ့ကြလို့ပါ။
တရုတ်နိုင်ငံဟာ ရုရှား၊ အိန္ဒိယ၊ ဂျပန် လို ကြောက်စရာကောင်းတဲ့အိမ်နီးချင်းနိုင်ငံတွေလည်းရှိနေပါတယ်။ သူတို့ဟာ ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုတွေ ကြိုးစားလာမဲ့ ဘယ်လိုခြေလှမ်းမျိုးကိုမဆို၊ ဒေါသတကြီးတုန့်ပြန်ကြမှာဖြစ်ပါတယ်။

မကြာသေးခင်နှစ်များအတွင်းက၊ အရှေ့တောင်အာရှအတွင်းမှာ၊ တရုတ်ပြည်ဟာ ပထဝီဝင်နိုင်ငံရေးအတွက် အကြီးမားဆုံးနိုင်ငံတခုအဖြစ် တက်လှမ်းရောက်ရှိခဲ့ပေမဲ့၊ အဲ့ဒီ နိုင်ငံတွေဟာ တရုတ်ပြည် ရဲ့ လည်ပတ်မှုလမ်းကြောင်းထဲမှာ လုံးဝကျရောက်သွားဖို့ ဆန္ဒမရှိခဲ့ကြပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း အဲ့ဒီဒေသရဲ့ကံကြမ္မာကို တရုတ်လက်ထဲလုံးဝဥသုံ၊လွယ်လွယ်ကူကူ လွှဲပစ်လိုက်မယ် ဆိုတဲ့ စိတ်ကူးလည်းမရှိပါဘူး။ ဒါကြောင့် ရှုပ်ထွေးနက်နဲလှတဲ့အကြောင်းများစွာကိုကြည့်လိုက်မယ်ဆိုရင်၊ အာရှသားတွေကြားမှာ တရုတ်ရဲ့ကြီးထွားဖွံ့ဖြိုးလာမှုကို လိုလိုချင်ချင်မရှိကြပါဘူး။ ကြောက်ရွံ့မှု၊ စိတ်မသက်သာမှုတွေနဲ့သာခံစားနေခဲ့ကြပါတယ်။ ဂလိုဘယ် အကြာင်းအရာတွေကို လေ့လာသုံးသပ်ထားတဲ့ ချီကာဂိုကောင်စီ ရဲ့ စာတမ်းအရ၊ ဂျပန်လူမျိုးရဲ့(၁၀) ရာခှိုင်နှုန်း၊ တောင်ကိုရီးယားသားတွေရဲ့ (၂၁) ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံသား (၂၇) ရာခိုင်နှုန်းတွေလောက် ကသာတရုတ်ပြည်ကို အာရှခေါင်းဆောင်အဖြစ်သတ်မှတ်ဖို့ သက်တောင့်သက်သာဖြစ်ကြတယ် လို့ဆိုတယ်။

(ဆ) အာရှဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးမှု ဆုံးရှုံးနေပြီလားလုံးဝမဟုတ်ပါဘူး။ အီရတ်စစ်ပွဲ၊ အာဖကန်နစ္စတန်စစ်ပွဲ နဲ့ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုတွေထဲမှာ နစ်မြှုပ်နေခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုဟာ ဆူပါပါဝါနိုင်ငံအဆင့်ကနေ တဖြည်းဖြည်း ကျဆင်းနေတယ် လို့ ရှုမြင်နိုင်ပါတယ်။ သူ့ရဲ့အာရှနိုင်ငံတွေအပေါ်လွှမ်းမိုးမှုကလည်း လျော့နည်းလာပါတယ်။
အင်အားကြီးမားခဲ့တဲ့ ဒေါ်လာတန်ဘိုးဟာ တရုတ်ယွမ်ငွေ နဲ့ နှိုင်းယှဉ်လိုက်ရင် တောင်းဆိုမှုတွေနည်းပါးလာသလို၊
မြောက်ကိုရီးယားနိုင်ငံကလည်း ဝါရှင်တန်ရဲ့အလိုဆန္ဒကိုပြောင်ပြောင်တင်းတင်းအာခံပျက်ရယ်ပြုနေတယ်။
ဒါပေမဲ့ ဒီအချက်တွေကိုကြည့်ပြီး အာရှဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့သြဇာညောင်းမှု ပြီးဆုံးသွားပြီလို့ ကြေငြာနိုင်ဖို့ ဆိုတာစောလွန်းပါသေးတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ နိုင်ငံရေး၊စီးပွားရေးစံနစ် ယန္ဓရားကို၊ ပြန်လည်ပြင်ဆင်တည့်မတ်ပြီး ဆုတ်ယုတ်ကျဆင်းနေတဲ့ လက်ရှိအခြေအနေတွေကနေ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ထင်ရပါတယ်။ တကယ်တော့ အာရှဒေသခေါင်းဆောင်မှုဖြစ်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာ အခြေခံအကြောင်းအရာတွေအများကြီးရှိပါတယ်။
စစ်ရေး၊ စီးပွားရေးတင်သာမကပါဘူး။ အလှအပ တခု ကိုခံစားသလိုပါပဲ၊ နိုင်ငံရဲ့ပထဝီဝင်နိုင်ငံရေးလွှမ်းမိုးမှုကို ကြည့်မြင်သူရဲ့ မျက်လုံးထဲမှာသာမူတည်ပါတယ်။ တချို့လူတွေက အာရှဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့သြဇာလွှမ်းမိုးမှုတွေကျဆင်းနေတယ် ဆိုတာကို အချက်အလက်တခုအဖြစ် ရှုမြင်နေကြပေမဲ့၊ ချီကာဂိုကောင်စီရဲ့ လေ့လာမှုတခုအရ၊ တရုတ်လူမျိုး( ၆၉) ရာခိုင်နှုန်း၊ အင်ဒိုနီးရှားလူမျိုး (၇၅) ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံသား (၇၆) ရာခိုင်နှုန်း နဲ့ ဂျပန်လူမျိုး (၇၉) ရာခိုင်နှုန်းကတော့
အမေရိကန်ပြည်ထောင်စုရဲ့လွှမ်းမိုးမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကစပြီး ပိုမိုမြင့်မားလာခဲ့တယ် လို့ ဆိုပါတယ်။ အရေးကြီးဆုံး အခြားအကြောင်းအရာတခုကတော့ အာရှနိုင်ငံတော်တော်များများဟာ သူတို့ဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရေရှည်သြဇာ လွှမ်းမိုးမှုကို ကြိုဆိုခဲ့ကြပါတယ်။ ဝါရှင်တန်ဟာ အာရှရဲ့ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်သူအဖြစ် သဘောထားနေခဲ့ကြတယ်။
နယူးဒေလီ မှ တိုကျိုအထိ ၊ အာရှရဲ့လက်ရွေးစင်လူတန်းစားတွေဟာ ပီကင်းကိုစောင့်ကြည့်ဖို့အတွက် အန်ကယ်ဆမ် ကို မျှော်လင့်တွက်ချက်ထားလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အာရှရဲ့ပထဝီဝင်နိုင်ငံရေး၊ စီးပွားရေး ကြီးထွားလွှမ်းမိုးလာမှုဟာ ဆယ်စုနှစ်တွေအတွင်းမှာ လျင်မြန်စွာပျံဝဲလာပါတော့မယ်။ အာရှဒေသဟာ နိုင်ငံတကာအစီအစဉ်ဒေါက်တိုင်တွေထဲက တခုအဖြစ်ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ အာရှအကြောင်းစဉ်းစားတဲ့အခါ၊ ကျနော်တို့ကိုယ်တိုင် ပိုပြီးမတွက်ချက်ဖို့လိုပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကလည်း ကောင်းကင်က ကြယ်တစင်းလိုထွန်းလင်းခဲ့တာမဟုတ်ပါဘူး။
ဒေသတွင်းနိုင်ငံတွေကြားက ခြားနားတဲ့ယဉ်ကျေးမှုတွေ၊ ပြင်းထန်တဲ့ပြိုင်ဆိုင်မှု သမိုင်းတွေကိုကြည့်ခြင်းအားဖြင့် အာရှဟာ ဥရောပသမဂ္ဂလို ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံရေးပေါင်းစည်းညီညွတ်မှုဆိုတာမျိုးကို ကျနော်တို့တသက်တာမှာ တွေ့နိုင်လိမ့်မယ် မထင်ပါဘူး။ တခါတုန်းက ဟင်နရီကစ်ဆင်းဂျားရဲ့ကျော်ကြားခဲ့တဲ့ မေးခွန်းတခုလိုပါပ။ဲ
“ တကယ်လို့ “ဥရောပ” လို့ ခေါ်ချင်တယ်ဆိုရင် ကျနော်က ဘယ်သူကိုခေါ်ရမှာလဲ”။ ကျနော်တို့လည်း အာရှဒေသအတွက် အဲ့ဒီလိုမေးခွန်းမျိုး မေးနိုင်ပါတယ်။ အာရှရဲ့ကြီးထွားမှုဟာ အန္တရာယ်တွေထက် အခွင့်အလမ်းတွေကို ကိုယ်စားပြုသင့်တယ် လို့ အားလုံးက ပြောခဲ့ကြပါတယ်။
ဒေသကြီးထွားမှုဟာ ဆင်းရဲငတ်ပြတ်မှုသန်းထောင်ပေါင်းများစွာ ကို ပပျောက်စေခဲ့ယုံမက၊ အနောက်နိုင်ငံထုတ်ပစ္စည်းတွေလည်း ပိုမိုလိုအပ်လာပါလိမ့်မယ်။ ဒေသတွင်းမှာတည်ရှိနေတဲ့ အက်ကွဲမှုတွေဟာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့  တရုတ်နဲ့ရုရှားလွှမ်းမိုးမှုကိုပြန်လည်ချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်ပြည်ထောင်စုကို အလိုရှိနေကြပါအုံးမယ်။အနောက်နိုင်ငံသားတွေအတွက်တော့ အာရှရဲ့ကြီးထွားမှုဟာ သူတို့နိုင်ငံတွေကို နိုင်ငံတကာနိုင်ငံရေးစံနစ်ထဲမှာအစီစဉ်တကျရရှိဖို့အတွက်၊ အရေးတကြီးလိုအပ်နေတ့ဖဲိအားပေးပြိုင်ဆိုင်မှုတွေကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ တကယ်တော့ အာရှရဲ့ကြီးထွားမှုဟာ အနောက်တိုင်းသားတွေအတွက် သွေးလေခြောက်ခြားစေမဲ့သေဆုံးမှုမျိုးမဟုတ်ပါဘူး။
အောင်မိုးဝင်း
Minxin Pei ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးကတော့ The Dark Side of China’s Rise ပဲဖြစ်ပါတယ်။
Foreign Policy, March/ April 2006) မှာရေးခဲ့တဲ့ဆောင်းပါးလေးပါ။ လက်ရှိအခြေအနေနဲ့ဘယ်လောက်ကိုက်ညီလဲ။
လူတချို့ပြောနေတဲ့ အကဲဖြတ်ချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်။