ညိုထက်ညို
ရာသီဥတု အနေနှင့်မူ ထိုနေ့သည် ခါတိုင်းသော မြန်မာနိုင်ငံ၏ နွေနေ့များနှင့် ဘာမှကွဲပြားခြားနား မှုမရှိသော သာမန်နွေတနေ့သာ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး မိုးကောင်းကင်တွင်မူ လွန်ခဲ့သော လအနည်းငယ်ခန့်မှ အစပြု၍ တွားတက်လာခဲ့သော တိမ်တောင်တိမ်လိပ်များကြောင့် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ ဖြစ်နေခဲ့ရပြီ ဖြစ်ပါသည်။ ထိုအချိန်က ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားလာနေသော ရန်ကုန်မြို့သားတယောက်အား ယခုအလိုချင်ဆုံးအရာသည် မည်သည့်အရာ ဖြစ်ပါသနည်းဟု မေးမြန်းခဲ့မည်ဆိုပါလျှင် ထိုသူ၏ နှုတ်ဖျားမှ ”အပြောင်းအလဲ” ဟူသော စကားလုံး များထွက်အံကျလာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။
ရာသီဥတု အနေနှင့်မူ ထိုနေ့သည် ခါတိုင်းသော မြန်မာနိုင်ငံ၏ နွေနေ့များနှင့် ဘာမှကွဲပြားခြားနား မှုမရှိသော သာမန်နွေတနေ့သာ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး မိုးကောင်းကင်တွင်မူ လွန်ခဲ့သော လအနည်းငယ်ခန့်မှ အစပြု၍ တွားတက်လာခဲ့သော တိမ်တောင်တိမ်လိပ်များကြောင့် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ ဖြစ်နေခဲ့ရပြီ ဖြစ်ပါသည်။ ထိုအချိန်က ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားလာနေသော ရန်ကုန်မြို့သားတယောက်အား ယခုအလိုချင်ဆုံးအရာသည် မည်သည့်အရာ ဖြစ်ပါသနည်းဟု မေးမြန်းခဲ့မည်ဆိုပါလျှင် ထိုသူ၏ နှုတ်ဖျားမှ ”အပြောင်းအလဲ” ဟူသော စကားလုံး များထွက်အံကျလာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။
ဤနေရာတွင် ထိုနေ့မတိုင်မှီ လအနည်းငယ်မှ အစပြု၍ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ အကြောင်း အနည်းငယ်ရေးသား လိုပါသည်။ ထိုသို့ဖော်ပြမှသာ ထိုနေ့၏ နောက်ခံအခင်းအကျင်း သည် စာဖတ်သူ၏ အမြင်တွင် ပိုမိုရုပ်လုံး ပေါ်လာနိုင်စရာ ရှိပါသည်။ ပိုင်းဖြတ်၍ ပြောရမည်ဆိုလျှင် နိုင်ငံတဝှမ်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများကို တရားမဝင် ကြေညာလိုက်သည့် ၁၉၈၇ခုနှစ် စက်တင်ဘာလ မှ အစပြု၍ ပြောရမည်ဖြစ်ပါသည်။ အမှန်ကိုဆိုရလျှင် ထိုသို့ ငွေစက္ကူများကို တရားမဝင် ကြေညာခြင်းသည် ၁၉၆၂ ခုနှစ်မှ အစပြုခဲ့သော စစ်အာဏာရှင်စနစ် အတိအကျ လွှမ်းမိုးသည့် မြန်မာ့နိုင်ငံရေး သမိုင်းအတွက် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါ။ ထို့မတိုင်မီ နှစ်ပေါင်းများစွာကပင် ငွေစက္ကူများကို အကြိမ်ကြိမ် တရားမဝင်ကြေညာ ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ၁၉၈၇ခုနှစ်သည် ကုန်လွန်ခဲ့သော နှစ်များနှင့် ကွဲပြားခြားနား သွားခဲ့ရပြီ ဖြစ်ပါသည်။ ယိုင်နဲ့ပြိုလဲ နေပြီဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဤတကြိမ် ငွေစက္ကူများကို တရားမဝင်ကြေညာ ခြင်း၏ ဒဏ်ကို ခံနိုင်စွမ်း ကင်းမဲ့ခဲ့ပြီ ဖြစ်ပါသည်။ ဤတွင် မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော ကျောင်းသားထုနှင့် ပြည်သူလူထု ထံမှ မကျေမနပ် တုံ့ပြန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါသည်။ တိုင်းပြည်၏ အာဏာကို အလုံးစုံ ချုပ်ကိုင်ထား သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကမူ ထိုတုံ့ပြန်သံများကို ပါတီ၏သက်တမ်း တလျှောက် ကျင့်သုံးလာခဲ့သည့် ပေလယျကန် ပြုခြင်းနှင့်သာ ပြန်လည်တုံ့ပြန်ခဲ့ပါသည်။ အထက်ဖော်ပြပါ အချက်များမှာ ထိုနေ့၏ နောက်ခံကားချပ်တွင် တစိတ်တပိုင်းအားဖြင့် ပါဝင်နေသော ဆေးရောင်စုံ စုတ်ချက်များ ဖြစ်ပါသည်။
ထိုနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် ၁၉၈၈ခုနှစ် မတ်လ၁၂ရက်နေ့တွင်မူ ဘာမျှ ထူးခြားမှုမရှိသည့် သာမန် အဖြစ်အပျက်တစ်ခုသည် ကြို့ကုန်းတွင်ရှိသော ရန်ကုန်စက်မှုတက္ကသိုလ် အနီးရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ပါသည်။ သို့သော် ထိုစဉ်ကမူ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အစစ်အမှန်ကို ရန်ကုန်မြို့သူမြို့သားများ သိခွင့်မရခဲ့ပါ။ ရန်ကုန်မြို့သူမြို့သားတို့ သိခွင့်ရခဲ့သည်မှာ တဆင့်စကား တဆင့်နားဖြင့် ကြားရသော အတည်မပြုနိုင်သေးသည့် သတင်းများသာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အဖြစ်အပျက် အမှန်ကို အမြဲတစေ လိမ်လည်ဖုံးဖိ၍ ထုတ်လွှင့်လေ့ရှိသော အစိုးရ အာဘော် မြန်မာ့အသံထက် ဤအရပ်သတင်းများက အမှန်နှင့်ပို၍ နီးစပ်ကြောင်း ဘဝပေး အတွေ့အကြုံအရ ရန်ကုန်မြို့သူမြို့သားများက သိရှိခဲ့ပြီး ဖြစ်ပါသည်။ အနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော ယနေ့တွင်မူ ထိုစဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မျက်မြင်သက်သေများ၊ ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့သူများ မှတဆင့် ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့ပြီ ဖြစ်ပါသည်။ အကျဉ်းချုပ်၍ ပြောရမည်ဆိုလျှင် ထိုမတ်လ၁၂ရက်နေ့ညနေတွင် စန္ဒာဝင်း လက်ဖက်ရည်ဆိုင်၌ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား အချို့နှင့် ကြို့ကုန်းအရပ်သားအချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါသည်။ လမ်းအားလုံးသည် ရောမမြို့ကြီးသို့ ဦးတည်နေသည် ဟူသော စကားပုံကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းခံ မည်သို့ရှိသည်ဖြစ်စေ ၂၆နှစ်တိုင်တိုင် မြန်မာနိုင်ငံ၏ ရေမြေအလုံးကို အုပ်စိုးခဲ့သည့် စစ်အာဏာရှင်စနစ်ကို တော်လှန်ပြောင်းလဲရန် အတွက် သမိုင်းက သူ၏ ပထမဆုံးခြေလှမ်းကို ထိုညကပင် စတင်လှမ်းခဲ့ပြီ ဖြစ်ပါသည်။
မတ်လ၁၃ရက်နေ့ ညတွင်မူ ယမန်နေ့ညက ဖြစ်ပွားခဲ့သော ရန်ပွဲ၏ ဇာတ်ရှိန်သည် အထွတ်အထိပ် သို့ ရောက်ရှိခဲ့ပါသည်။ အသေးစိတ်အချက်အလက်များ ကိုမူ ဤနေရာတွင် အကျယ်မရေးတော့ပါ။ မည်သို့ပင်ဖြစ်စေ ရန်ပွဲကို အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံသည် မလှသောနိဂုံးဖြင့်သာ အဆုံးသတ်ခဲ့ရ ပါသည်။ ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာ ကျောင်းသားဖြစ်သူ ကိုဖုန်းမော်သည် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ၏ ကျည်ဆန်ဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ရ ပါသည် (အခြား ဒဏ်ရာရရှိသူ ကျောင်းသားများအနက်မှ ကိုစိုးနိုင်သည်လဲ နှစ်လအကြာတွင် ကွယ်လွန်ခဲ့ရပါသည်) ။ ဖြစ်မြဲထုံးစံအတိုင်း အစိုးရရေဒီယိုမှမူ ဖြစ်ရန်မှန်ကို ဖုံးဖိ၍ ကျောင်းသားများနှင့် အရပ်သားများ ခိုက်ရန်ဖြစ်ပွားရာမှ ကိုဖုန်းမော် သေဆုံးသွားသယောင်ယောင် ထုတ်လွှင့်ကြေညာခဲ့ပါသည်။ ထိုသို့ ရေဒီယိုမှ ကြေညာသည်ကို ကြားသိရမှ ကိုဖုန်းမော်သေဆုံးကြောင်း မိသားစုမှ သိရှိခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် ကိုဖုန်းမော် သေဆုံးပြီးသည်မှာ ၁၅နာရီထက်မနည်း ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
ထို့နောက်တွင်မူ ဖြစ်သင့်ဖြစ်ထိုက်သည်တို့ ဖြစ်လေ့ဖြစ်ထမရှိသော မြန်မာနိုင်ငံတွင် မဖြစ်သင့် မဖြစ်ထိုက်သည်တို့ကသာ အစီအစဉ် ကျနစွာဖြင့် ဖြစ်လာခဲ့ပါသည်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ သွား၍ စုံစမ်းသော ကိုဖုန်းမော်၏ အစ်မဖြစ်သူသည် ကိုဖုန်းမော် သေဆုံးသွားရ ခြင်းတွင် ချွန်ထက်သောစူးဖြင့် ထိုးမိ၍ သေဆုံးသယောင်ယောင် သေနတ်ဒဏ်ရာကြောင့် ယောင်ယောင် မရေရာသော အဖြေကိုသာ ရရှိခဲ့ပါသည်။ ထို့ပြင် သူ့ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ရှိရာ ၄၇လမ်းသို့ ခေါ်ယူ၍ ကိုဖုန်းမောင်အကြောင်း အသေးစိတ် စစ်ဆေးမေးမြန်း ခဲ့ပါသည်။ ကိုဖုန်းမော်နေထိုင်ရာ ရပ်ကွက်မှ သူ့အိမ်တွင် အသုဘမဏ္ဍပ်ကို ထိုးပေးကြသော်လည်း ရပ်ကွက် ကောင်စီက မဏ္ဍပ်ကို ပြန်ဖျက်ခိုင်းပြီး အသုဘအိမ်နှင့် တူအောင်ပင် မနေရကြောင်း ပြောဆို တားမြစ်ခဲ့ပါသည်။ သတင်းစာတွင်လည်း နာရေးကြေညာ ထည့်ခွင့်မရခဲ့ကြပါ။
သက်ဆိုင်ရာမှ ကိုဖုန်းမော်၏ မိသားစုထံ တရားဝင် အကြောင်းကြားခြင်း ပြုလုပ်သည်မှာမူ ၁၅ရက်နေ့တွင်မှ ဖြစ်ပါသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် ကိုဖုန်းမော်၏ အလောင်းအား ကြည့်ရှုရန် ကိုဖုန်းမော်၏ မိသားစုအား ရန်ကုန်ဆေးရုံကြီးသို့ ခေါ်သွားကြပါသည်။ သို့သော် အလောင်းကို ကြည့်ရှုခွင့်ရသူမှာ ကိုဖုန်းမော်၏ အစ်မလတ်တစ်ယောက်သာ ဖြစ်ပါသည်။ အလောင်းပုံစံမှာ ခေါင်းတွင် သွေးများနှင့် ဖူးယောင်နေပြီး မျက်နှာကိုသာ ဖော်ထားကာ ကျန်အစိတ်အပိုင်းများကိုမူ မြင်ခွင့်မရခဲ့ကြောင်း ၎င်းက ပြန်လည်ပြောပြ ခဲ့ပါသည်။ တဆက်တည်း ၁၆ရက်နေ့ တွင်နာရေးကြေ ညာ ထည့်သွင်းပေးမည့်အကြောင်းနှင့် ၁၇ရက်နေ့တွင် အလောင်းကိုင်္သဂြိုဟ်ရန် မိသားစုထံ ပြန်လည်ပေးအပ်မည့် အကြောင်းလဲ အာဏာပိုင်တို့က ပြောကြားခဲ့ပါသည်။
ထိုအချိန်တွင် ကိုဖုန်းမော်၏ နေအိမ်ပြင်ပတွင်မူ ပြောင်းလဲမှု အများအပြား ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါသည်။ မတ်လ၁၅ရက်နေ့တွင်ပင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ စစ်တပ်မှ ဝင်စီးခဲ့ပြီး ဖြစ်ပါသည်။ ကိုဖုန်းမော်၏ နာရေးကြေညာ သတင်းစာတွင် ပါဝင်လာသော ၁၆ရက်နေ့ တွင်မူ နောင်တွင် တံတားနီ အရေးအခင်း ဟု လူသိများလာမည့် အဖြစ်အပျက်တခု အင်းလျားကန် အနီး ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဉ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် သို့ ချီတက်လာသော ရန်ကုန်တက္ကသိုလ် ပင်မမှ ကျောင်းသားများကို လုံထိန်းတပ်ဖွဲ့ နှင့် စစ်တပ်တို့မှ ညှပ်ပူးညှပ်ပိတ် ဖြိုခွင်းချေမှုန်း ခဲ့ပြီး အရေအတွက် အတိအကျ ယနေ့တိုင် မသိရသော ကျောင်းသားကျောင်းသူများ သေဆုံးခဲ့ရပါသည်။ ကိုဖုန်းမော်၏ ရုပ်အလောင်းကို င်္သဂြိုဟ်ခြင်း မပြုရသေးမီပင် ၎င်း၏နောက်သို့ ဘဝတူ အညတရ အာဇာနည်များ လိုက်ပါခဲ့ကြပြီး ဖြစ်ပါသည်။
၁၇ရက်နေ့ နံနက်တွင်မူ ကိုဖုန်းမော်၏ မိသားစုမှ ကိုဖုန်းမော်၏ ရုပ်အလောင်းကို လက်ခံရယူ၍ မိမိတို့ အစီအစဉ်ဖြင့် င်္သဂြိုဟ်ရန် အာဏာပိုင်များကို စောင့်ဆိုင်းနေခဲ့ ကြပါသည်။ သို့သော် ဝန်ကြီးနှင့် ခေတ္တတွေ့ဆုံရန် ဆင့်ခေါ်ခြင်းကသာ တကယ်ရောက်ရှိလာခဲ့ပါသည်။ ထို့နောက်တွင်မူ ကြိုတင်စီစဉ် ရေးဆွဲထားပြီးဖြစ်သည့် အဖြစ်အပျက်များက စီကာစဉ်ကာ ဖြစ်ပျက်ခဲ့ကြပါသည်။ ကိုဖုန်းမော်၏ မိသားစုကို ၄၇လမ်း ရုံးရှိရာသို့ ခေါ်သွားပြီး ထိုမှတဆင့် ဂျပန်ဆေးရုံ (အထွေထွေ ရောဂါကု ဆေးရုံ) သို့ ထပ်မံခေါ်သွားခဲ့ပါသည်။ ဆေးရုံတွင် 929 နှစ်စီး၊ အသုဘယာဉ်နှင့် ဘုန်းကြီးငါးပါးကို တင်ဆောင်လာသော ကားတစ်စီးကိုတွေ့မှ ကိုဖုန်းမော်အား အစိုးရ အစီအစဉ်နှင့် င်္သဂြိုဟ်ရန် စီစဉ်ပြီး ဖြစ်ကြောင်း မိသားစုမှ ရိပ်မိသိရှိကြပါတော့သည်။ ထိုအချိန်တွင်တော့ အာဏာပိုင်များ၏ အစီအစဉ်ကို လိုက်နာရုံမှလွဲ၍ အခြားမရှိတော့ပါ။ “မိမိတို့မှာ ငိုရုံမှလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ကြောင်း” နောင်တွင် ကိုဖုန်းမော်၏ အစ်မဖြစ်သူက ပြန်လည်ပြောကြား ခဲ့ပါသည်။ ကိုဖုန်းမော်၏ အလောင်းကိုမသ သူ့အစ်ကိုကသာ ရေခဲတိုက်ထဲသို့ ဝင်ရောက်ကြည့်ရှုခဲ့ပါသည်။ အလောင်းကို ရှပ်လက်ရှည်အဖြူ၊ ပုဆိုးတို့ဖြင့် ဝတ်စားဆင်ယင်ထားပြီး ရင်ဘတ်၊ ဆီးစပ်နှင့် ဒူးဆစ်အထက်ရှိ ချုပ်ထားသော သေနတ်ဒဏ်ရာများကိုပါ ကိုဖုန်းမော်၏ အစ်ကို တွေ့ခဲ့ရပါသည်။ ထို့ပြင် ဆရာဝန်က ကျည်ဆံနှစ်တောင့်ကိုပါ ပြသခဲ့ပါသည်။ ထို့နောက်တွင်မူ အစီအစဉ်အတိုင်း အပြင်ဘက်၌ ပင့်ဆောင်ထားသော ဘုန်းကြီးငါးပါးနှင့် သရဏဂုံတင်ခြင်းကို အကျဉ်းရုံး၍ ဆောင်ရွက် ခဲ့ရပါသည်။ အခြား မြန်မာလူမျိုးတို့၏ အသုဘထုံးတမ်းစဉ်လာများ ဖြစ်သည့် ရေအိုးခွဲခြင်း၊ စားမြိန်ထုပ်ထည့်ခြင်းတို့ကို မပြုလုပ်ခဲ့ရပါ။ ပိုက်ဆံကိုသာ အာဏာပိုင်များထံမှ တောင်း၍ ထည့်လိုက်ရပါသည်။ ထို့နောက်တွင် တာမွေသင်္ချိုင်းသို့ သွား၍ ကိုဖုန်းမော်၏ ရုပ်ကလာပ်အား မီးင်္သဂြိုဟ်ခဲ့ကြပါသည်။ ထိုအချိန်တွင် ကြံတောသုသာန်၌ ကိုဖုန်းမော်အား နောက်ဆုံး နှုတ်ဆက်ဂါရဝပြုရန် ကျောင်းသားနှင့်ပြည်သူ ထောင်ချီ၍ ရောက်ရှိနေခဲ့ကြောင်း နောင်တွင် သိရှိခဲ့ရပါသည်။
ယခုအချိန်တွင်မူ ကိုဖုန်းမော်၏ အကြောင်းနှင့်တကွ ထိုနေ့ထိုရက်က မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ကြ သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများမှ အတန်အသင့် ပြောပြီးဆိုပြီး ခဲ့ပြီဖြစ်ပါသည်။ သို့သော် ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း ငြိမ်သက်တိတ်ဆိတ်စွာ ယနေ့တိုင် ထီးတည်းရပ်နေကြရ ရှာသော စက်မှုတက္ကသိုလ်၏ သင်္ကေတ တိုင်ကြီး ၁၈တိုင်ကမူ သူတို့ ပြောဆိုနိုင်ခွင့် ရမည့် အချိန်ကို စောင့်စားနေကြရဆဲ ဖြစ်ပါသည်။ ရှည်လျားကြမ်းတမ်းလှသော မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုက်ပွဲ သမိုင်းအတွက်မူ ကိုဖုန်းမော်သည် ပထမဆုံး ကျဆုံးသွားခဲ့သူ မဟုတ်သကဲ့သို့ နောက်ဆုံး ကျဆုံးခဲ့ သူလဲ မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများကမူ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ များ၊ တိုက်ပွဲဝင်နေဆဲသူများ၊ တိုက်ပွဲဝင်ရင်း ကျဆုံးသွားရသူများ အားလုံးကို ကိုယ်စားပြု၍ သူသေဆုံးသွားခဲ့ရသည့် မတ်လ ၁၃ရက်နေ့အား မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခြင်းဖြင့် သူ့အား ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ကြပါသတည်း။ ။
ရည်ညွှန်း….စက်မှုအားမာန် စာစောင် အမှတ်စဉ် ၄ (၁၇၊၉၊၈၈)
ညိုထက်ညို
No comments:
Post a Comment