Tuesday, April 12, 2011

လက်ခုပ်နှစ်သံ
“ အကယ်ဒမီ နေတိုး ထာဝရနှင်းဆီ နှင့် မြန်မာ့စစ်အာဏာရှင်”
ယမန်နှစ်က မြန်မာနိုင်ငံ စစ်အစိုးရမှ ရိုက်ကူးပြသခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားနှင့် ပတ်သက်၍ ဂယက် အများအပြား ပေါ်ထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ယနေ့အထိ သမိုင်း အဖြစ်အပျက်များကို ရောယှက်ရိုက်ကူး ခဲ့သည့် ထိုဇာတ်ကားတွင် မှားယွင်းသော အချက်အလက်များ ဖြင့်သာ တင်းကြမ်းပြည့် နေခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုကြီး တစ်ခုလုံးကို သရော်စော်ကား ခဲ့သည့် ဇာတ်ကားတစ်ကား အဖြစ် သမိုင်းမှတ်တမ်းတင် ခဲ့ပြီး ဖြစ်ပါသည်။



ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် သူများ ပြည်ပနိုင်ငံများသို့ ဖျော်ဖြေရေး ခရီး ထွက်ခဲ့ ရာတွင် ပြည်ပရှိ မြန်မာ အမျိုးသားများ၊ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ကိုလည်း အများသိပြီး ဖြစ်ပါသည်။ ထိုသို့ ကန့်ကွက်မှုများကြောင့် အမေရိကန် အစိုးရက ဗီဇာပြန်လည် ရုပ်သိမ်းသဖြင့် အမေရိကန် ပြည်ထောင်စုသို့ ဖျော်ဖြေရန် ရောက်ရှိနေသူ အနုပညာရှင်များ အမေရိကန် ပြည်ထောင်စုမှ အဆောတလျင် ပြန်လည် ထွက်ခွာခဲ့ရသည်ကိုလဲ သတင်းများတွင် တွေ့ခဲ့ရပါသည်။


အမှန်စင်စစ် ရုပ်ရှင်အနုပညာရှင်များကို အသုံးချ၍ မြန်မာနိုင်ငံကို ချုပ်ကိုင်ထားသည့် စစ်အစိုးရ အဆက်ဆက်မှ ဝါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထိုကားများ ထွက်ပေါ်လာစဉ်က ယခု “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားမှ သရုပ်ဆောင်အချို့ သရုပ်ဆောင် ဖြစ်ရန်ဝေး၍ အရွယ်ပင် ရောက်ကြဦးမည် မဟုတ်ပါ။ တစ်ခါတစ်ရံ ထိုဇာတ်ကားများကို ထိုစဉ်က ပြည်သူတစ်ယောက် အနေနှင့် ကြည့်ရှုပြီး ယင်းတို့ မည်သို့မည်ပုံ ခံစားရပါသနည်းဟု ယခု ထိုသရုပ်ဆောင်တို့ကို ပြန်လည်မေးခွန်း ထုတ်ချင်စိတ်ပင် ပေါက်မိပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်သည် ထာဝရ တည်တံ့နေမည် မဟုတ်။ အဆုံးတစ်နေ့ တွင် ပျက်သုဉ်းရမည် ဖြစ်ရာ ယင်းနေ့တွင် ဆန္ဒာကြောင့် ဖြစ်စေ၊ ဘယာကြောင့် ဖြစ်စေ ထိုဇာတ်ကားများကို ရိုက်ကူးခဲ့သော ထိုထို အနုပညာရှင်များ မည်သို့မည်ပုံ ပြောကြဦးမည်နည်း ဟု သိချင်စိတ် ဖြစ်မိပါသည်။

သို့သော် ရုပ်ရှင်အနုပညာသည်တိုင်း စစ်အာဏာပိုင်တို့၏ အသုံးချခြင်းကို လက်သင့်ခံခဲ့ ကြသည်မဟုတ်ပါ။ ဥပမာအနေဖြင့် ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ သည် စစ်အာဏာပိုင် တို့ အလိုကျ ပြုမူရန် ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့ပါသည်။ ထိုသို့ ငြင်းဆန်ခဲ့ခြင်းကြောင့် ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခွင့် ပိတ်ပင်ခံခဲ့ရပါသည်။ ထို့ပြင် ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ သည်လည်း ပြည်သူ့ဘက်မှ ရပ်တည်ခဲ့၍ မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်လများ ထောင်ဒဏ်ကျခံနေရသည်ကို အများပြည်သူ သိရှိပြီးဖြစ်ပါသည်။

ယခုတစ်ခါ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးသော “ထာဝရနှင်းဆီ” အငြိမ့်သဘင် နယူးဇီလန် နိုင်ငံ အော့ကလန်မြို့တွင် ယခုလ ၂၄ရက်နေ့တွင် လာရောက် ဖျော်ဖြေမည့် သတင်းကို ဖတ်ရှုရပါသည်။ ပါဝင်သော မင်းသားမင်းသမီးများမှာ “အကယ်ဒမီ နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ မိုးမိုး၊ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ နှင့် ဖူးစုံ တို့ဖြစ်ပါသည်။

နယူးဇီလန် တွင် နေထိုင်သော မြန်မာများ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ နိုင်ငံရေး ခိုလှုံခွင့် နှင့် နေထိုင်ကြသူများ ဖြစ်ပါသည်။ ယင်းတို့အထဲတွင် ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နှင့် ထိုင်းနယ်စပ် နှင့် မလေးရှားနိုင်ငံမှ ရောက်ရှိလာသူ မြန်မာနိုင်ငံသားများ ပါဝင်ကြပါသည်။ နယူးဇီလန် နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများ အနေနှင့် ယနေ့အထိ ကျောင်းသားတပ်မတော် အပါအဝင် အခြား နိုင်ငံရေး အဖွဲ့အစည်းများနှင့် အဆက်အသွယ် မပြတ်ဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ပံ့ပိုးလျက် ရှိပါသည်။

အခြားတစ်ဖက်တွင် ခေတ်အဆက်ဆက် ရှိခဲ့သော “ယုန်နှင့်အတူပြေး ခွေးနှင့်အတူလိုက်” ချင်သည့် လူများလဲ ရှိနေသည်ကို မငြင်းနိုင်ပါ။

ယခု နယူးဇီလန်နိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် “ထာဝရနှင်းဆီ” အငြိမ့်သဘင်တွင် ပါဝင်သူ မင်းသားမင်းသမီး များအနက် အကယ်ဒမီ နေတိုး မှာ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါသည်။ ယင်းကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အတွက် ပြစ်တင်ကန့်ကွက်မှုများ ကိုလည်း ခံခဲ့ရသူ ဖြစ်ပါသည်။

သို့သော် ယမန်နှစ် နိုဝင်ဘာလ ၂၁ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဖျော်ဖြေခဲ့သော “ထာဝရနှင်းဆီ” အငြိမ့်တွင်မူ နေတိုးမှ လူရွှင်တော် တစ်ယောက်အဖြစ် စစ်အစိုးရကို သရော်သော ပြက်လုံးများနှင့် ဖျော်ဖြေခဲ့သောကြောင့် ပွဲကြည့်ပရိသတ်များ၏ နှစ်ခြိုက်စွာ အားပေးမှုကို ရရှိခဲ့ပါသည်။

ကွာဝေးမှု မရှိသော အချိန်ကာလ နှစ်ခုအတွင်း မင်းသား နေတိုး အနေဖြင့် လက်ခုပ်သံ နှစ်မျိုးကို ကြားခဲ့ရပြီး ဖြစ်ပါသည်။ လက်ခုပ်သံတစ်မျိုးမှာ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင် သရုပ်ဆောင်ခဲ့သည့် အတွက် ကြားခဲ့ရခြင်း ဖြစ်ပြီး နောက်တစ်မျိုးမှာ “ထာဝရနှင်းဆီ” တွင် လူရွှင်တော်တစ်ယောက် အဖြစ် ပါဝင် အသုံးတော်ခံခဲ့ခြင်း အတွက် ကြားခဲ့ရခြင်း ဖြစ်ပါသည်။

လက်ခုပ်သံချင်း တူသော်လည်း ယင်းလက်ခုပ်သံ နှစ်ခုကြားတွင် ကြီးမားသော ကွဲပြားခြားနားမှု ရှိနေပါသည်။ လက်ခုပ်သံတစ်မျိုးမှာ စစ်ယူနီဖောင်းဝတ်ထားသူ များက တီးသော လက်ခုပ်သံများ ဖြစ်၍ နောက်တစ်မျိုးမှာ ပြည်သူများက တီးသော လက်ခုပ်သံများ ဖြစ်နေခြင်း ဖြစ်ပါသည်။

မည်သည့်လက်ခုပ်သံ က နားဝင်ချိုသည်ကိုမူ ရုပ်ရှင်သရုပ်ဆောင် နေတိုး အနေဖြင့် ခွဲခြား သိနိုင်လောက်ပြီဟု မျှော်လင့်မိပါသည်။   ။

ခိုင်မှူး

1 comment:

  1. Ko Khine Mhu,
    You should mention about suck movie " Tu naing mae thit sar " to honour Armed Forces Day, this year. Nay Toe silly again in this movie.
    Anyway, I really like your one. Cheers!

    ReplyDelete