Friday, May 13, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ

(ဗလ)
( အပိုင်း )
ကျနော် ဒီစာကိုအစပျိုးထားခဲ့တာ ဒါမှမဟုတ် ရေးနေခဲ့တာ ကြာပါပြီ၊ အကြောင်းအမျိုး မျိုး ကြောင့် ဆုံးအောင်ဆက်မရေးဖြစ်ခဲ့ပါ ။ လူအများဖတ်ဖို့လဲ တင်ပြခြင်း မလုပ်ခဲ့မိပါ။ အဓိက အကြောင်းကတော့ အကျိုးထက် အဆိုးများသွားမှာ ကြောက်လို့ ဖြစ်ပါတယ်။

အခုတလောတော့ စေ့ဆော်မှုတွေအများကြီးက၊ ဆုံးအောင်ရေးဖို့နဲ့ ထုတ် ပြန်ဖို့ တွန်းအားဖြစ် လာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဦးဆောင်မှုတွေကို အားမလိုအားမရ ဖြစ်တာတွေနဲ့ လမ်းကြောင်းသစ်အတွက် စူးစမ်းကြံဆ ဆွေးနွေး လာနေကြတာကို တွေ့ရတော့ ဘာ့ကြောင့် ဘာ့ကြောင့်ဘယ်လိုဖြစ် နေတယ် ဆိုတာနဲ့ အရွေ့က ဘယ်အဆင့် ဘယ်နေရာ ကို ရောက်နေပြီး ဘယ် ကို ဦးတည်နေတယ်ဆိုတာကို ဆွေးနွေးဖို့ လိုလာပြီ ထင်မိပါတယ်။ နိုင်ငံရေး ကိစ္စကို နိုင်ငံရေး သက်သက်ပဲ ရေးလိုပါတယ်၊ လူပုဂ္ဂိုလ် အမည်တွေ အဖွဲ့ အစည်း အမည်တွေ မပါစေချင်ပါ။ ဒါပေမဲ့ ခုစာမှာတော့ မလွဲသာ မရှောင်သာ ထည့်ရေးစရာတွေ ရှိနိုင်ပါသည်။ ကျနော် အတက်နိုင်ဆုံးတော့ ကြိုးစားပြီး အဖြစ်အပျက် သက်သက်ကို ရေးပါမည်။


ကျနော်တို့ တိုင်းပြည်မှာ ယခုအခါ စည်းလုံးညီညွတ်မှု ပျက်ပြီး အစိတ်စိတ် အပိုင်းပိုင်း ဖြစ်နေတာ အထင်အခြား ဖြစ်ပါသည်။ စစ်အာဏာရှင်များ အပိုင်းနဲ့ ကျန်တဲ့သူများ အ ပိုင်းကတော့ သိသာ ထင်ခြားတဲ့ ကွဲပြားမှု ဖြစ်ပါသည်။ အမျိုးသားနိုင်ငံ တည် ဆောက်ရေး အခြေခံ အမြင်နဲ့  နိုင်ငံ တခုတည်းက အမျိုးသားတွေပဲ လို့သာ မကြည့် ရင် ရန်ဘက်သဘောဆောင်တဲ့ ကွဲပြားမှု ဖြစ်နေတာလဲ ငြင်းပယ်လို့ မရပါဘူး။
စစ်အာဏာရှင်အစုကလွဲလို့ ကျန်တဲ့ အစုတွေအတွင်းက ကွဲပြားမှု နဲ့ ပဋိပက္ခ တွေကို မိတ်ဘက် သဘော ဆောင်တဲ့ ကွဲပြားမှု နဲ့ ပဋိပက္ခ တွေပါလို့ ယေဘူယျ 
ပြောကြပေမဲ့ လူတိုင်းက အစုတိုင်းက အဲဒီလို တသဘောထဲ ထားကြရဲ့လားဆိုတာ ကျနော်တော့ မသေချာပါဘူး။

ရန်ဘက် ပြိုင်ဆိုင်မှုတွေ အဖြစ် ဒုတိယ ကမ္ဘာစစ်ကြိုကာလက အမျိုးသား နိုင်ငံကြီးတွေ အခြင်းခြင်း အကြား ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ၊ အမျိုးသားလွတ်မြောက် ရေး ရုန်းကန်တိုက်ပွဲဝင် နေကြသူတွေနဲ့ နယ်ချဲ့ ကိုလိုနီအစိုးရဘက် သားတွေ အကြားက ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ၊ ကိုတော့ ထင်ထင်ခြားခြား သိနိုင်မြင်နိုင်ခဲ့ကြ ပါတယ်။ ဓနရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစား အကြားက ကွဲပြားမှု နဲ့  ပဋိပက ကို ရန်ဘက်သဘောလို့ သတ်မှတ်တဲ့လူက သတ်မှတ်ကြပေမဲ့ တိုင်းပြည် တချို့ ကတော့ အမျိုးသား အကျိုးစီးပွါးကို အခြေခံပြီး စေ့စပ်ညှိနှိုင်း တဲ့ နည်းနဲ့ ဖြေရှင်းသွားကြပါ တယ်။ စစ်အေးတိုက်ပွဲ ကာလမှာလဲ ရန်ဘက် ယှဉ်ပြိုင်မှုကို အများကြီး မြင်ခဲ့ကြ ရတာပေါ့။ အဲဒီလို ရန်ဘက်သဘောဆောင်တဲ့ ယှဉ်ပြိုင် တိုက်ခိုက်မှုတွေ အတွင်း အနိုင် ရရေး အဓိက နဲ့ နည်းလမ်းပေါင်းစုံကို သုံးခဲ့ကြတာလဲ အများ အသိပါပဲ။
  
၂ဝ၁ဝ ရွှေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေ ထုတ်ပြန်လိုက်ပြီးတဲ့ ဒီအချိန်မှာ ဗမာပြည် စစ်အစိုးရ နအဖ အုပ်စုရဲ့ သဘော ထားက ပိုလို့ သိသာထင်ခြား ဖြစ်လာတာက ဘယ် အုပ်စု ဘယ်အတိုက်အခံကိုမှ စေ့စပ်ညှိနှိုင်းဖို့ အမျိုးသားရေးအတွက် ရင်ကြားစေ့ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားမရှိဘူး ဆိုတာနဲ့၊ အားလုံးကို အကြွင်းမဲ့ လက် နက်ချဖို့ တောင်းဆိုရင်း အမြစ်ပြတ် ခြေမှုန်းရေးကိုဘဲ ဆက်လုပ်နေတယ် ဆိုတာ ပါဘဲ။ ဒီတော့ သူတို့က ကျနော်တို့ကို ရန်ဘက်လို့ပဲ သဘောထားတာ ထင်ခြား တာပေါ့။ ကျနော်တို့ကကော ……..

အဲဒီလိုအချိန်မှာ ကျနော်တို့ရဲ့ ကြိုးပမ်းချက်က ၉၀-ခုနှစ် ရွှေးကောက်ပွဲ ရလဒ် ထိန်းသိမ်းရေးနဲ့ စစ်အင်အားအပေါ်မှာ မာန်တက်လွန်းတဲ့ နအဖကို စစ်ရေးဖိအား ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်း အနေနဲ့တော့ ပြည်သူ့ပါလီမန်ဖွဲ့ရေးနဲ့ ဖက်ဒရယ် တပ်မတော် ထူထောင်ရေးဖြစ်ပါတယ်။ ဒီ နှစ်ခုကို ခွဲပြောနေပေမဲ့ တကယ်ကြတော့ တဆက်တစပ်တည်းကိစ္စ ဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ရှောင်တခင် အရေးပေါ်ထ လုပ်ကြတာလဲ မဟုတ်ပါဘူး၊ ကြိုးပမ်းခဲ့ ကြတာ ကြာပါပြီ။ ဒါကိုတော့ နောက်ကြောင်း နဲနဲ ပြန်လိုပါသည်။

….. ကျနော်တို့ရဲ့ သုံးသပ် ကြံဆချက်က ဒီလိုပါ နအဖကို တွေ့ဆုံဆွေးနွေးရေး အတွက်နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ၀ိုင်းပီး ပြောနေ ဖိအားပေးနေကြတာ ကြာပါပြီ။ တွေ့ဆုံ စကားပြောဖို့ကို ရောက်မလာသေးတာက လုံလောက်တဲ့ ဖိအား မပေးနိုင်ကြသေးလို့ ဆိုပါစို့။ ဖိအားထပ်တိုးပေးဖို့ ဆိုရင် ကျနော်တို့ ဘက်က အား ပျော့လျော့ကြသွားခဲ့တဲ့ စစ်ရေးဖိအားကို ပြန်တိုးပေးနိုင်ရင် ကောင်းမယ်။ တပြည်လုံး ကိုဖြန့်ခွဲ ချထားတဲ့ သူ့ရဲ့ စစ်အင်အားတွေနဲ့ တပြည်လုံးမှာ ပြန့်ကျဲ တည်ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အကြားမှာ သူ့ရဲ့ အရေးကြီးတဲ့အားသာချက် တခုက ဗဟိုအမိန့်ပေး စံနစ် ရှိခြင်းဖြစ်ပါသည်။ အဲဒါကြောင့် တဖွဲ့ခြင်း တစုခြင်းကို လှည့် ပါတ်ခြေမှုန်းရေးလုပ်နေတဲ့ နအဖကို။ အစည်းဝေးဆုံးဖြတ်ချက်တွေနဲ့ ၊ စာရွက်တွေ အပေါ် ဘယ်လောက်ပဲ ညီညွတ်ရေး ရှိနေနေ တပြည်လုံး တတိုင်းအတာနဲ့ စစ်ကစား ပြီး မတုံ့ပြန်နိုင်တာ ကျနော်တို့မှာ ဗဟိုအမိန့်စံနစ် မရှိလို့ဖြစ်ပါတယ်။ ဒီလိုအပ်ချက် ကိုဖေါ်ဆောင်ဖို့နဲ့ နအဖရဲ့တခြား အားနည်းချက်တွေကို ထိုးနှက်နိုင်ဖို့ ကျနော်တို့ ဘက်က ဖက်ဒရယ်တပ်မတော် ထူထောင်နိုင်ဖို့ လိုပါတယ်။ လက်နက်ကိုင်တပ်တခု အတွက် နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးအရ ထိန်းချုပ်မှု လိုပါတယ်။ ဖက်ဒရယ်တပ် မတော်အတွက် နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးအရ ထိန်းချုပ်မှုကတော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ်အစိုးရပါ။ ဒီသုံးသပ်ကြံဆချက်ကို နီးစပ်သက်ဆိုင်တဲ့ သူတွေကြား အပြန်ပြန် အလှန်လှန် ဆွေးနွေးပြိးတော့ လုပ်ငန်းစဉ် အကောင်အထည် ဖေါ်ဖို့တော့ အဲဒီအချိန်က ရှိနေပေးနေတဲ့ အခြေအနေအရ NCUB / NCGUB တို့ အကြား ဆွေးနွေးညွှိနှိုင်း မှုတွေကနေစခဲ့တာပါ။  အကြိမ်ကြိမ်ပဲ ဆွေးနွေး ညွှိနှိုင်းမှု တွေမှာ တိုးတက်မှုရတယ် ကောင်းတယ် သဘောတူတယ် ဖြစ်လာမှာပါ ဆိုတဲ့ တုံပြန် သတင်းတွေရခဲ့ပေမဲ့ MPU/NCGUB တို့ရဲ့  အီတလီ အစည်းဝေး ဒပ်ဗလင် အစည်း ဝေးတွေမှာ တိုးတက်မှုမရတော့ ကျနော်တို့ အနေနဲ့ အခြားနည်းလမ်းရှာဖို့ ကျယ် ပြန့်တဲ့ ထုထဲမှာ ချပြပြီး အတွေးအခေါ်အရ ပြင်ဆင်ဖို့ စပြီးလုပ်ဆောင် ခဲ့ကြပါတယ်။  http://kabarmakyay.blogspot.com/2009/10/blog-post_29.html    ကိုကြည့်ပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အရင်ကသိခဲ့သူတွေက ဘယ်သူမှ အထင်တကြီး မရှိခဲ့ပါ ဘူး။ ပြန်ပြောကြသလောက် ခပ်ညံညံ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘာမှ ထူးချွန်ပြောင် မြောက်မှု မရှိခဲ့တဲ့ လူတယောက်ပါပဲ။ သူဦးဆောင်နေတဲ့ နအဖကို လူတော်တွေ ပညာတတ်တွေ အများကြီး ပါဝင်တဲ့ ဒီမိုကရေစီ လိုလားသူတွေ စစ်အာဏာရှင်စံနစ် ဖျက်သိမ်းလိုသူတွေက ဘာလို့ မနိုင်ကြတာလဲ။ ကျနော့ အမြင်မှာတော့ အဖွဲ့ အစည်း ယန္တယားရဲ့ သဘောပါ။ ကျနော်တို့ရဲ့ နှလုံးအိမ် အတွင်းက အတ္တတွေ ကိုယ် ကျိုးတွေ အစွဲတွေကို နိုင်အောင်တိုက်ပြီး ဘာဖြစ်လို့ သူတို့ ရဲ့ အဖွဲ့ အစည်း ယန္တယား ထက် သာတဲ့ စုဖွဲ့မှုမျိုး ရအောင် မကြိုးစားရမှလဲ။

( အပိုင်း ၂ )

အပစ်ရပ်အဖွဲ့တွေကို အသွင်ပြောင်းဖို့ နအဖ က ဖိအားပေးကြိုးစားလာတာ နှစ်ပေါက် လာပြီဖြစ်ပေမဲ့ သိပ်တော့ အောင်အောင် မြင်မြင် မရှိသေးဘူးလို့ ပြောနိုင်ပါတယ်။ အန်န်အယ်ဒီ ခြေမှုန်းဖျက်ဆီးရေးလုပ်လာတာ ၉ဝ-ခုရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်း ရေးလုပ်လာတာတော့ အတော်အတန် အောင်မြင်သားဘဲလို့ ပြောမယ်ဆို ဖြစ်နိုင်ပေမဲ့ သူတို့လိုချင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကတော့ တယ်အဆင်ပြေပုံမပေါ်သေးပါ။

မဆလခေတ် တလျှောက် တိုင်းပြည်မွဲပြာကြအောင် လုပ်ခဲ့လို့ လိမ်ခဲ့ ခိုးခဲ့လို့ စစ်အုပ်စု ကို လူထုက အကြည်ညိုပျက်ခဲ့ အယုံအကြည်ပျက်ခဲ့ပါတယ်။ ၈၈- လူထုအုံကြွမှုကြီး ကို ပြစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့လို့ စစ်အုပ်စုကို လူထုက ရွံမုန်းနာကြည်းခဲ့ပါတယ်။ ၈၈-နောက်ပိုင်းမှာလဲ  ပြစ်မှုတွေ တသီကြီးထပ်လုပ်ထားပြီး လိပ်ပြာမ လုံဖြစ်နေတဲ့ စစ်အုပ်စု။ လက်နက်အင်အား အသာစီးကြောင့် စစ်မာန်တက်နေတဲ့ စစ်အုပ်စု။ ဆုပ်ကိုင်ထားမိတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး စီးပွါးရှာရင်း လောဘဇောတက် နေတဲ့ ဒီစစ်အုပ်စုဟာ နိုင်ရင်ပြီးရော ဆိုတဲ့ အတွေးအခေါ်နဲ့ တရားနည်းလမ်းမဲ့၊ အမျှော်အမြင်မဲ့၊ ညစ်ချင်တိုင်းညစ်ပြီး လုပ်ခဲ့ပါတယ်။လုပ်နေပါတယ်။

ဒါကြောင့်ကိုဘဲ နိုင်ငံတကာကလဲ သူ့ကို အသိအမှတ်ပြုဖို့က ပိုခက်နေပြန်တယ်။
ဒီအဖြစ်တွေကြည့်ပြီး ဝတ္ထုလေးတပုဒ်ကို သွားသတိရမိပါတယ်။ ပြင်သစ်၏တော် လှန်ရေး အပြီး နပိုလီယန် တက်လာစ အချိန်ကာလကို နောက်ခံ ပြုပြီးရေးဖွဲ့ထားတဲ့ ဘာသာပြန် ဝတ္ထုပါ။ တိုက်ဆိုင်တဲ့ ဇာတ်ကွက် ကတော့ အုပ်ချုပ်သူအသစ် အဖြစ် တက်လာတဲ့ နပိုလီယန်ဟာ ကျန်တဲ့ ဥရောပက ထီးပြိုင်နန်းပြိုင်တွေက သူ့ကို အသိ မှတ်ပြုတာကို သိပ်လိုချင်နေတဲ့ အတွက် သံတမန် နည်းလမ်း အမျိုးမျိုး နဲ့ ကြိုးစားနေ တဲ့ ဇာတ်ကွက် လေးပါဘဲ။ တိုတိုပြောရရင် သူလွှတ်လိုက်တဲ့ စေတမန် တဦးက အင်္ဂလန်က ပြန်ယူလာတဲ့ စာထဲမှာ ပြင်သစ်ပြည်ကြီးကို ဘယ်သူက အုပ်ချုပ်နေတယ် ဆိုတာထက် ဘယ်လို အုပ်ချုပ်နေတယ် ဆိုတာကိုဘဲ အင်္ဂလန် အနေနဲ့ စိတ်ဝင်စား ပါတယ်…. လို့ ရေးထား လို့ နပိုလီယန်က စိတ်ပျက်တာကို စာယူ လာတဲ့ တမန်လေး က စာရဲ့ ဆိုလိုရင်းကို ပြန်ရှင်းပြတဲ့ ဇာတ်ကွက်ပါဘဲ။ အဲဒီအချိန်က ဥရောပရဲ့ နိုင်ငံ ရေးစံနစ်က ပဒေသရစ် စံနစ်ဖြစ်ပါတယ်။ ဒီအချက်အလက်က သမိုင်းဖြစ်ရပ် အ ထောက်အထား ရှိမရှိ နဲ့ ဘယ် လောက်မှန်တယ် ဆိုတာကို ကျနော်မသိပါဘူး။ ပဲရစ်ကွန်မြူး လူထုတော် လှန်ရေးကြီးနဲ့၊ လူဝီဘုရင် နန်းဆက်ကို ဖြုတ်ချလိုက်ပြီး ဒီလူထုတော်လှန်ရေးကြီး ကြောင့် သြဇာ အာဏာ တက်လာတဲ့ နပိုလီယန် က နောက်တော့ ရာဇဘိသိပ်ခံယူပြီး နန်းဆက် ထူထောင်လို့ ပြင်သစ်ဟာ ပဒေသရာဇ် စံနစ် အောက်ကို ပြန်ရောက် သွားဘူးပါတယ်။

တကယ်တော့ နိုင်နေပြီးသားကို အနိုင်မယူတတ်လို့ ပွဲက ရှည်နေ တာပါ။ နအဖစစ် အုပ်စုသာ အမှန်တကယ် မျိုးချစ်စိတ်ဓါတ်ရှိပြီး အမျိုးသားနိုင်ငံတည်ဆောက်ရေး အမျော်အမြင်နဲ့သာ လုပ်တတ်ခဲ့မယ်ဆိုရင် အတိုက်အခံတွေလို့ ဆိုဆို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူတွေလို့ပြောပြော ကျန်တဲ့သူတွေအတွက် လုပ်စရာ တောင်ရှိမှာ မဟုတ်တော့ပါဘူး။ ============

ဒီတော့ သူ့အကြောင်းနဲ့သူ စစ်အာဏာရှင် အုပ်စုက မလုပ်ချင်တဲ့၊ မလုပ်နိုင်တဲ့၊ မလုပ်တတ်တဲ့၊ ဒီအမျိုးသားနိုင်ငံတည်ဆောက်ရေးကို ကျနော်တို့ အတိုက်အခံ အင် အားစုတွေက လုပ်ကြမယ်။ အဲဒီ အမျိုးသားနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်နဲ့ စစ်အာဏာရှင် တွေကို အနိုင်ယူကြမယ်ဆိုပါတော့………….. ကျနော်တို့ရဲ့ အခွင့် အလမ်းတွေနဲ့ အခက်အခဲတွေကို ကြည့်ကြရအောင်ပါ။ ပြီးတော့ ကျနော်တို့ ကြံဆ ထားတဲ့ လုပ်ငန်းစဉ်စီမံချက်နဲ့ ဖြစ်တန်ခြေရှိမယ်ထင်တဲ့ နည်းနာတွေကိုလဲ ဆက် ဆွေးကြည့်ကြတာပေါ့။……..

အနှစ် ၂၀- ကျော် အတွေ့အကြုံနဲ့ ကြိုးစားရုန်းကန်မှုတွေ ပြီးတဲ့နောက်မှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ကြရမယ်ဆိုတာကို အကျယ်အပြန့် သဘောတူကြပြီး၊ ပြည်ထောင်စုကို ပြန်လည်ဖွဲ့စည်းကြရမယ် ဆိုတဲ့ အယူအဆကိုလဲ စိတ်ဓါတ်အရ အတွေးအခေါ်အရ အတော်ပြင်ဆင်ပြီး ဖြစ်နေပါသည်။-- ထို့ကြောင့် ပြည်တွင်းက လူတွေက ၂၁-ရာစု ပင်လုံလို့ ဟစ်သံပေးနေတဲ့ အချိန်မှာ ပြည်ပနဲ့ စစ်အာဏာရှင် လောင်းရိပ်က လွတ်နေတဲ့သူတွေက အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု ပုံစံ(ဒီဇိုင်း) ကို ပွင့်ပွင့်လင်းလင်း ၀ိုင်းဝန်းရေးဆွဲဖို့ သင့်နေပါပြီ။ ရေးဆွဲရမဲ့ နေရာကတော့ တော် လှန်တဲ့ပြည်သူ့ လွတ်တော် လို့ပဲခေါ်ခေါ် ၊ ဖက်ဒရယ်လွတ်တော် လို့ပဲခေါ်ခေါ်ပေါ့။
စစ်အာဏာရှင်တွေကို ကိုယ်စားပြုတဲ့ ကြံဖွတ် လွတ်တော်ကို ယှဉ်ပြိုင်ရမဲ့ ကျနော်တို့ ပြည်သူတွေရဲ့ လွတ်တော်မှာ ဖြစ်သင့်ပါတယ်။ အဲဒီလွတ်တော်ကို ကျနော်တို့ ရဲ့ နှလုံးအိမ် အတွင်းက ရှုပ်ထွေးတွေဝေမှုတွေကို အနိုင်တိုက်ရင်း တည်ဆောက် ကြရမှာပါ။
ပထမဆုံးအနေနဲ့ ၉၀-ခု လွတ်တော် အ မတ်များအနေနဲ့ ရောက်နေတဲ့ နေရာက နိုင်ငံသားကို ခံယူထားတယ်ဆိုရင် စင်ပြိုင် အစိုးရမှာ ပါသင့်သေးရဲ့လား။ လွတ်တော်မှာ ပါသင့်သေးရဲ့လားလို့ ကိုယ့်ကို ကိုယ် မေးသင့် ရှင်းသင့်ပါတယ်။ ပါသင့်တယ်ဆိုရင် အနာဂါတ် ဖက်ဒရယ် ဗမာပြည်ထောင် စုဟာ နိုင်ငံ နှစ် နိုင်ငံရဲ့ နိုင်ငံသား ကို တချိန်တည်းမှာ ခံယူခွင့်ရှိတယ်ဆိုတဲ့ ဥပဒေမျိုး ပြဌာန်းရပါမယ်။ မပါဝင်သင့်ဘူးဆိုရင်တော့ စစ်အစိုးရနဲ့ သူတင်ကိုယ်တင် တိုက်ကြရမဲ့ ဒီအနာဂါတ် အမျိုးသားနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကန့်လန့် ကန့်လန့် ၀င်လုပ် မနေတော့ပဲ ထွက်သွားလိုက်ပါတော့။

နောက် တဆင့် အနေနဲ့က အနှစ် ၂၀ ကျော် လှုပ်ရှားမှု အတွင်းက ခေါင်းဆောင်များ ဖြစ်ပါတယ်။ အဖွဲ့ချုပ်တွေ တပ်ပေါင်းစုတွေမှာ ထပ်တလဲလဲ ပါနေကြတဲ့ ဒီခေါင်း ဆောင်များ အနေနဲ့ စစ်အုပ်စုက နှစ်စဉ် ဗိုလ်သင်တန်း ဆင်းပွဲတွေမှာ သူတို့ရဲ့ မျိုးဆက်တွေ မွေးထုတ်နေတာ သတိထားသင့်ပါတယ်။ ကိုယ်လုပ်ပေးလို့ ဖြစ်လာ တာတွေမဟုတ်ပေမဲ့ တကယ်ဖြစ်ပေါ်တိုးတက်မှုတွေကို အသိအမှတ်ပြုပြီး လူသစ်တွေ မျက်နှာသစ်တွေကို ကျနော်တို့ရဲ့ လွတ်တော်မှာ ထဲ့သွင်းပေးသင့်ပါတယ်  ဥပမာဆိုပါတော့ နိုင်ငံတကာရောက် ဗမာကွန်မြူနတီ ခေါင်းဆောင်တွေ၊ အမျိုးသားတည်ဆောက်ရေး လှုပ်ရှားမှု (ဥပမာ- ပြည်သူ့ဂုဏ်ရည် ဆုပေးရေး လှုပ်ရှားမှု )၊ ကန်ပင်းလှုပ်ရှားမှုတွေမှာ ဦးဆောင်မှုလုပ်လာသူတွေ၊ အများအကျိုးဆောင် လုပ်ငန်း တွေမှာ ထင်ပေါ်လာသူတွေကို ဘယ်လိုနည်းနဲ့ ပြည် သူ့လွတ်တော်မှာ ပါဝင်ခွင့်တွေ ဖန်တီးပေးမလဲ ဆိုတာ စဉ်းစားကြရပါမယ်။ ဒီလိုနည်းနဲ့ လူထုနဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့ လူထု တထပ်တည်း ဖြစ်လာအောင်လုပ်ဖို့ လိုတယ်ဆိုတာ အစောပိုင်းတည်းက ကျနော်တို့ ဆွေးနွေးခဲ့ဘူး ပါတယ် ။ နဲနဲ စိတ်ဝင်စားမယ်ဆိုရင် http://kabarmakyay.blogspot.com/2009/09/blog-post_29.html  ကို ကြည့်ပါ။

လွတ်တော်ကို လူထုရဲ့ လွတ်တော် အမှန်တကယ် ဖြစ်ဖို့နဲ့ ဒီမိုကရေစီ ပိုပြီး အသက် ၀င် ကျယ်ပြန့်လာအောင်ဘယ်လို လုပ်ကြမလဲလို့ ကျနော်တို့ရဲ့ ကြံဆချက်ကိုတော့  နောက် အပိုင်း၃- မှာ ဆက်ဆွေးနွေးပါမယ်။

ကောင်းမွန်သော အနာဂါတ် ကို မျော်မှန်းလျက်
 (ဗလ)

No comments:

Post a Comment