Wednesday, January 11, 2012

ပြည်ပရောက် မြန်မာပညာတတ်များ အလိုရှိသည်

ဆရာတွေ နားနေခန်းမှာ ရွှေမြန်မာတွေတင်တဲ့ သတင်းတွေကို ဟိုကလစ် ဒီကလစ် လုပ်နေတဲ့အချိန် အရပ်အမောင်းက မနိမ့်မမြင့်၊ အသားအရေကလည်း ဥရောပတိုက်သားနဲ့မတူ၊ အာရှသားတွေရဲ့ အသားအရေ မျိုးလည်းမဟုတ်တဲ့ အသက် ၃၀ နီးပါး ခန့်မှန်းရတဲ့ လူရွယ်တဦး CDC ကျောင်းအုပ်ကြီး ရုံးခန်းကို ၀င်ရောက်လာပါတယ်။ သူ့ကို ခေါ်လာတဲ့ ပုဂ္ဂိုလ်၊ ရွှေ့ပြောင်း အလုပ်သမား ပညာရေး အတိုင်ပင်ခံ ကိုသိန်းနိုင်က မိတ်ဆက်ပေးပါတယ်။

“ံHi! My name is Khin Myint” လို့ မိတ်ဆက်တော့ ကျနော်က ဒါဆိုခင်ဗျားက မြန်မာလားလို့မေးတော့၊ ကျနော့်အဖေက ဗမာပါတဲ့။ နောက်တော့ သူ့ကို ကျနော်တို့က ကိုခင်မြင့်လို့ပဲ ခေါ်ကြတယ်။

ကိုခင်မြင့်ဟာ သူ့ရဲ့မွေးဖွားရာနိုင်ငံ အော်စီမှာ ၀င်ငွေကောင်းတဲ့ ကျောင်းဆရာအလုပ်ကို ခေတ္တရပ်နားပြီး ခွင့်ခြောက်လနှင့် ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို အင်္ဂလိပ်စာ လာသင်ပေးနေတဲ့ ဆရာတဦးဖြစ်ပါတယ်။

ရင်းနှီးလာတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အကြောင်းတွေကို ပြောဆိုဆွေးနွေးဖြစ်ကြပါတယ်။ ကိုခင်မြင့် အမှတ်မထင်ပြောလိုက်တဲ့ စကားတခွန်းက ကျနော့်ရဲ့ စိတ်ထဲမှာတော်တော်  ပီတိဖြစ်မိပါတယ်။      


“ ကျနော့် အဖေက ဗမာဆိုတော့ မြန်မာတွေကို ကူညီဖို့ ကျနော့်မှာ တာဝန်ရှိပါတယ်” တဲ့ဗျာ။ ဗမာစကား တခွန်းတလေတောင် မတတ်တဲ့ ကိုခင်မြင့် က သူ့မှာတာဝန်ရှိပါတယ်လို့ ပြောတာကိုက သူ့တို့နိုင်ငံ ပညာရေးစနစ်က သင်ပေးလိုက်တဲ့ Good Citizen ဆိုတာ ဒါမျိုးကို ပြောတာလို့ထင်မိပါတယ်။

လူသားတယောက်အနေဲ့ ကမ္ဘာမြေက လူသားအချို့တွေရဲ့ ဒုက္ခတွေကို မျှဝေခံစား နိုင်အောင် သူတို့ပညာရေး စနစ်က သင်ပေးခဲ့တာလားလို့တွေး မိတယ်။ “တာဝန်” ဆိုတဲ့စကားလုံးကို မြန်မာ့ အတိုက်အခံ တွေကြားထဲမှာ ဖောဖောသီသီ ပြောဆိုကြေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကိုခင်မြင့် ပြောတဲ့ တာဝန်နဲ့ တူညီသလို ထင်ပေမယ့် ကွဲမယ်ထင်တယ်။

ထိုင်းမြန်မာနယ်စပ်ကို ရောက်လာကတည်းက Burma Volunteer Program နဲ့ရင်းနှီုးနေခဲ့ပါတယ်။ ပညာ တစ်ပိုင်းတစနဲ့ အမိမြေကို ကျောခိုင်းလာကြတဲ့ သူတွေကို ပညာရေးအရ တတ်နိုင်သလောက် ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာတွေရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် သတင်းမီဒီယာ အဖွဲ့ပေါင်း တစ်ရာကျော်မှာ ကမ္ဘာတ၀ှမ်းက စေတနာ့ ၀န်ထမ်း လုပ်အားပေးတွေနဲ့ချိတ်ဆက် ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ် တလျှောက် ငှက်ဖျားတွေ ထူပြောတဲ့ တဖက်ကမ်းက မြန်မာ့တောတောင်တွေထဲမှာလည်း နိုင်ငံခြားသား စေတနာ့ ၀န်ထမ်းတွေ အများအပြားကိုတွေ့ဖူးပါတယ်။ ဒါပေမယ့် မေတ္တာတရား ထွန်းကားရာမြေ ကရွှေမြန်မာတွေကိုတော့ တွေ့ရခဲလှပါတယ်။

ကျနော်တို့တွေ တချိန်က လက်ရည်တပြင်တည်း စားခဲ့ကြတဲ့ မိဆွေတွေ အကြောင်း ပြောဖြစ်ကြပါတယ်။ တော်လှန်ရေး အပြောင်းအလဲမှာ တတိယ နိုင်ငံတွေကို ထွက်ခဲ့ကြသူတွေရဲ့ အောင်မြင်မှုတွေကို ကြားရသလောက် ဖောက်သည် ချပြတတ်ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်ကတည်းက ထိုင်းမြန်မာနယ်စပ် ဒေသက တိတိယ နိုင်ငံကို ထွက်ခွာခဲ့ကြသူတွေ အခုဆို သိန်းဂဏန်းကြီး တောင်ရှိ နေပါပြီ။

အချို့မိတ်ဆွေတွေဆို လုပ်ငန်းတွေ အောင်မြင်လို့ ၊ ဘွဲ့ဒီဂရီတွေနဲ့ ကြီးပွားကြတာကိုလည်း မကြာမကြာ ကြားရပါတယ်။ ဒါပေမယ့် ဒုက္ခတွေပင်လယ်ဝေနေကြတဲ့ တချိန်က သူ့တို့ကိုယ်တိုင် ဖြတ်သန်းခဲ့ကြတဲ့ နေရာတွေကို ပြန်လာပြီး ကူညီနေတာ မတွေ့ရသလောက်ပါပဲ။
တကယ်ဆို ကျနော်တို့တွေက ကိုယ်တွေ့ခံစားခဲ့ရသူတွေပါ။ ကျနော်တို့ရဲ့ ညီအကို တိုင်းရင်းသားတွေကို လာကူညီနေတဲ့ သူတွေက ကျနော်တို့နဲ့ သမိုင်းအရရော၊ ယဉ်ကျေးမှုအရပါ ပါတ်သတ်တဲ့သူတွေ မဟုတ်ပါဘူး။

ပြည်တွင်းမှာ စစ်အုပ်စုတွေ အဏာယူထားဆဲ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့် မရရင် ထိုင်း၊ တရုတ်၊ အိန္ဒယ မြန်မာနယ်စပ်မှာ သိန်းသန်းချီ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကကော အမိမြန်မာပြည်သားတွေ မဟုတ်ပေဘူးလား။

သန်းနဲ့ချီပြီး ပြည်ပရောက်နေတဲ့ ရွှေမြန်မာတွေကော ဘာကြောင့် မြန်မာနယ်စပ် တလျှောက်က ညီအကို မောင်နှမတွေကို မျက်နှာလွဲလုပ်နေကြတာလဲ။
တနေ့က အမေရိကားမှာရောက်နေတဲ့ ဒါရိုက်တာ၊ စာရေးစာဆရာ ချိုတူးဆီက ဖြန့်ဝေတဲ့စာကို ဖေ့စ်ဘုတ် ထဲတွေ့ရပါတယ်။ နို့ဘိုး ဒုက္ခသည်စခန်းက ကျောင်းတွေမှာ အကူအညီလိုနေတဲ့ အကြောင်းဖတ်ရပါတယ်။ ဒီစာလေးကို ဖတ်ပြီး ကျနော့်ရဲ့ စိတ်ထဲ ဝေခွဲမရတဲ့ခံစားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အကြောင်းကတော့ ၂၀၀၆ ခုနှစ်က တတိယနိုင်ငံတွေကို ထွက်ခွာခွင့် လျောက်ခဲ့တဲ့ လူပေါင်း ( တိုင်းရင်းသား ပေါင်းစုံ ၂၀၈၆) ယောက်ရှိပါတယ်။ အခုအချိန်မှာဆိုရင် ဒီစခန်းက တော်တော်များများ လူပေါင်း ( ၁၈၀၀) လောက် တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ရရှိခဲ့ကြပါတယ်။

အချို့သူတွေဆို အဲဒီနို့ဘိုး အထက်တန်းကျောင်း ဖြစ်မြောက်ရေးကော်မတိမှာ တာဝန်ခံလုပ်ခဲ့သူတွေ ဖြစ်တယ်ဆိုတာ နို့ဘိုးဒုက္ခသည် စခန်းက ကျန်နေတဲ့ လူတွေသိပါတယ်။ တတိယနိုင်ငံကို ထွက်ခွာခဲ့တဲ့ လူပေါင်း ၁၈၀၀ လောက်က နို့ဘိုးဒုက္ခသည် စခန်းက အထက်တန်းကျောင်းလေး မှာတက်နေတဲ့ (ကျောင်းသား ၃၀၀) လောက်ကိုတောင် တာဝန်မယူနိုင်တဲ့ ရွှေမြန်မာ တွေပါလားလို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ဒုက္ခသည် စခန်းက အထက်တန်းကျောင်း ဆိုတာ တလကို ဒေါ်လာ ထောင်ချီ ကုန်ကျတဲ့ နေရာတွေမဟုတ်ပါဘူး။ ကလေး တယောက်ရဲ့ တလ ကုန်ကျစရိတ်က ဘတ်ငွေ တစ်ရာမရှိတဲ့ နေရာလေးပါ။ ကျနော်တို့ ရွှေမြန်မာ (ပြည်ပရောက်နေတဲ့) တွေရဲ့ စိတ်နေသဘောထား ကိုပြန်လည် ပြုပြင်သင့်ပြီလို့ ယူဆမိတယ်။
ဒီနေရာမှာ ကိုခင်မြင့်လို ဒေါ်လာ ထောင်ချီရတဲ့ အလုပ်ကို ခြောက်လလောက် စွန့်ခွာခဲ့တဲ့ ကျောင်းဆရာတွေရဲ့ နှလုံးသားကို ကျနော်ရဲ့ ပြည်ပရောက်နေတဲ့ ရွှေမြန်မာတွေ ဘယ်လိုမြင်လဲတော့ မသိ။ အရူးလို့ပဲ မြင်လေလား၊ ငပေါလို့ဘဲ တွေးမလား မပြောတတ်။

ဒါပေမယ့် ဥရောပ သားတွေက သူတို့ရဲ့ လူအဖွဲ့အစည်းကို တလွဲစပင်ကောက် ဖြစ်တဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲ လူလူချင်းစာနာ ထောက်ထား ညှာတာရမယ် ဆိုတဲ့ အသိစိတ် ယဉ်ကျေးမှုကို တည်ဆောက်ခဲ့တာ ဆိုရင် ကျနော်တို့ ရွှေ မြန်မာတွေ ငြင်းနိုင်မလား။

ဆရာခင်မြင့်က CDC ကျောင်းက Grade 11A, B, Grade 12A,B,C အတန်းတွေအပြင် မဲဆောက်မြို့နဲ့ အနီးတ၀ိုက်က ကျောင်းတွေမှာပါ အင်္ဂလိပ်စာ သင်ပေးတယ်။ ဆရာခင်မြင့်ဟာ သြစတြေလျ  တက္ကသိုလ်တခုကနေ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ဘွဲ့လွန်ရှိထားသူဖြစ်ပြီး၊ ၀ါရင့် ဆရာတဦးဖြစ်ပါတယ်။

တခါတလေမှာ ရွှေ့ပြောင်းကလေးတွေရဲ့ မတူညီတဲ့ ပညာရေးနောက်ခံ၊ မတူညီတဲ့ မိသားစုနောက်ခံက ဆရာတွေရဲ့ သင်ကြားရေးမှာပါ သက်ရောက်မှုရှိနေပါတယ်။ အချို့ကလေးတွေက မိသားစုလိုက် ရေကြည်ရာ မြက်နုရာ ပြောင်းလာကြတဲ့သူတွေ၊ တချို့ကလေးတွေက စစ်ပွဲတွေကြောင့် မိဘနှစ်ပါးလုံးမရှိတော့တဲ့ ကလေးတွေ၊ တချို့ကလေးတွေက တော်လှန်ရေးမိသားစုက ဆင်းသက်လာတဲ့ကလေးတွေ စတဲ့မတူညီတဲ့ နောက်ခံကနေလာကြတော့ ပညာအရည်အချင်းကလည်း မတူကြပါဘူး။

ကျောင်း အတိုင်ပင်ခံ တဦးရဲ့ ပြောစကားအရ ဆိုရင် အချို့ကလေးတွေက စိတ်ကျန်းမာရေး ဆေးရုံကို ပို့ထားသင့်တဲ့ ကလေးတွေပါတဲ့။ ဒိစကားတွေကို ကြားပြီး တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။

သင်ကြားရေးနဲ့ပတ်သတ်ပြီး ဆရာခင်မြင့်က “အင်္ဂလိပ်စာ အရည်အချင်း အားနည်းတဲ့ ကလေးတွေကို မိခင်ဘာသာစကားတတ်တဲ့ ဆရာတွေ သင်တာ ပိုထိရောက်ပါတယ်” လို့ထောက်ပြခဲ့ပါတယ်။ ဆရာခင်မြင့်ကတော့ သူရဲ့လုပ်အားပေး ခြောက်လဆိုတာ ဘ၀အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ဖြစ်သလို၊ ဒီလိုကလေးတွေကို ကူညီရတဲ့ အတွက် စိတ်ပျော်ရွှင်မှုလည်း ရခဲ့ကြောင်း ပြောပြပါတယ်။

လွန်ခဲ့တဲ့ခြောက်လက စေတနာ့ဝန်ထမ်း လာလုပ်တဲ့ တောင်အာဖရိကသူ Igrid ကတော့ နောက်နှစ်တွေလည်း လာသင်ပေးအုံးမယ် လို့ကလေးတွေကိုရော ဆရာတွေကိုပါ ပြန်သွားခါနီး တဖွဖွ ပြောဆိုသွားပါတယ်။

ဒီအချိန်က အုပ်ချုပ်ရေးစနစ်က ပြောင်းလဲနေချိန်၊ ဒီမိုကရေစီ လမ်းမပေါ်တက်ဖို့ အားပြင်နေချိန်မှာ မြေဇာပင် ဖြစ်ခံနေရတဲ့ ကလေးတွေရဲ့ အနာဂါတ်အတွက် ပြည်ပနိုင်ငံတွေကို ရောက်နေပြီး ပညာသင်ယူနေတဲ့၊ ပညာသင်ယူပြီးတဲ့သူတွေက ပိုကူညီသင့်တယ်လို့ ယူဆမိပါတယ်။ ညနေအလုပ်က အိမ်ပြန်ရောက်ရင် အင်တာနက်ပေါ် တက်ပြီးဆရာလုပ်၊ သိအိုရီတွေထုတ်ပြ၊ အင်တာနက်ပေါ်မှာ တဦးအပေါ်တဦး  တိုက်ခိုက်ရေး သားနေမယ့်အစား မိမိကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ မြေဇာပင်တို့ရဲ့ ဘ၀ကို ပြန်လည်ကူညီသင့်တယ်လို့ ယူဆမိပါတယ်။

တလောက ဆေးကျောင်းတက်ဖို့ စောင့်နေတဲ့ အမေရိကန် ကျောင်းသူတယောက် ထိုင်းမြန်မာနယ်စပ်က ကလေးတွေအတွက် အားကစားပစ္စည်းတွေ ကူညီနေတဲ့ အဖွဲ့တခုမှာ လုပ်အားလာပေးတာကိုတွေ့ရတယ်။ အသက်က ၂၀-၂၁ ၀န်းကျင်၊ သစ်လုံးတွေမပြီး၊ တူတွေလွှတွေကိုင်ပြီး ကလေးအားကစားကွင်း ဆောက်တာကို ကူညီနေတာ တွေ့ရတော့ သူတို့တွေရဲ့ လူတွေ အပေါ်မှာထားတဲ့ စိတ်ယဉ်ကျေးမှုကို ခန့်မှန်းလို့ ရနိုင်ပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေလောက် အမျိုးကိုချစ်တာ ဘယ်လူမျိုးမှ လိုက်မမှီဘူးဆိုတဲ့ လူကြီးသူမတွေရဲ့ စကားကို ရာဇ၀င်ထဲမှာဘဲ ထားခဲ့တော့မှာလား။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တယ် ဆိုတာကိုကော ဘာတွေနဲ့ သက်သေပြကြမလဲ။ ယဉ်ကျေးမှုအရ၊ သမိုင်းနောက်ခံအရ မတူတဲ့ လူတွေက လာကူညီတာကိုပဲ ထိုင်းပြီးကြည့်နေကြတော့မှာလား။

ကျနော်တို့လူမျိုးတွေရဲ့ စိတ်ယဉ်ကျေးမှု အဆင့်မြင့်ပါတယ်လို့ ပြောနေမယ့်အစား တကယ့်ဖြစ်နေတဲ့အချိန်၊ သမိုင်းက ကျနော်တို့လူမျိုးတွေရဲ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ရင်ထဲ နှလုံးထဲက ယူပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင်သင့်တဲ့အချိန်ရောက်နေပြီလို့ ပြောချင်ပါတယ်။ ။ မောင်ရမ္မာ - Copyright@mrsorcere​r

No comments:

Post a Comment