စစ်ဗိုလ်ချုပ်တို့အနေဖြင့် ပြည်တွင်းပြည်ပ
နိုင်ငံရေးအကြပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြီး
နိုင်ငံရေးအမြတ် ထုတ်လေ့ရှိသည်ကို အထူးအထွေ မတင်ပြလိုတော့ပါ။ သို့သော်
အတိတ်ကသမိုင်းကြောင်းများကို ဆင်ခြင်ပြီး NLD ဆက်လက် လျှောက်လှမ်းနိုင်ရန်
စာရေးသူ သိရှိခဲ့သမျှ တင်ပြအပ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားပြီး
စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) နိုင်လိမ့်မည် သို့မဟုတ် အပြတ်အသတ် မရှုံးနိုင်ဟု စစ်ဗိုလ်ချုပ်များ
တွက်ချက်ကာ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ခဲ့သဖြင့် NLD
အာဏာရှိလာလျှင်တော့ ဒုက္ခရောက်ရတော့မည်ဟု စစ်ဗိုလ်ချုပ်ကြီးငယ်တို့
စိုးရိမ်ခဲ့ကြသည်။