Tuesday, April 3, 2012

ဘယ်သူ့အောင်ပွဲလဲ


By: မန်ကျည်ဒိန်ယိန်း
ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ပြည်သူ့လွှတ်တော်မှာ ၃၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်မှာ ၂ နေရာ အနိုင်ရသည်။

အနိုင်ရမှုကို ရာခိုင်နှုန်းနှင့်ဖော်ပြရလျှင် ပြည်သူ့လွှတ်တော်မှာ ၉၄.၅%၊ အမျိုးလွှတ်တော်မှာ ၅၀% နှင့် တိုင်းဒေသကြီးလွှတ်တော်မှာ ၁၀၀% အနိုင်ရသည့်အတွက် အားရစရာကောင်းသည်ဟု အကြမ်းအားဖြင့်ပြောနိုင်သည်။ သိုသော် အန်အယ်ဒီ တကယ်အနိုင်ရသည့်နေရာမှာ ပြည်သူ့လွှတ်တော်သာ ဖြစ်သည်။

ပြည်သူ့လွှတ်တော်မှာ အမတ် ၃၅ နေရာနဲ့ အများဆုံး အနိုင်ရထားသည့်အတွက် အန်အယ်ဒီအမတ်ဦးရေက ပြည်သူ့လွှတ်တော်မှာသာ အား အများဆုံး အနေအထားရှိသည်။ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တွေမှာ အန်အယ်ဒီ အနိုင်ရသည်ဆိုသော်လည်း လွှတ်တော်အချိုးအစားနှင့်တွက်လျှင် အန်အယ်ဒီအမတ် ပမာဏမှာ ဘာမျှမပြောပလောက်ပေ။

စင်စစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီအပြတ်အသတ်အနိုင်ရလိုက်ခြင်းသည် အလံလုပွဲမှာ အနိုင်ရခြင်းမျိုးမဟုတ်။ ကြိုးဝိုင်းထဲဝင်ခွင့်ရရေးအတွက် ခြေစစ်ပွဲအောင်ရုံအဆင့်သာဖြစ်သည်။

ကြားဖြတ်မှာ ကြံ့ဖွံပါတီဘက်က (အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ) အပေါ်စီးရထားသည့်အတွက် အန်အယ်ဒီကို မတရားသည့်နည်းလမ်းမျိုးစုသုံးပြီး အနိုင်ရအောင်လုပ်လိုလျင် လုပ်နိုင်သည့် အနေအထားတွင်ရှိသည်။ သို့သော် ဒေါ်စုကို အသုံးချပြီး အနောက်နိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းချင်အောင် ကြားဖြတ်မှာ အန်အယ်ဒီကို တမင် အပြတ်အသတ်အနိုင်ရအောင် လွှတ်ပေးလိုက်ပုံရသည်ဟု ၀ါရင့်နိုင်ငံရေးသမားတချို့က ယူဆသည်။

သို့သော် ဒေါ်စုကိုယ်တိုင် အမတ်ဖြစ်သွားပြီး ဒေါ်စုနှင့် အန်အယ်ဒီအမတ်တချို့ လွှတ်တော်ထဲရောက်သွားသည့်အတွက် အမှန်တကယ် အမြတ်ထွက်သွားသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်သည်ဟု Political Analyst ကိုဘက ထောက်ပြသည်။ အကြောင်းမှာ ဒေါ်စုနှင့် အန်အယ်ဒီအမတ်တချို့ လွှတ်တော်ထဲရောက်သွားသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရေးဆွဲခဲ့သည့် အခြေခံဥပဒေ ၂၀၀၈ အရ ဖြစ်ပေါ်လာသည့် လွှတ်တော်တွေ အစိုးရတွေကို အနောက်နိုင်ငံတွေက ဒိုင်ဗင်ထိုး အသိအမှတ်ပြုလိုက်သည့်အတွက် အခြေခံဥပဒေ ၂၀၀၈ ကို လက်ဂျီင်္တီမေစီရအောင် လုပ်ပေးသလိုဖြစ်သွားသည်ဟု ကိုဘက ယူဆသည်။


ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီအတွက် ရန်သူကပိုများ

ကြားဖြတ်ရွေးကောက်ပွဲရလာဒ်တွေကိုကြည့်လျင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၃၇ နေရာအနက် အန်အယ်ဒီက ၃၅ နေရာ အနိုင်ရသည်။ အန်အယ်ဒီနိုင်သည့် အမတ်နေရာ ၃၅ နေရာ ဆိုသည်မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီက သမ္မတ ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဖြစ်သွားသူများကြောင့် လစ်လပ်သည့်နေရာကိုသာ အနိုင်ရခြင်းဖြစ်သည်။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်တွင် အန်အယ်ဒီ၏ အင်အားမှာ ပြည်သူ့လွှတ်တော်တခုလုံး၏ ၈% သာရှိသည်။



ငွေတမတ်နှင့် ငါးကြင်းခေါင်းကိုင်၍ မရနိုင်။ သို့ဖြစ်၍ အန်အယ်ဒီသည် အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန်လိုလာသည်။

သိုသော် ပြည်သူ့လွှတ်တော်တွင် ရှိနေပြီးဖြစ်သည့် တိုင်းရင်းသားပါတီ အတော်များများမှာ ၂၀၁၀ထဲက ကြံ့ဖွံ့ပါတီနှင့် အလွမ်းသင့်သည့်ပါတီက အများစုဖြစ်နေသည့်ပြင် ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရ ကျားဖြူလိုပါတီကလည်း အန်အယ်ဒီကို ပြိုင်ဘက်အဖြစ်သာ သဘောထားကြောင်း ပေါ်လွင်သည်။ ထို့ပြင် အန်အယ်ဒီပါတီမှ ခွဲထွက်ပြီး လွှတ်တော်ထဲရောက်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မိတ်ဆွေ အဖြစ်ပင် ဆက်ဆံဘို့ အလားအလာမရှိသည့် အမတ်အချို့လည်း ပါနေပြန်သည်။

ချုပ်ကြည့်လျှင် ပြည်သူ့လွှတ်တော်မှာ (ကြံ့ဖွံပါတီနှင့် စစ်ဗိုလ် ၂၅% အမတ်များကလွဲလျင်) အန်အယ်ဒီအတွက် မိတ်ဆွေထက် ရန်သူက ပိုများနေသည်။ ထို့ကြောင့် အန်အယ်ဒီသည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ရန် ပိုအလားအလာရှိသည်ဟု ဒေါ်စုနှင့်ရင်းနှီးသူ နိုင်ငံရေးသမားတချို့က ယူဆသည်။

စစ်ဗိုလ်အမတ် ၂၅%ကတော့ ဒေါ်စုကြိုးဆွဲလို့မရနိုင်ကြောင်း ပြီးခဲ့သည့် တော်လှန်ရေးနေ့ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏
မိန့်ခွန်းက သက်သေခံနေသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး

ဒေါ်စုဟာ မကြာခင် လွှတ်တော်ထဲ ရောက်တော့မှာဖြစ်တဲ့အတွက် မဲဆွယ်ပွဲတလျှောက်လုံး ပြည်သူကို ကတိပေးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြရတော့မည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကပင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဒေါ်စုစကားများမှာ ရှေ့နောက်မညီဖြစ်ကုန်သည့်အတွက် သံသယဖြစ်သူတွေက ဖြစ်လာသည်။

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါနေတာ ပြင်သင့်တယ်လို့ ဒေါ်စုကခံယူသည်။ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလိုပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဉ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင်

 .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  


စစ်တပ် ၂၅% ပါနေသည့်ကိစ္စအပေါ် ဆရာဟန်တင်အောင် (ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည် စာတမ်း) က ဤသို့မြင်သည်။

အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေသမျှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။

 ဒါကြောင့် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို မုချ ပြင်ဖို့လိုတယ်။ ဒီအချက်ကို ပြင်မယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်မှ ဖြစ်မယ်။ ဒေါ်စုနဲ့အန်အယ်ဒီ ဒီအချက်ကို ပြင်နိုင်မလားဆိုတာ အလေးအနက် စဉ်းစားရမှာဖြစ်တယ်။ အခြေခံကျတဲ့ ဒီအချက်ကိုမပြင်ပဲ စစ်တပ်ကို အာဏာအလွန်အကျူးပေးထားတယ်အော်နေရုံနဲ့ အခြေခံဥပဒေ ၂၀၀၈ နဲ့ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် သွားနိုင်မှာ မဟုတ်ပါ။


ပီးခဲ့တဲ့တော်လှန်ရေးနေ့မတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က စစ်ဗိုလ်အမတ် ၂၅% ဖယ်ရှားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို တုံ့ပြန်ပြောပါတယ်။

ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သဘောထား

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါရေးဟာ ၆၇ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တခု ဖြစ်သည်။

ဒို့တပ်မတော် သားတွေက xxxxx နိုင်ငံတော်ရဲ့ အသက် သဖွယ်ဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသား အားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစား လိုက်နာ ရမှာဖြစ်သလို ကာကွယ် စောင့်ရှောက် သွားရမှာလည်း ဖြစ်တယ်။

 နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။" လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ်ထားပြီး ဖြစ်တယ်။
 ဒါကြောင့် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ ဖွံ့ဖြိုး တက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ် အနေနဲ့ ကာကွယ် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။ 


-နိုင်ငံတော်၏ အမျိုးသားရေး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး။

 -ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် တပ်မတော်၏ အဓိက တာဝန် ဖြစ်သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန် ထမ်းရွက် သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

ဒီမှာတင် Political Analyst တဦးဖြစ်သည့် ကိုဝတုတ်က ခုလို ထောက်ပြပါသည်။

ကာချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပြီးမှာ ဒေါ်အောင်ဆန်း စုကြည် ကောက်ကာငင်ကာ သတင်းစာ ရှင်းလင်းပွဲခေါ်ပြီး ‘၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး၊ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမ ဘယ်တုန်းကမှ မပြောပါဘူး၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ပြောတာ’ လို့ ပြောလာပြန်တယ်။

လက်ရှိ ဖွဲ့စည်းပုံဟာ စစ်တပ် ၂၅ ရာခိုင်နှုန်းပါလို့ ဒီမိုကရေစီနဲ့မညီဘူးလို့ လက်ခံရင် ဒီမိုကရေစီနဲ့ညီအောင် ပြင်ဖို့ဆိုရင် စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရမယ် ဆိုတာကို လက်ကိုခံရမယ်။ ဖယ်ရမယ်ဆိုတဲ့ စကားလုံးကိုတော့ သုံးချင်မှ သုံးမယ်၊ ဒါပေမယ့် အနှစ်သာရက ဖယ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာကို ဗမာစာဖတ်တတ်သူတိုင်း သိပါတယ်။ စစ်တပ်ကလည်း သိတယ်။ ဒါ့ကြောင့် ကာချုပ် မင်းအောင်လှိုင် မိန့်ခွန်းမှာ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောလာတာဖြစ်တယ်။

နောက်တခါ လွှတ်တော်ထဲ ‘တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင် ဆောင် ရွက်နေခြင်းဟာ အမျိုးသား နိုင်ငံရေး တာဝန် ထမ်းဆောင်နေခြင်းသာ‘ ဖြစ်တယ်လို့ ပြောတာကို ကြည့်ရင် စစ်တပ်ဟာ လွှတ်တော်ထဲမှာ ခပ်ကြာကြာနေမယ့် သဘောရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ သူ မသေခင် ဒီမိုကရေစီ ရမယ့်သဘောပြောထားတဲ့ စကားဟာ မင်းအောင်လှိုင်စကားကြောင့် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ။  ကာချုပ်မိန့်ခွန်းကို လန့်သွားပုံရပြီး ဖာထေးတဲ့ အနေနဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့စကားကို ပြောင်းသုံးလာရပုံရတယ်။ 

ပြည်သူကို မျှော်လင့်ချက်တလွဲပေးနေသလား

ဒေါ်စုဘက်ကကြည့်ရင်လည်း တကဲ့အကျပ်အတည်း ဖြစ်သည်။ အခြေခံဥပဒေမှာ စစ်တပ် ၂၅% ပါနေတာ ဒီမိုကရေစီစံနဲ့ မညီဘူးလို့ပြောကာရှိသေး စစ်တပ်က ၂၅% ကို အသေဆုတ်ထားကြောင်း ကာချုပ်မင်းအောင်လှိုင်က ခွန်းတုံ့ပြန်ခဲ့သည်။ သည်မှာတင် ဒေါ်အောင်ဆန်းစုကြည် တုန်လှုပ် ခြောက်ခြားပြီး စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ကပြောင်းကပြန် ပြောခဲ့ရပြန်သည်။

စစ်တပ်နှင့်တွဲလုပ်မည် ပြောခြင်းသည် ပြည်သူကို လိမ်ပြောသည့် အဓိပ္ပါယ်ဆောင်သွားမည်ဟု Political Analyst ဟန်တင်အောင်က ယူဆသည်။

နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလို မျှော်လင့်ချက် တလွဲတွေ ပေးသလို ဖြစ်မယ်

ဒေါ်စု အနေနဲ့ တပ်မတော်သား ၂၅% ကို မဖြုတ် မပြင်ဘဲ ဖက်တွယ်ပီး ၂၀၀၈ အခြေခံဥပဒေနဲ့ လွှတ်တော်ထဲ မျှောလိုက်သွားလိုက သွားနိုင်သည်။ ဒါသူ့ဆုံးဖြတ်ချက်ဖြစ်သည်။ ဒါပေမဲ့ တပ်မတော်သား ၂၅% အခြေခံဥပဒေမှာပါနေတာဟာ ဒီမိုကရေစီစံနဲ့ မညီဘူးလို့ ဒေါ်စုကိုယ်တိုင်ပြောထားပြီးပြီ။

ကျမ မသေခင် ဒီမိုကရေစီ မြင်ရမှာပါလို့ပြောရင် စစ်မှန်တဲ့ဒီမိုကရေစီ မရနိုင်။ စစ်အစိုးရအမွေပေးခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ထဲက စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ ဒါမှမဟုတ် ရွှေရည်စိမ် ဒီမိုကရေစီသာရမှာဖြစ်မည်။ ဒီအချက်ကို သေသေချာချာ လူထုကို ဒေါ်စုက နားလည်အောင်ပြောသင့်သည်။ ထိုသို့မဟုတ်ပဲ တကဲ့ ဒီမိုကရေစီစစ်စစ် ရတော့မလိုလို ပြောနေရင် ပြည်သူကို လိမ်ရာကျမည် ဖြစ်သည်။

ထို့ကြောင့် ဒေါ်စုသည် အခြေခံဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံ့ပါတီအမတ်တွေနဲ့ မဟာမိတ်ဖြစ်အောင် လုပ်သွားမလား၊ အခြေခံဥပဒေမှာ စစ်တပ် ၂၅% ပြင်ဆင်ရေးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အလိုကျ လိုက်လျော သဘောတူလေမလားဆိုသည်မှာ စောင့်ကြည့်ရန်သာ ရှိသည်။

No comments:

Post a Comment