လာမယ့်တနလာင်္နေ့ (နိုဝင်ဘာ ၁၂) ရက်ဆို ဒေါ်အောင်ဆန်းစုကြည်
အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုတဲ့သတင်း အားလုံး လည်း သိထားပြီး ဖြစ်တယ်။
ဆယ်ကျော်သက်ရွယ်ကာလက အမေဒေါ်ခင်ကြည် အိန္ဒိယသံအမတ်နဲ့ နေထိုင်စဉ်၊ အိန္ဒိယ
နိုင်ငံမှာ ပညာသင်ကြီးပြင်းလာတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ငယ်တုန်းက
နေရာဟောင်းလေးတွေနဲ့ ပုံရိပ်ဟောင်း တွေ ပြန်မြင်ယောင်စေမယ့်
ခရီးဖြစ်မယ်ထင်ရဲ့။
ဒီဆောင်းပါးရေးနေချိန်ဟာ ခရီးစဉ်စဖို့ ၃ ရက်ပဲ လိုပါတယ်။
ဒါပေမဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူတွေဘက်ကရော၊ NLD ပါတီနဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိုင်းအ၀ိုင်းဘက်ကပါ ဘာသတင်းမှ မထုတ်ပြန်သေးပါ။
ဒီခရီးဟာ အိန္ဒိယအစိုးရက တရားဝင်ဖိတ်ခေါ်တာမျိုး မဟုတ်ပါဘူး၊ ၁၉၉၃
ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဂျဝါဟာလာနေ
ရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့၊ ဂျဝါဟာလာနေရူး
မယ်မိုဒီရယ်လ်အဖွဲ့က ဖိတ်ခေါ်ခဲ့တာပါ။
အခုနှစ်မေလကုန်လောက် ၀န်ကြီးချုပ်
ဒေါက်တာမန်မိုဟာဆင်းန်ရဲ့ဗမာပြည်ခရီးစဉ်မှာ ကွန်ဂရက်အိုင်ပါတီဥက္ကဋ္ဌ ဆိုနီ
ယာဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာတစောင်ကမ်းခဲ့ပါတယ်။ အခုလ ၁၄
ရက်နေ့မှာ ကျရောက်မယ့် အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်
ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ ပန်ဒစ်ကြီးဂျဝါဟာလာနေရူးရဲ့ မွေးနေ့အ
ခမ်းအနားကို တက်ရောက်မိန့်ခွန်းချီးမြှင့်ဖို့ မေတ္တာရပ်ခံခဲ့တဲ့ဖိတ်စာပါ။
ဒါနဲ့ပဲ ဥရောပက ဆွစ်ဇာလန်၊ နော်ဝေး၊ အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကားတို့ကို
ခရီးတွေလှည့်လည်ခဲ့ပြီး၊ ထိုင်းနိုင်ငံပြီးရင် အိန္ဒိယကို
ဒုတိယမြောက်လည်ပတ်မယ့် အိမ်နီးချင်းနိုင်ငံအဖြစ် ဒေါ်အောင်ဆန်းစုကြည်က
ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်း ချမ်းရေးနဲ့
နိုင်ငံတကာချစ်ကြည်ရင်းနှီးမှုရဲ့ သင်္ကေတအဖြစ် ၁၉၆၅ ခုကစပြီး အိန္ဒိယ
လွတ်လပ်ရေးခေါင်းဆောင်ကြီး ၀ါဟာလာနေရူး အမှတ်တရဆုကို
စတင်ချီးမြှင့်ခဲ့ရာမှာ မြန်မာနိုင်ငံအတွက် သိပ်ကိုဂုဏ်ယူစရာကောင်းတာက
ပွဲဦးထွက် ၁၉၆၅ ခုနှစ်မှာ ဦးသန့်ကို ချီးမြှင့်ခဲ့တာပဲ ဖြစ်တယ်။ (၁၉၆၂
ကျူးဘားဒုန်းပျံအရေးအခင်းဟာ ဆိုဗီယက် ကျူးဘား လက်ဝဲ အုပ်စုနဲ့
အမေရိကန်ဦးဆောင် အနောက်အုပ်စုတို့ရဲ့ ၁၃ ရက်အတွင်း ကမ္ဘာစစ်မီးတောက်မယ့်
အန္တရာယ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်
အောင်မြင်အောင်ဖြေရှင်းပေးနိုင်တယ်)။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ဒုတိယမြောက်
ဂျဝါဟာလာနေရူးဆုကို ဆွတ်ခူးပေးနိုင်သူအဖြစ် ကျနော်တို့တတွေ
ဂုဏ်ယူဝမ်းမြောက်ရမှာပါ။
……………………………………………………………..
မှတ်မိသေးတယ်၊ ၁၉၉၃ ဂျဝါဟာလာနေရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ရတော့
နယူးဒေလီမှာ မြန်မာကျောင်းသား လူ ငယ်တွေ နေထိုင်တာ ၅၀ ၀န်းကျင်ပဲရှိအုံးမယ်
(အခုဆို မြန်မာပြည်သားတသောင်းကျော်နေပြီ)။ ကျနော်တို့တတွေ ၀မ်း သာကြတယ်၊
ဒါပေမဲ့ သိတ်ဆင်းရဲတော့ ဂုဏ်ပြုပွဲတွေ၊ အခမ်းအနားတွေတော့ မလုပ်နိုင်ပါဘူး၊
NGO ဆိုတာတော့ ကြား ဖူးတယ်၊ မမြင်ဖူးဘူး။ ဒါပေမဲ့
မြန်မာကျောင်းသားအဖွဲ့ရုံးကိုတော့ VIP အိန္ဒိယ၀န်ကြီးတွေနေထိုင်တဲ့
မြို့လည်ခေါင် ရပ် ကွက်မှာ ဖွင့်ထားတာ။
ကျနော်တို့နေတဲ့လမ်း (အမှတ် ၃ ခရစ်ချနားမီနွန်လမ်း) နဲ့
ဒေါ်အောင်ဆန်းစုကြည် ငယ်ငယ်ကနေသွားတဲ့ (၂၄ အက္ကဘာ လမ်း) အိမ်ကတလမ်းပဲခြားတယ်။
(အခု ဒေါ်ခင်ကြည် နေထိုင်ခဲ့တဲ့အိမ်မှာ ကွန်ဂရက်အိုင်ပါတီ အထွေထွေအတွင်းရေး
မှူး ရာဟုဂန္ဒီ ရုံးခမ်းဖွင့်ထားတယ်) ကျနော်တို့ရုံးကို
မီးရထားဝန်ကြီးဟောင်း (နောက်ပိုင်းကာကွယ်ရေးဝန်ကြီ အခုအငြိမ်း စား)
မစ္စတာဂျော့ဖန်နန်ဒေ့ခ်ျ ကသူ့အိမ်ဝန်းထဲမှာ သူ့ရုံးခန်းလေးနဲ့ကပ်ပြီး
တခန်းပေးထားတာ။ အဲဒီ VIP ရပ်ကွက် လမ်း မတွေကို တလမ်းနဲ့တလမ်း
အမျိုးအစားတူတဲ့အပင်တွေချည်း လမ်းတလျောက် တန်းစီစိုက်ထားတတ်တယ်။
ဥပမာ ကျနော်တို့နေတဲ့လမ်းတလျှောက်က ညောင်ပင်တွေချည်းပဲ အုပ်မိုးနေတာ။
ဝန်ကြီးချုပ်ဟောင်း အင်ဒရာဂန္ဒီ နေ အိမ်လမ်းကျတော့ တမာပင်တွေချည်းပဲ၊
တချို့နေရာကြတော့ သပြေပင်တွေချည်းပဲ၊ သပြေသီးမှည့်ချိန်ဆို အဲဒီလမ်းဟာ
သပြေမှည့်တွေ ပေကျံပြီး ကတ္တရာလမ်းဟာ ခရမ်းရောင်သန်းနေတယ်။။
ဒေါ်အောင်ဆန်းစုကြည် နေသွားတဲ့ အက္ကဘာ လမ်းကတော့ တလမ်းလုံးမန်ကျီးပင်တွေနဲ့။
မန်ကျီးပင်တွေက နဲနဲနောနောကြီးတွေမှုတ်ဘူး၊လူကြီး ၂ယောက် ၃ ယောက်
ဖက်လောက်ရှိတဲ့ ပင်စည်ကြီးကြီးအမြင့်ကြီးတွေ။ ဒေါ်အောင်ဆန်းစုကြည်
နေခဲ့ဖူးတဲ့ အက္ကဘာလမ်းကို ကျနော်တို့က ဒေါ်စုလမ်းလို့ပဲ
ကိုယ့်ဖာသာနာမည်ပေးထားတယ်။ ကျနော်တို့ရုံးနဲ့ တလမ်းပဲခြားတယ်။ မနက်စောစော
ပန်းချီ စစ်ငြိမ်း အေးနဲ့အတူ အိန္ဒိယဂိတ်ဘက် အရှေ့ဆီက
နေလုံးနီနီကြီးတက်တာငေးကြည့်ရင်း လမ်းလျောက်ပြီဆို ဒေါ်စုလမ်းကို ပတ်တက်ပြီး
ရုံးပြန်နေကျ။ မန်ကျီးသီးနုချိန်ဆို ငှက်တွေက မန်ကျီးသီးနုတွေထိုးဆိတ်လို့
လမ်းပေါ်ကျနေတာအများကြီး။
အဆင်သင့်ပါလာတဲ့ ကျွတ်ကျွတ်အိတ်ထဲကောက်ထည့်ပြီး၊ ကိုယ်လည်းဟင်းတခွက်၊
ကိုယ့်သူငယ်ချင်းအိမ်တွေလည်း ဝေငှ။ (နောက်ပိုင်းတော့ ဒေါ်စုလမ်းမှာ
မန်းကျီးသီးနုနုကောက်သူတွေ ပြန်ရောင်းစားတဲ့အထိ လာဘ်မြင်သွားကြတယ်)
ကျနော် စဉ်းစားမိတယ် ဒေါ်အောင်ဆန်းစုကြည်လည်း ငယ်ငယ်က သူ့အိမ်ရှေ့
အမေဒေါ်ခင်ကြည်နဲ့ လမ်းအတူလျှောက် ရင်း မန်ကျီးတွေကောက်၊ ငြုပ်သီး၊
ငပိနဲ့ရော ညက်ညက်လေးထောင်းပြီး မန်ကျီးသီးထောင်းလေးများ ချက်စားကြမလား
လို့။
……………………………………………………….
၁၉၉၄
နိုဝင်ဘာလ၊ အခုလိုအချိန်ပဲ၊ နေရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားယူဖို့
မြန်မာအမျိုးသမီးတယောက် အင်္ဂ လန်ကနေ နယူးဒေလီကို ရောက်လာတယ်။ သူက နယူးဒေလီ
အောလ်အင်ဒီးယားရေဒီယိုမှာ စစ်ပြီးခေတ် လွတ်လပ်ရေး အကြိုကာလတွေက
တာဝန်ထမ်းဖူးတယ်။ ကျနော်တို့ မမွေးခင်သိပ်နာမည်ကြီးတဲ့
ခေတ်ဟောင်းအဆိုတော်ကြီး ဘိလပ် ပြန်သန်းလို့ခေါ်တဲ့ ဒိုရာသန်းအေး ဖြစ်တယ်။
အဲဒီတုန်းက ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းသမတအိမ်တော်ဝန်းမှာ
ညစာကျွေးလုပ်ခဲ့တာပါ။ နိုင်ငံတော်အခမ်းအနားလိုပေါ့။
အားလုံးသိတဲ့အတိုင်း ၁၉၉၃-၉၄-၉၅ တို့ဆိုတာ ပြည်တွင်းမှာ အတိုက်အခံမှန်သမျှ စစ်အစိုးရက အသားကုန်အမဲဖျက်ပြီး၊
နိုင်ငံတကာကိုလည်း ကလော်ဆဲနေတဲ့အချိန်။ အိမ်နီးချင်းနိုင်ငံတခုက အခုလို
သူတို့ရန်သူကို ခမ်းခမ်းနားနားဆုပေးတော့ ဒါဟာ
ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာ ဘာညာနဲ့ သတင်းစာတွေကနေ
စောင်းမြောင်းရေးတာပေါ့။ ဖြစ်ချင်တော့ အဲဒီနှစ်က
အိန္ဒိယနိုင်ငံလွတ်လပ်ရေးတပ်မတော် (INA) ရဲ့ ခေါင်းဆောင်
ဆူဘတ်ချန်ဒရာဘို့စ်နဲ့ သူ့ရဲ့တပ်တွေ မြန်မာ ပြည်ကိုစစ်ကြောင်းချီခဲ့တဲ့
(၁၉၄၀) အနှစ် ၅၀ ရွှေရတုကာလမို့ ဟိုတုန်းက အိန္ဒိယ INA
တော်လှန်ရေးစစ်မှုထမ်းဟောင်း တွေ (မြန်မာစစ်အစိုးရနဲ့ ညှိနှိုင်းပြီး)
မန္တလေးကိုရောက်နေတယ်။ INA စစ်သားဟောင်းတွေ ရည်ရွယ်ထားတာက ဒုတိယ
ကမ္ဘာစစ်တုန်းက ချီတက်ရာလမ်းကြောင်းတွေအတိုင်း တမူး၊ မန္တလေးနဲ့ ကချင်ဘက်ကနေ
စတီးဝဲလ်လမ်းအတိုင်း ခရီး ရှည်ချီတက်ဖို့ ဖြစ်တယ်။ ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည်ကို အဲလိုနေရူးဆုပေးတဲ့သတင်းကြောင့် ဗမာပြည်ရောက်နေတဲ့
အိန္ဒိယစစ်သားအိုကြီးတွေ အစီအစဉ်ပျက်သွားတယ်။ မြန်မာအာဏာပိုင်တွေက
ပြန်နှင်လွှတ်တယ်။ အဲဒီတုန်းက အိန္ဒိယ က ငွေကုန်ကြေးကျခံ ဖောက်လုပ်ပေးနေတဲ့
တမူး ကလေး ချစ်ကြည်ရေးလမ်းကိုတော့ နယူးဒေလီအစိုးရက ရပ်မပြစ် လိုက်ပါဘူး။
………………………………………………………….
ကျနော့်စိတ်ထဲ မေ့မေ့ပျောက်ပျောက် မဖြစ်သွားတာတခုက
ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ၁၉၉၄ နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ လောက်
ကျနော်တို့ရုံးခန်းကို ပန်းပွင့်တွေနဲ့ ထမီအပြာ၊ ဆွယ်တာအပြာ၊
ပုဝါလေးခြုံပြီးဝင်လာတဲ့ ရုပ်ရည်သန့်သန့် မျက် မှန်နဲ့
မြန်မာအမျိုးသမီးတယောက် ၀င်လာပါတယ်။ အိန္ဒိယ အမျိုးသမီးတယောက်က
ကားနဲ့လိုက်ပို့တာ။ မြန်မာကျောင်း သားတွေနဲ့ တွေ့ချင်လို့ဆိုပြီး
ရောက်လာတာပါ။ သူက အဆိုတော် ဘိလပ်ပြန်သန်းလို့ ကျနော်တို့ကြားဖူးနေတဲ့၊
ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်တဲ့ အဆိုတော် ဒိုရာသန်းအေးပါ။
သူဆိုခဲ့တဲ့ လှေကလေးကိုလှော်မည်
သီချင်း မြတ်ပန်းခွေသီချင်းတွေဟာ ကျနော်တို့ခေတ်မှာ ဒေါ်မာမာအေးတို့၊
မေဆွိတို့ ဟေမာနေ၀င်းတို့ရဲ့ ပြန်ဆိုတေးအဖြစ်နဲ့တောင် မရိုးနိုင်တဲ့
သီချင်းတွေ ပေါ့။ ကျနော်တို့တတွေ ခေတ်ဟောင်းအဆိုတော်ကြီးကိုတွေ့တော့
ဝမ်းသာတယ်။ သူကလည်း ကျနော်တို့အကြောင်းတွေ စိတ်ဝင်တစားမေးတယ်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို “စုကလေ” “စုကလေ” နဲ့ အားရပါးရပြောပြတယ်။
သူကဒေါ်စုကို သိပ်သံယောဇဉ် ကြီးပုံရတယ်။ ကျနော်က ဓာတ်ပုံရိုက်မယ်ဆိုတော့
ရုံးခန်း စာအုပ်ဘီဒိုမှန်နံရံမှာကပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုစ
တာပုံတွေနားကပ်သွားပြီး “စုနဲ့အတူ ရိုက်မယ်” လို့ပြောပြီး၊
ဒေါ်အောင်ဆန်းစုကြည် ပုံလေးတွေ သူ့ကိုယ်နဲ့မကွယ်မိ အောင်
အတော်ဂရုစိုက်ရပ်ပြီး ဓာတ်ပုံအရိုက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မိခင်လိုဖြစ်နေတဲ့ အဆိုတော်ကြီး ဘိလပ်ပြန်သန်းဟာ ၂၀၀၇ ဇွန်လတုန်းက
သူ့အသက်တရာပြည့်ဖို့ (၇) လ အလို အင်္ဂလန်မှာပဲ ဆုံးသွားရှာတယ်။
တချိန်က ကျနော်တို့တတွေ အိန္ဒိယမှာ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုတွေ
အင်တိုက်အားတိုက် လုပ်ခဲ့ကြတယ်။ ငွေမ ရှိလည်း ကိုယ့်ဖာသာပိုက်ဆံစု၊
ပိုက်ဆံရှာပြီး လုပ်ခဲ့တယ်။ ဂစ်တာတွေ၊ ခွတ်ဒေါင်းအလံတွေ၊
ဒေါ်အောင်ဆန်းစုကြည် ပိုစတာတွေကိုကိုင်ပြီး မြန်မာသံရုံးရှေ့နဲ့
(နောက်ပိုင်းတော့ သံရုံးရှေ့ဆန္ဒမပြရတော့ဘူး) သံရုံးအနီးမှာ တော်လှန်ရေး သီ
ချင်းတွေ၊ ကျောင်းသားသမဂ္ဂသီချင်းတွေဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။
ပန်းချီစစ်ငြိမ်းအေးရဲ့ ပန်းချီကားတွေပြပွဲလုပ်၊ ဂီတဖြော်ဖြေပွဲတွေ၊
မြန်မာ့ရေးရာ ဆွေးနွေးပွဲတွေနဲ့တွဲပြီး ရံပုံငွေရှာတာ၊ မြန်မာအစားအသောက်တွေ
ရောင်းချရံပုံငွေရှာပြီး
ကိုယ်ထူကိုယ်ထ တော်လှန်ရေးလုပ်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံရေးပါတီတွေ၊
အမျိုးသမီးနဲ့ လူမှုအဖွဲ့တွေ၊ သတင်းဌာနတွေ က ကျနော်တို့ကို ၀န်းရံခဲ့တယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဂျော့ဖာနန်ဒေ့ခ်ျနဲ့ သူ့ရဲ့စမတားပါတီဥက္ကဋ္ဌ
အန်တီဂျရားဂျဲလ်တီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဖက်သူငယ်ချင်း
မာလီဗီကာနဲ့ သူ့ခင်ပွန်းသတင်းစာဆရာ ကာလီကာ၊ ကျနော်တို့ မိခင်လိုဖြစ်နေတဲ့
အိန္ဒိယ ဗဟိုတရားရုံးရှေနေ့အမျိုးသမီး နန်ဒီတာဟတ်စ်ကာနဲ့ Other Media (NGO)
အဖွဲ့တွေ၊ အမျိုးသမီးရေးရာ တက်ကြွလှုပ် ရှားသူလည်းဖြစ်၊
မနူရှီအမျိုးသမီးမဂ္ဂဇင်းထုတ်လုပ်သူ အယ်ဒီတာမနူးကစ္စခ်ျဝါးတို့ဟာ
ကျနော်တို့ကို အကြံပေး၊နည်းလမ်း တွေပေးပြီး
အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းတွေကို ဖော်ပေးခဲ့တယ်။
ဆန္ဒပြပွဲတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက မြန်မာ့အရေးဟောပြောပွဲ၊
ဓာတ်ပုံပြပွဲ၊ သတင်းစာရှင်းပွဲတွေကို ဘယ် NGO တွေဆီကမှ ပိုက်ဆံမရလည်း
ကျနော်တို့လူငယ်တွေ ကိုယ့်အလုပ်၊ ကိုယ်တာဝန်ကိုကိုယ်ယူပြီး ညီညီညွတ်ညွတ်
လုပ်ခဲ့ ကြတယ်။ ၀မ်းနည်းစရာကောင်းတာက ငတ်နေတုန်းက ညီညွတ်ခဲ့ကြပေမဲ့ ၁၉၉၈-၉၉
မှာ NGO တွေနဲ့ အချိတ်အဆက် တွေမိသွားတဲ့အခါ ညီညွတ်ရေးတွေ
ပြိုကွဲကုန်ကြတယ်။ NGO က ခွဲလို့မဟုတ်ပေမဲ့ NGO ချပေးတဲ့
ပရောဂျက်နိုင်ငံရေး လှုပ်ရှားမှုတွေနောက် တကောက်ကောက်လိုက်ပါရင်း
လက်တွေ့နိုင်ငံရေးလမ်းစတွေ ပျောက်ကုန်တာပါ။
ဒီကနေ့ အဲဒီအရွေ့ကြီး ပြည်တွင်းထဲဝင်သွားပါပြီ၊ ပြည်တွင်းမှာ NGO ယဉ်ကျေးမှုကြီး စနေပါပြီ။ အကွဲအပြဲသတင်းတွေ လည်း စကြားနေရပြီ။
“ရဲဘော်တို့.. ဆင်ခြင်ကြလော့၊ သတိပြုလော့၊ ငါတို့သေဖူးတယ်” လို့ အော်ပြရုံကလွဲလို ဘာမှမတတ်နိုင်ပါ။
……………………………………………….
နိုင်ငံရေးအပြောင်းအလဲက ဂငယ်ကွေ့ကြီးဆိုတော့၊ တချိန်က ရန်သူတွေနဲ့
မိတ်ဆွေတွေလိုဆက်ဆံ၊ မိတ်ဆွေတွေနဲ့ကျ ရန်သူလိုဆက်ဆံ
ဖြစ်နေတဲ့နိုင်ငံရေးလောကမှာ ကိုယ်တောင် မျက်စေ့လည်ချင်သလိုလို။
ဘာပဲဖြစ်ဖြစ် ကျနော်တို့တတွေ တချိန်က ဖရီး ဖရီး..အောင်ဆန်းစုကြည်လို့
ဒေလီနေပူပူ၊ အာခေါင်ကွဲလည်ချောင်းနာ၊ ခေါင်းပူ၊ အသံဝင် အော်ဟစ်ခဲ့ကြ တယ်။
“ဒီလောက်တောင် ငါတို့သူလွတ်ဖို့အတွက် အော်နေရတာ တနေ့ဗမာပြည်ရောက်ရင်
မြင်ဖူးအောင်လို့၊ ဒေါ်စုနဲ့တွေ့ဖြစ် အောင် သွားတွေ့အုံးမယ်” လို့
ဆန္ဒပြပွဲတခုမှအမှတ်တမဲ့ပြောခဲ့ဖူးတဲ့ ကလေးနယ်က လုရှိုင်းချင်းအမျိုးသမီး
မစန်းပွီး တယောက်လည်း အခုတော့ သြစတေးလျှားမှာ။ ကံကြမ္မာအလှည့်အပြောင်းက
သူကိုယ်တိုင် ရန်ကုန်သွားတွေ့စရာမလို ဘဲ နယူးဒေလီကို ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်လာတာတောင် တွေ့ဆုံခွင့်လေးမရနိုင်တော့။ မစန်းပွီး ထက်ကံဆိုး
မယ့်သူတွေလည်း နယူးဒေလီမှာ ရှိနိုင်ပါသေးတယ်။ အခုအချိန်ထိ မြန်မာတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်တွေ့မယ်၊ မတွေ့ ဘူး၊ ဘာမှ မသေချာသေးဘူး။ ဒေလီက
မြန်မာဒုက္ခသည်တွေကတော့ ထိုင်းနိုင်ငံခရီးစဉ်လိုဖြစ်မှာ စိုးရိမ်နေကြတယ်။
သူတို့ရဲ့မီးအိမ်ရှင်ကို မတွေ့ရမှာ စိုးရိမ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့နိုင်ငံသားတွေကို တွေ့ချင်မှာပဲ၊
စကားပြောချင်မှာပဲ၊ အိန္ဒိယက မြန်မာနိုင်ငံသားတွေအခြေအနေနဲ့ ဘ၀တွေကို
မြင်ချင်သိချင်မှာပဲ။ ဒါပေမဲ့ အချိန်ဘယ် လောက်ပေးနိုင်မလဲ၊
အိန္ဒိယရဲ့လုံခြုံရေးအနေအထား၊ ခရီးစဉ်အခြေအနေတွေပေါ်လည်း မူတည်ပါတယ်။
သိရသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ နေထိုင်မှာ ဖြစ်တယ်။
၁၃ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ဒေ၀ါလီမီးထွန်းပွဲတော်နေ့၊ ၁၄ ရက်က
နေရူးမွေးနေ့အခမ်းအနား ဖြစ်တယ်။ သူငယ်ငယ်က တက်ခဲ့ဖူးတဲ့
လေဒီရှရီရမ်ကောလိပ်ကလည်း သူနဲ့ တွေ့ဆုံပွဲအစီအစဉ်ရှိတယ်။ ပြီးတော့
ဘန်ဂလိုမြို့ကိုလည်း သွား ရောက် လည်ပတ်မယ်လို့သိရတယ်။
အိန္ဒိယသတင်းစာတစောင်ကတော့ ဗုဒ္ဓဂါယာနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လား
မားကြီး သီတင်းသုံးတဲ့ ဒရမ်(မ်)ဆာလာကိုလည်း
လည်ပတ်မယ်ဆိုတဲ့သတင်းဖော်ပြခဲ့ပေမဲ့ ဒါတွေက မသေချာဘူး၊ ဒေါ်
အောင်ဆန်းစုကြည်နဲ့ တောင်တိဘက်အဝေးရောက်အစိုးရက အဆက်အသွယ်မရသေးဘူးလို့
သိရတယ်။
မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးနေတဲ့
အိန္ဒိယပါလီမန်အမတ်တွေတချို့ကလည်း အိန္ဒိယပါလီမန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို
မိန့်ခွန်းပြောစေချင်တယ် ဒါပေမဲ့ အတိုက်အခံတွေကို ပါလီမန်မှာ
အဲလိုနေရာပေးတဲ့အစီအစဉ် မျိုး တခါမှမရှိခဲ့ဖူးတော့ မသေချာဘူး။ ဘာသတင်းမှ
တိတိကျကျပြောမရဘူး။ ဒီတော့ မြန်မာတွေနဲ့တွေ့ဖို့ အစီအစဉ်က မရေမရာနဲ့။
ကိုယ့်ဘက်တွေကတော့ ကြိုတင်ပြင်ဆင်နေတာတွေ ကြားရတယ်။
တချိန်က မြန်မာပြည်မှာနေသွားတဲ့ မြန်မာ့အရေးမှာတက်ကြွတဲ့ အော်လ်အင်ဒီယားရေဒီယို မြန်မာပိုင်းဌာနအကြီးအကဲ
ကွယ်လွန်သူစာရေးဆရာ ဦးမောသီရိဇနီး အုပ်ချုပ်တဲ့
အောက်စ်ဖို့စ်အထက်တန်းကျောင်းဝန်းထဲမှာ မြန်မာနိုင်ငံသားတွေ နဲ့တွေ့ဖို့
ကြိုတင်စီစဉ်ထားကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဖြစ်မဖြစ်တော့ မသေချာသေး။
တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးဒေလီခရီးစဉ်မှာ
မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် အငတ် ငတ်အပြတ်ပြတ်နဲ့ မြန်မာ့အရေး
လှုပ်ရှားသူတချို့အပါအ၀င် မြန်မာနိုင်ငံသားတွေ၊ မြန်မာ့အရေးကို ကနဦးအစကတည်း က
အားပေးကူညီခဲ့တဲ့ အိန္ဒိယနိုင်ငံရေး၊ လူမှုရေး၊ နယ်ပယ်ထဲက
မြန်မာ့မိတ်ဆွေကောင်းတွေနဲ့ တွေ့နိုင်မယ်ဆို သိပ် ကောင်းမှာပဲ။
ငါးပွက်ရာ ငါးစာချနေတဲ့ ဒီခေတ်ကြီးထဲမှာ ပိုင်ရာပိုင်ရာ၊
ဆိုင်ရာဆိုင်ရာတွေပဲ ကြိတ်တိုင်ပင်တွေ့ဆုံပြီး ဖျာခင်းနေရာယူ
တတ်လွန်းလို့ပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် လည်း သိချင်သိမှာပေါ့။
ကိုညို (အော်စလို)၀၈ဖေဖ၀ါရီ၂၀၁၂
No comments:
Post a Comment