Sunday, January 9, 2011

"ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၂ )

( မောင်မောင်ဝမ်း )

“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာ သည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုးကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံးမပြု သင့် ။ ”
ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော် နေလို့ ထိုင်လို့ ကောင်းနေတယ်၊ မပူလွန်း မအေးလွန်း အနေထား၊ ။
အညာမြေမှာ ဒီလိုအနေထားမျိုးကို လူတော်တော်များများ နှစ်ခြိုက်ကြတယ်၊ ။တခါတရံ မိုးနံ့လေးတွေ ပြေးနေတယ်၊နေလည်း မပူ ၊ မိုးကလည်း အအုံ့ကြီး မဟုတ်၊။ တခါတရံ မိုးဖွားလေးများ ရွာချလာတတ်တယ်၊။ ရုတ်တရက် နာရီကို ကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာ လဲလိုက်ပြီး ခပ်သုတ်သုတ်လေး ထွက်လာခဲ့တယ်၊ ။

လမ်းထိပ်ရောက်တော့ မဆုံချင်တဲ့ လူတယောက်နဲ့လာဆုံဖြစ်ပြန်ပြီ ၊။ ဘာလုပ်နေကြတာလဲ မသိ ။ ကျနော့် ဦးလေးအိမ်ထဲက ကောင်လေး၊ကောင်မလေး ၅ ယောက်လောက်နဲ့ ကျနော့် ငယ်သူငယ်ချင်း အောင်နိုင်---ထွက်လာတာကို တွေ့လိုက်ရတယ်၊။ သူက မြို့နယ် ပြည်ခိုင်ဖြိုး( ကြံ့ဖွတ် ) အဖွဲ့က အတွင်းရေးမှုး။ ကျနော်နဲ့ ဆယ်တန်းအထိ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်၊။ ၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ ကျနော်တို့ကျောင်းသားတွေနဲ့ အတူ သမဂ္ဂမှာ တက်တက်ကြွကြွပါဝင်ခဲ့ဖူးသူ၊။ မှတ်မိတဲ့ တချက်က လူထုဟောပြောပွဲတခုမှာ--” ဒီမိုကရေစီရသည်အထိ ကျနော့်ဘ၀ကိုပေးဆပ်သွားပါမယ်..ဆိုတာ ကတိပြုပါတယ် ..” တို့၊
”ကျောင်းသားသမဂ္ဂဆိုတာ ကျနော့်ရဲ့နှလုံးသည်းပွတ်ပါ..”တို့ ပြောဆိုခဲ့ဖူးသူ၊။

အော် --ခုတော့လည်း တိုက်ပုံအကျီ အဖြူတကားကား၊ရင်ဘတ်မှာ ခြင်္သေ့တံဆိပ် ရင်ထိုးကြီးက ကြွားကြွားဝံ့ဝံ့နဲ့၊။

”ကျောင်းသားသမဂ္ဂဆိုတာ သူပုန်တွေ စုဝေးထားတဲ့ တရားမ၀င် အဖွဲ့အစည်းတခုပါ.....”လို့ တွင်တွင်ကျယ်ကျယ် ဟစ်ကြွေးနေလေရဲ့၊။။
”အာဏာရှင်စနစ်ကို နောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်ပါမယ်”လို့ တွင်တွင်ပြောတတ်သူတယောက်က အာဏာရှင်များရဲ့ခြေအစုံအောက်မှာ ကျုံ့ကျုံ့လေး ၀ပ်တွားခယလို့၊ ။။။တတ်လည်းတတ်နိုင်ပါ့လား..လို့သာ ပြောလိုက်ချင်ပါရဲ့။။။

ကျနော့်ဦးလေးဆိုသူကလည်း ငွေသာရမယ်ဆို ဘယ်လိုကိုယ်ကျင့်တရားကိုမဆို ချိုးဖောက်ဖို့ ဝန်မလေးတတ်သူ၊ သူ့အိမ်ထဲက ထွက်လာတာကို မြင်လိုက်ရတော့ ဂွင်တခုခု ဖန်နေပြီဆိုတာ မမေးပဲနဲ့ သဘောပေါက်နေပြီးဖြစ်နေတယ်။ငယ်ငယ်က ကျနော့်သူငယ်ချင်းပြောတဲ့စကားနဲ့ပြောရရင် “ဘုန်းကြီးရူးနဲ့ရေဒီယိုပျက် ” ဆိုတဲ့စကားလိုပဲ၊။ (ဟုတ်တယ် ..ဘုန်းကြီးရူးက ရေဒီယိုပျက်ကိုမှ သွားတွေ့ဆိုတော့ ပတ်ဝန်းကျင် ဒုက္ခရောက်တော့တာပဲ။)

ကျနော်လည်း မကောင်းတတ်လို့ ပြုံးပြီး တချက်နှုတ်ဆက်လိုက်ရင်း မြန်မြန် အဲဒီနားက ခွာလာခဲ့ရတယ်။ အမှတ်တရ လဘက်ရည်ဆိုင်ကိုရောက်တော့ ကိုယ့်လူတွေက လူစုံတက်စုံရောက်နေကြပြီ ။။အားလုံးက ကြိုဆိုနှုတ်ဆက်ရင်း အပြုံးတွေကိုယ်စီနဲ့ ။

ကျနော်ကလည်း ပြန်ပြုံးပြီး နှုတ်ဆက်လိုက်ရင်း ၀ိုင်းထိုင်လိုက်တယ်၊ ဒီတခါ အပြုံးကတော့ ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ ထွက်လာတဲ့ အပြုံးပါ၊။။

“ ဒီနေ့ ဟိုရက်က ဆွေးနွေးခဲ့တဲ့ဟာရဲ့အဆက်ကို ဆက်သွားချင်တယ် ”

အားလုံး တယောက်တပေါက်စကားတွေပြောနေရာက ရုတ်တရက်ဆိုသလို ငြိမ်သွားကြတယ်။ ကျနော်လည်းပြီးခဲ့တဲ့နေ့က ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ဆက်လက်ပြီး………

“ အာဏာရှင်စနစ်မှာ ဘုရင်ပဲဖြစ်ဖြစ်၊တပါတီအာဏာရှင်ပဲ ဖြစ်ဖြစ်၊ပစ္စည်းမဲ့ အာဏာရှင်ပဲ ဖြစ်ဖြစ်... လုပ်ပိုင်ခွင့်အ၀၀ကို တဦးတယောက် ဒါမှမဟုတ် တစုတဖွဲ့၊တပါတီပေါ်မှာ စုပုံထားတယ်...။ သူတို့က ထင်ရာစိုင်း လုပ်ချင်ရာလုပ်တယ်..အာဏာကို ထိန်းချုပ်ကန့်သတ်တာတို့..ခွဲဝေကျင့်သုံးတာတို့ ဆိုတာမရှိဘူး..။ ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဘက်ပဲ .. ဒီမိုကရေစီဟာ အာဏာရှင်ကို တော်လှန်ဖို့ ပေါ်ပေါက်လာတဲ့ အတွေးအခေါ်တရပ်ဖြစ်လာခဲ့တယ် ..။ ဟိုနေ့က ငါရှင်းပြခဲ့သလိုပဲ..။ ဒီမိုကရေစီဆိုတာကိုက ပြည်သူ့အာဏာ ပြည်သူ့ အုပ်ချုပ်ရေး…အာဏာကို ပြည်သူက ပိုင်စိုးတယ်..။ အာဏာရှင်မှာက အာဏာကို လက်တဆုပ်စာ လူတစု၊ လူတယောက်က ချုပ်ကိုင်ထားတယ် ”

“ အကို ဟိုနေ့က ရှင်းပြခဲ့တဲ့ အထဲက တိုက်ရိုက်ဒီမိုကရေစီဆိုတာကို ထပ်ရှင်းပြပါဦး”

စန်းမောင်က မေးလာတော့… “ အေသင်မြို့မှာ စတင်အသုံးပြုခဲ့တဲ့ ရှေးဦး ဒီမိုကရေစီမှာတော့ မြို့သား ( ပြည်သူတွေ ) ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးတယ်…။ တဦးတည်းပိုင်တဲ့ အာဏာဆိုတာမရှိဘူး….။ပြည်သူအားလုံး မြို့လယ် လဟာပြင်ဈေးမှာ စုရုံးကြပြီး လုပ်ဆောင်ရမယ့် ကိစ္စအ၀၀ကို ဆွေးနွေးတိုင်ပင်ကြတယ်..။အများစုဆန္ဒနဲ့အညီ အတည်ပြု ဆုံးဖြတ်..လုပ်ဆောင်ကြတယ်..။ တဦးတယောက်၊တစုတဖွဲ့ဆီကို အာဏာပေးအပ်ထားတယ်ဆိုတာ မရှိသေးဘူး..။ ဒီနေ့ခေတ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ကန်တုံဒေသ ဆိုတာမှာ ကျင့်သုံးဆဲပဲ..။ နောက်တခါကွာ ...။ သေးငယ်တဲ့ အဖွဲ့အစည်း၊ဒေသအတွင်းမှာတော့ တိုက်ရိုက် ဒီမိုကရေစီကို ကျင့်သုံးကြတာပေါ့ ” ဆိုတော့ ထက်အောင် က……..

“ ကျနော် ဆယ်တန်းနှစ်က မှတ်မိသေးတယ် အကိုရ ..။ အတန်းထဲမှာ နှုတ်ဆက်ပွဲ လုပ်မယ်လုပ်တော့ စုပေါင်းပြီး ဘာချက်မယ် ညာချက်မယ်ဆို ဆွေးနွေးကြတယ်..။ ကျနော်တို့အတန်းပိုင် ဆရာကြီးကလည်း ဒီမိုကရေစီသမားလား မသိဘူး..။ အဲဒီမှာ အုန်းနို့ခေါက်ဆွဲ ချက်ချင်တဲ့ အုပ်စုနဲ့ မုန့်ဟင်းခါးချက်ချင်တဲ့အုပ်စု ဆိုပေါ်လာတယ်..။သူ့ အုပ်စုအလိုက်ပေါ့ ။ အုန်းနို့ခေါက်ဆွဲသမားကလည်း သူ့အုန်းနို့ခေါက်ဆွဲက ဘယ်လိုကောင်းကြောင်း.အကုန်ကျ ဘယ်လိုသက်သာနိုင်ကြောင်း..စသဖြင့်ပေါ့ ။အပြန်အလှန်ငြင်းခုံဆွေးနွေးတိုင်ပင်ကြတာ…ပျော်စရာလည်းကောင်းပေါ့ဗျာ..။ အဲဒါ ဆရာကြီးက ပထမ စပြီးကျေငြာတယ်..အုန်းနို့ခေါက်ဆွဲချက်ခြင်တဲ့သူတွေလက်ထောင်ပါဆိုတော့..လက်ထောင်ကြတယ်..အဲဒါကိုရေတယ်..။ပြီးတော့ တခါမှတ်ထားတယ်..။မုန့်ဟင်းခါးချက်မယ့်ကိစ္စကိုလည်း ထို့နည်းတူစွာ မေးတယ်..။လက်ထောင်ကြတယ်..။မှတ်ထားတယ်..။အဲဒီနှစ်ခုကို နှိုင်းယှဉ်ရေတွက်လိုက်တော့ မုန့်ဟင်းခါးချက်ချင်တဲ့ အုပ်စုက အနိုင်ရသွားတာ မှတ်မိသေးတယ်…။”

“ အဲဒါ.. ဒီမိုကရေစီပေါ့.. တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီအမျိုးအစားပေါ့ ”

ကိုသွေးက ၀င်ပြီး ထောက်ခံဆွေးနွေးလိုက်တယ်၊။

“ ငါတို့ကြတော့ ဒီလိုကွ….။ တို့အတန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ် ငါ့ကိုရွေးချယ်ခဲ့တယ်ကွာ….။ နောက်ထပ် အတန်းခေါင်းဆောင်တွေထဲကမှ တဆင့် ကျောင်းကောင်စီအတွင်းရေးမှုးတယောက်ကို ရွေးချယ်ခဲ့တယ်…..။အဲဒါမျိုးကိုကျ ဘယ်လိုခေါ်နိုင်မလဲ အကို..”

စန်းမောင်က ကျနော့်ဘက်ကိုလှည့်ပြီး မေးလိုက်တော့….

“ ဒါက ကိုယ်စားပြု ဒီမိုကရေစီ အမျိုးအစားပေါ့…။မင်းအတန်းထဲမှာရှိတဲ့ ကျောင်းသားတွေက မင်းကို အတန်းကိုယ်စားလှယ်အဖြစ်ရွေးလိုက်တော့ မင်းက အဲဒီကျောင်းသားတွေကို ကိုယ်စားပြုပေးရတဲ့ ကိုယ်စားလှယ်ဖြစ်သွားတယ်လေ…။အဲဒီအတန်း ခေါင်းဆောင်တွေကမှ နောက်တခါ ကျောင်းကောင်စီအတွင်းရေးမှုး တယောက်ကို ထပ်ရွေးပေးရတာဟာ ကိုယ်စားပြု ဒီမိုကရေစီ အမျိုးအစား….ဒီနေ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပုံစံပေါ့… မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်တွေကို လူထုက ရွေးချယ်ပေးရတယ်လေ..အဲဒီကိုယ်စားလှယ်တွေကမှ တခါ လူထု အကျိုးစီးပွားတွေကို ပြန်အကောင်ထည်ဖော်ပေးရတယ်..မင်းတို့စိတ်ထဲမှာ စွဲမြဲသွားစေဖို့ ဒီမိုကရေစီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထပ်ပြောပြချင်တယ်…။ဒီမိုကရေစီဆိုတာ..ပြည်သူလူထု၏ သဘောတူညီချက်ဖြင့် အုပ်ချုပ်သည့်အစိုးရ၊ အမြင့်ဆုံးအာဏာဟာ ပြည်သူလူထုလက်ထဲမှာပဲ တည်ရှိရမယ်ဆိုတဲ့ အစိုးရစနစ်ကို ခေါ်တယ် ”

ကျနော်စကားအဆုံးမှာ လဘက်ရည်ခွက်ထဲမှာကျန်နေတဲ့ အကျန်လေးကို တကျိုက်ထဲ သောက်လိုက်ရင်းက မျက်လုံးတချက် ဝေ့ကြည့်လိုက်တော့ ဆိုင်ထဲကို ရအဖ (ရပ်ကွက်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ) ၀င်တချို့ ၀င်လာတာကို တွေ့လိုက်ရတယ်။ အဲဒီထဲက တယောက်က ကျနော့်ကိုပြုံးပြနှုတ်ဆက်ရင်း သူတို့အစုလေးနဲ့သူတို့ဘာတွေ စတင်ဆွေးနွေးနေကြလဲ မသိ….။

ကျနော်ကို ပြုံးပြနှုတ်ဆက်ခဲ့တဲ့ ရအဖ တယောက်က တချိန်က သူလည်း ၈၈ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ..။ ခုတော့ ကျနော်တို့ကိုတောင် ခေါ်ရ ပြောရ..နှုတ်ဆက်ရမှာ ကြောက်ရွံ့နေပုံရတယ်။ ကျနော်နားလည်ပေးလိုက်ပါတယ်။၊ ပြီးခဲ့တဲ့သတင်းပတ်က ရပ်ကွက်က လူတွေဆင့်ခေါ်ပြီး ရပ်ကွက်အလယ်က ပင်မလမ်းကြီးကို ပြင်ဖို့ အလှုငွေ မထည့် မနေရ တောင်းခံခဲ့တယ် ။ ရပ်ကွက်တွင်းက ပြည်သူတွေက အဲသလောက် ငွေကြေးကို ထည့်ဝင်ဖို့ မဖြစ်နိုင်ကြောင်းကို ပြန်လှန် စောဒက တက်ကြတော့ ရအဖ ဥက္ကဌ လုပ်တဲ့သူက အထက်အမိန့်အရဆို မဖြစ်မနေ ထည့်ဝင်ရမယ်လို့ အမိန့်မပေးရုံတမယ် သတ်မှတ်ခဲ့တယ်၊။ လူထုခမျာ ဘာပြန်ပြောရဲရှာမလဲ ။ သူတို့က ခြောက်လှန့်ထားတော့ ကြောက်ကြတာပေါ့၊။ အဲဒီအစည်းဝေးမှာ ကျနော်က သူတို့ကို မေးခွန်းတခု မေးခဲ့တယ်၊ ကျနော်တို့ပြည်သူလူထုအနေနဲ့ ကောင်းမွန်တဲ့လမ်းတခုကို အလိုရှိတာအမှန်ပါ။ ဒါပေမယ့် ဒီလောက်ငွေကြေးထည့်ဝင်ဖို့ ဆိုတာ ကျနော်တို့လူထုအဖို့ ၀န်ထုတ်ဝန်ပိုးဖြစ်တယ်ဆိုတာကို ဥက္ကဌ အနေနဲ့ အထက်အဆင့်ဆင့်ကို တင်ပြသင့်တယ် ။ နောက်တခါ ဒီလို ကိစ္စမျိုးတွေကို လုပ်ဖို့ ဆိုတာ အစိုးရမှာပဲ တာဝန်ရှိတယ် ။ဘယ်သူ့ မှာမှ တာဝန်မရှိဘူးလို့ပြောတော့…သူက...

“ ဒါကတော့ဗျာ အထက်လူကြီးတွေက ဖြူဆို ကျနော်တို့က ဖြူရမှာပဲ..။ မဲဆို မဲရမှာပဲ ” တဲ့ ။

ကျနော်က သူတို့ကို တွေ့ခါမှ သတိရပြီး အဲဒီ့အကြောင်းလေးကို ကျနော်တို့ လဘက်ရည်ဝိုင်းမှာ ခပ်တိုးတိုး ရှင်းပြမိလိုက်တယ်။ နားထောင်နေတဲ့ ချမ်းမြေ့က……

“ ဒါ အာဏာရှင်စနစ်ရဲ့ အင်မတန်မှ ခါးသီးလှတဲ့.. အဖြစ်ဆိုးတွေပေါ့ အကိုရာ…။ ဒီမိုကရေစီ အစိုးရဆို ဒါမျိုးလုပ်လို့ ဘယ်ရမလဲ..။ လုပ်ကြည့်ပါလား… နောက်တခါ မဲအရွေးခံရင် သူတို့လိုလူမျိုး ဘယ်တော့မှ မဲပေးမှာမဟုတ်ဘူး.. ပြုတ်ပြီသာပြင်”

“ သိပ်မှန်တာပေါ့ ”

ထက်အောင်က ကြားထဲမှဖြတ်ပြီးဝင်ရောက်ထောက်ခံရင်း…..

“ ကျနော်ကြားဖူးတဲ့.. ဖြစ်ရပ်လေးတခု ပြောချင်သေးတယ်ဗျ ”

သူက ပြုံးဖြီးဖြီးကြီးနဲ့ စလာတယ် ။

“ တခါက စစ်တပ်က အရာရှိလုပ်တဲ့သူ တစ်ယောက်က သူတို့ တပ်ရံပုံငွေအတွက်ဆို မွေးမြူရေး လုပ်ငန်းတခု လုပ်တယ်လေ..တနေ့ သူ့မွေးမြူရေးခြံတွေကို သွားရောက်စစ်ဆေးတော့….မွေးမြူရေးခြံမှာ တာဝန်ယူလုပ်ကိုင်နေရတဲ့ ရဲဘော်က အရာရှိလုပ်သူကို ဆီးကြိုအလေးပြုရင်း..မွေးမြူရေးလုပ်ငန်းတွေကို လိုက်လံရှင်းလင်းပြသတယ်…။ အရာရှိလုပ်သူကလည်း ခေါင်းလေးတငြိမ့်ငြိမ့် လက်ကလေးနောက်ပစ်..လိုက်လံစစ်ဆေးပေါ့..။”

“ အခု ၀က်တွေမွေးထားတာနော် ”

ဝက်တွေကို မြင်နေလျက်သားနဲ့ ရဲဘော်ကို လှမ်းမေးလိုက်တယ်…..။ ရဲဘော်လုပ်သူကလည်း ချက်ချင်း သတိကောက်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး..၀က်တွေပါ ”

အရာရှိလုပ်သူက ၀က်တွေနားကိုကပ်သွားပြီး သေသေချာချာကြည့်တယ်……။

“ ၀က်မတွေပဲ”

“ ဟုတ်..ဗိုလ်မှုး။ ၀က်မတွေပါ ”

တခါ ရဲဘော်လုပ်သူက အရာရှိလုပ်သူရဲ့စကားကို သတိဆွဲပြီး ပြန်ဖြေလိုက်ပြန်တယ်..။အရာရှိလုပ်သူက ၀က်တွေကို ကြည့်ရင်း..ကြည့်ရင်းကနေ…..

“ ဟာ…ဘယ်ကလာ..၀က်မတွေ ဟုတ်ရမှာလဲ..။ သေသေချာချာကြည့်မှ ၀က်ထီးတွေပဲကွ ” ..ဆိုတော့....

“ ဟုတ်..ဗိုလ်မှုး..၀က်ထီးတွေပါ… ”

အရာရှိလုပ်သူက ရဲဘော်ကို မကျေနပ်တဲ့ ပုံသဏ္ဍာန်နဲ့ တချက်လှည့်ကြည့်ရင်းကနေ…ပြန်ပြောလိုက်တယ် ။

“ မင်းဟာကလည်းကွာ.. ငါဘာပြောပြော ဖော်လို ( follow ) ပဲ လိုက်နေတော့တာပဲ ” လို့ ဆိုတော့ ရဲဘော်ကချက်ချင်းပဲ သတိပြန်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး … ဖော်လို ( follow ) ပါ ...ဗိုလ်မှုး ”

အားလုံး ၀ါးကနဲ ပွဲကျ သွားကြတယ်။ဘေးခပ်လှမ်းလှမ်းမှာ ထိုင်နေကြတဲ့ ရအဖ တွေက မလုံမလဲ မျက်နှာသွင်ပြင်တွေနဲ့လှည့်ကြည့်ပြီး ကုတ်ကုတ်..ကုတ်ကုတ်နဲ့ပဲ ခေါင်းချင်းဆိုင် ဘာတွေပြောနေလဲမသိ၊။ ရယ်သံတွေ စဲသွားမှ စကားဝိုင်းကို ပြန်စရတော့တယ်……..၊။

“ ထက်အောင် ပြောလိုက်တာ.. ဒီနေ့ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကို ရည်ညွှန်းလိုက်သလိုပါပဲကွာ ”

“ ရည်ညွန်းတာ မဟုတ်ဘူး အကိုရ..။ ကျနော်က ဒီအတိုင်းဖြစ်နေတာလို့တောင် ရဲရဲပြောချင်တယ် ”

ထက်အောင် စကားအဆုံးမှာ စန်းမောင်က လက်မကို အသာလေးဖွက်ပြီး ရအဖ တွေဘက် ထိုးညွှန်ပြလိုက်တော့.. ထက်အောင်က ”သွားစမ်းပါ ”ဆိုတဲ့ စိတ်ကုန်ခန်းသွားတဲ့ပုံစံနဲ့ မျက်နှာကို ရှုံ့တွ လုပ်ပြနေသေးတယ်။

“ အဲဒီအချိန်က.. အေသင်က စတင်ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ အတွေးအခေါ်က တဖြေးဖြေးနဲ့ မြို့ပြနိုင်ငံတွေဆီ ကူးသွားခဲ့တယ်.. မြို့ပြနိုင်ငံဆိုတာ…မြို့တမြို့ချင်းဆီက..နိုင်ငံလိုဖြစ်နေတာ…အခု မင်းတို့တွေ့နေ သိနေရတဲ့ နိုင်ငံတွေလို အကြီးကြီးတွေ မဟုတ်သေးဘူးပေါ့ကွာ..ဒီမိုကရေစီသက်တမ်းကလည်း နုသေးတော့ အခက်ခဲတွေအမျိုးမျိုးနဲ့တော့ကြုံတွေ့ရတာပေါ့….လိုအပ်ချက်တွေလည်း အများကြီးပေါ့..။ စစချင်းမှာတော့ .. ဒီမိုကရေစီ စနစ်ကို.. တိုက်ရိုက် ဒီမိုကရေစီ စနစ်နဲ့ပဲ သွားခဲ့တာ..။နောက်တခါ မဲပေးရွေးချယ်တဲ့ အခါမှာလည်း ကန့်သတ်ချက်တွေက ပါလာတယ်…။ယောက်ျားပဲ မဲပေးပိုင်ခွင့်ရှိတာတို့၊ ပစ္စည်းပိုင်ဆိုင်မှု့ရှိမှတို့ ။မိန်းမတွေဆို မဲပေးပိုင်ခွင့်ကို ကန့်သတ်ထားတာတို့ အဲသလိုတွေ……..အခုခေတ် အောင်မြင်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတွေ ထူထောင်နိုင်ဖို့ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေ အများကြီးယူခဲ့ရတာပေါ့ ”

“ ကျနော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီ ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ဖူးတယ်လို့ ကြားဘူးတယ်..။ အဲဒါ ဘယ်တုန်းကလဲ အကို ”

စန်းမောင်က မေးတော့….

“ လွတ်လပ်ရေးရပြီးစ အချိန်လောက်ကပေါ့ ။ (၁၉၄၈ ကနေ ၁၉၆၂ ထိပဲ။) သိပ်ကြာကြာ မခံလိုက်ပါဘူးကွာ..။ဆယ့်လေးနှစ် သက်တမ်းပဲရှိသေးတယ်..စစ်တပ်က အာဏာသိမ်းအုပ်ချုပ်လာလိုက်တာ..ခုထိပဲဆိုပါတော့”

“ ကျနော်တို့ အဲဒီ သမိုင်းကြောင်းတွေကိုလည်း သိချင်တယ် အကိုရာ ..။ တကယ်တော့ ကျနော်တို့ တကယ်ကို သိထားသင့်တဲ့ အရာတွေပါ ”

ကျနော် လူငယ်တွေကို တော်တော် သနားသွားတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ မှန်ကန်တဲ့ သမိုင်းကြောင်းတွေကို ရိုက်ချိုးပြီး သူတို့ရဲ့ဘုန်းတော်ဘွဲ့တွေကလွဲလို့ ဘာမှ မှန်မှန်ကန်ကန် ဖော်ထုတ်ခွင့်မပေးခဲ့ပါဘူး၊။ဒါကလည်း နိုင်ငံရေးသားကြောဖြတ်နည်းတမျိုးပါ၊။ ကျနော်တို့တတွေတောင်မှ ၈၈ အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်လို့ နိုင်ငံရေးကို သိခွင့်လေ့လာခွင့်ရခဲ့တာကိုး။ အကယ်လို့များ ၈၈ အရေးတော်ပုံကြီးသာ ပေါ်ပေါက်မလာခဲ့ဘူးဆိုရင် ကျနော်လည်း သူတို့နဲ့ ဘာမှမထူး။ ဘာကိုမှ သိခွင့်မရ၊။ သိဖို့ကိုလည်း ကြိုးစားဖြစ်မှာ မဟုတ်ပါဘူး…။”

“ ငါ အခု..ဒီမိုကရေစီရဲ့အခြေခံလေး အစပျိုးပေးနေတဲ့အချိန်မှာပဲ…နိုင်ငံရေးဆိုတာ ဘာလဲ…တို့နိုင်ငံရဲ့သမိုင်းဖြစ်စဉ်လေးကိုလည်း အကျဉ်းချုံးပြောပြချင်သေးသကွ ..ဒါတွေကို ငါဆက်ပြောသွားပေးပါ့မယ်..”

“ ကောင်းတာပေါ့ ..အကိုရာ..။ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာမွေးလာတဲ့ လူငယ်တွေတချို့က ကျနော်တို့ကို အဲဒီသမိုင်းကြောင်းတွေမေးတာတောင် ကျနော်တို့ မဖြေနိုင်ဘူး..။ ကျနော်တို့လည်း ကောင်းကောင်းမှ မသိကြတာ။ ကျနော်ဆို ၈၈ တုန်းက ငါးတန်းကျောင်းသားပဲရှိသေးတာ ။ဘာမှကောင်းကောင်း မသိပါဘူး..။လူတွေအစုအဝေးကြီးနဲ့ အော်ကြ..ဟစ်ကြတာတော့သိတယ်..။နောက်တခါ အစိုးရဆန့်ကျင်တာလည်းသဘောပေါက်တယ် ။ကျန်တာ ဘာမှမသိဘူး..။ကျနော်က အဲဒီတုန်းက ပျော်နေတာဗျ…။စိတ်ထဲမတော့ ရေးတေးတေးပါပဲ..။ကိုယ်ကိုယ်တိုင်က ဘာမှန်းမသိတော့ နောက်မျိုးဆက်တွေကို ရှင်းပြဖို့ဆိုတာက ခက်တယ်ဗျ ”

ထက်အောင်က မချိတင်ကဲ လေသံနဲ့ပြောအပြီး…ကျနော်စောစောက ပြောလက်စ စကားကို ပြန်ဆက်လိုက်တယ်…..။

“စကားလမ်းကြောင်း လွဲသွားမှာစိုးတယ်….ငါ ပြောလက်စ ဒီမိုကရေစီ အကြောင်းလေး ခရီးဆက်ချင်သေးတယ်ကွ..။ ဒီလို..ဒီမိုကရေစီဆိုတဲ့ တော်လှန်တဲ့အတွေးအခေါ်တရပ်က နေရာအနှံ့ဒေသအနှံ့ကို ပြန့်သွားပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်….။ပဒေသရာဇ် အာဏာရှင်ကနေ..ပြည်သူ့အာဏာပိုင်စိုးလာတာပေါ့ကွာ…။နှစ်ကာလတွေ ကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ ဒီမိုကရေစီ သဘောတရားကို ကောင်းသထက်ကောင်းအောင် မွမ်းမံပြင်ဆင် ကျင့်သုံးလာရင်း..နိုင်ငံရေးအယူအဆတွေနဲ့ တွဲဖက်ကျင့်သုံးလာခဲ့တယ်…”

“ အကို ကျနော် သိပ်မရှင်းဘူး ဖြစ်နေတယ်…ဘယ်လို နိုင်ငံရေးအယူအဆတွေနဲ့ တွဲသုံးတာလဲ..”

ကိုသွေးရဲ့ထိမိလှတဲ့မေးခွန်းလေးပါ။

“ လူဦးရေ နည်းနည်းလေး အခြေအနေမှာ ကိစ္စသိပ်မရှိလှပေမယ့် နိုင်ငံတနိုင်ငံလို တည်ရှိနေတဲ့ဒေသကြီးမျိုးမှာကျ..အယူအဆတွေက လိုလာပြီလေ…။လူထုက ဒီမိုကရေစီနဲ့ ကိုယ်စားပြု အုပ်ချုပ်သူများကို ပြည်သူလူထု ကိုယ်စားတင်မြှောက်ပေးလိုက်တာကတော့ ဟုတ်ပါပြီ..ဘယ်လို အခြေခံမှုတွေ..အယူအဆတွေနဲ့ လူထုကို စီမံမှာလဲဆိုတဲ့ ပြဿနာအပေါ်မှာ အခြေခံရင်းက…နိုင်ငံရေး အယူအဆတွေ ပေါ်ထွန်းလာခဲ့တယ်..။ ဒီနေ့ ကမ္ဘာကြီးမှာ အထင်ရှားဆုံး နိုင်ငံရေးအယူအဆကို ပြောပါဆိုရင်တော့ လက်ယာလို့ခေါ်တဲ့ ( အရင်းရှင်စနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒနဲ့ ) လက်ဝဲ လို့ခေါ်တဲ့ (ဆိုရှယ်လစ်၊ ကွန်မြူနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒ) တွေကတော့ အထင်ရှားဆုံးနဲ့ ယနေ့အထိ ဂယက်တွေရိုက်ခတ်ဆဲပဲပေါ့…..”

ကျနော့် စကားအဆုံးမှာ အားလုံးကို လေ့လာကြည့်လိုက်တော့ တော်တော့်ကို စိတ်ဝင်စားနေတာ တွေ့လိုက်ရတော့ ကျနော်လည်းပြောရတာ အားရှိလာတယ်…။

“ ဒီအယူအဆတွေ အကြောင်းလည်း မင်းတို့ တီးမိ ခေါက်မိအောင် ငါရှင်းပြပေးပါဦးမယ်…ငါပြောခဲ့တာတွေမှာ ရှုတ်ထွေးသွားနိုင်တာတွေများ ပါသွားမိသလား”

“ မပါ ပါဘူး.. ဒါပေမယ့် သိချင်တာတွေတော့ များလာတယ် ”

စန်းမောင်က ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ပြောလိုက်တော့.....

“ငါတတ်နိုင်သလောက် နားအလည်ဆုံးဖြစ်အောင် ရှင်းပြပေးပါ့မယ်….ဒီနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ဘာနဲ့တူသလဲဆိုတော့.. အင်ဂျင်စက်တလုံးလိုပဲကွ….။အင်ဂျင်စက်ဆိုတာ သူ့ ချည်း ဘာမှသုံးလို့ရတာ မဟုတ်ဘူး..တခုခုနဲ့ပေါင်းစပ်ပေးရတယ်..။ ဥပမာ..ကားနဲ့တွဲလိုက်တော့ ကားအင်ဂျင်ပေါ့၊။ လေယာဉ်နဲ့တွဲလိုက်တော့ လေယာဉ်အင်ဂျင်ပေါ့ ၊။ သူရဲ့ပကတိ အရှိတရား အင်ဂျင်ဆိုတဲ့ အရာကို ပေါင်းစပ်တန်ဘိုးတွေနဲ့ တွဲလိုက်ရင်းက အမျိုးမျိုးသော ပြောင်းလဲမှု့တွေတော့ ရှိတာပေါ့..။ထိုနည်းတူစွာပဲ.. ဒီမိုကရေစီကိုလည်း ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်သုံးကြတယ်…။ ဒီမိုကရေစီကို လက်ဝဲ၊လက်ယာ အယူအဆတွေနဲ့ တွဲသုံးကြတယ်….။ လက်ယာ အယူအဆဖြစ်တဲ့ အရင်းရှင် နဲ့တွဲစပ်ပြီးတော့ အရင်းရှင်ဒီမိုကရေစီ ( နောက်ပိုင်းမှာတော့ ခေတ်မှီတဲ့ အတွေးအခေါ် အယူအဆတွေ တိုးဝင်လာပြီး ပြောင်းလဲရေးပုံသဏ္ဍာန်တွေနဲ့ ဖြစ်တည်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ ) -တနည်းအားဖြင့် -လွတ်လပ်တဲ့ ဒီမိုကရေစီ ။ နောက်တခုက လက်ဝဲအယူအဆဖြစ်တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် ၀ါဒတွေနဲ့ပေါင်းစပ်ပြီးတော့ ဆိုရှယ်လစ်ဒီမိုကရေစီ ။ နောက်... ပြည်သူ့ဒီမိုကရေစီ =(ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီကို ပေါင်းစပ်ထားတာ။) ဒါပေမယ့်လည်း ငါ လေ့လာမိသလောက် လက်ဝဲ၀ါဒမှာ ဒီမိုကရေစီဆိုတာ နာမည်ခံ အရောင်ပြသက်သက်ပါပဲ…။”

“ တော်တော် စိတ်ဝင်စားစရာတွေပဲ အကိုရာ ..ကျနော်တို့အတွက်ကတော့ ရှယ် တွေပါပဲ ”

“ မင်းတို့ အတိုင်းအတာတခုထိ နားလည်သွားမယ်ဆို ငါကျေနပ်ပါတယ်..။ တခါက ကဗျာဆရာကြီးဦးတင်မိုး ပြောခဲ့တဲ့စကားလေးတခွန်းကို သတိရမိတယ်ကွ….။သူ ကဗျာရေးတဲ့ အခါ အခက်ဆုံးက ကလေးကဗျာရေးရတာပဲ..တဲ့ …...။ ငါဆိုလိုတာက မင်းတို့ကို ကလေးလို့ပြောတာ မဟုတ်ပါဘူး..။ကလေးဆိုတာနဲ့ နှိုင်းယှဉ်ပြောပြတာပါ..။ကလေးဆိုတာ..ဦးနှောက်က ရှင်းတယ်၊။ အတွေးရှင်းတယ်..။သူတို့ရဲ့လက်ခံနိုင်မှု့စွမ်းအားက သိပ်မမြင့်သေးဘူး..။အဲဒီလို အခြေအနေမျိုးမှာ ရှောရှောရှုရှု ခေါင်းထဲကို ၀င်သွားဖို့ဆိုတာ တော်တော်ကြိုးစားရတာကွ…”

“ အကိုလည်း အချိန်ပေးရတာ တော်တော်ကြာသွားပြီ..။ နောက်နေ့မှပဲ..ခရီးဆက်ကြတာပေါ့နော်..။ဒီနေ့ လဘက်ရည်ဖိုးကို ကျနော်ရှင်းပါ့မယ် ”

စန်းမောင် က ပြောပြောဆိုဆို အိတ်ကပ်ထဲက ပိုက်ဆံကို ဆွဲထုတ်ရင်းက..ပိုက်ဆံတွေကို ရေဟန်ပြုပြီး တုန်တုန် တုန်တုန် လုပ်ပြနေတော့ ကျနော်တို့ တ၀ါးဝါး ရယ်မောလိုက်ကြရင်း…….။

အဖိုးတန် စကားဝိုင်းလေးရဲ့တနေ့တာကို ကျနော်တို့ ကျော်ဖြတ်ခဲ့ကြပါတယ်။

အပိုင်း ( ၃ ) ဆက်ပါဦးမည်။

အားလုံးကို လေးစားစွာဖြင့်-

( မောင်မောင်ဝမ်း )

No comments:

Post a Comment