Wednesday, September 7, 2011


ပြီးခဲ့တဲ့ သြဂုတ်လ၁၇ရက်နေ့က ပြောခဲ့တဲ့ကြံ့ဖွတ်အစိုးရဦး/ဗိုလ်ချုပ်သန်းစိန်ရဲ့မိန့်ခွန်းကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ “သဘောထား အမြင်ချင်းမတူကြတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ မတူကွဲပြားတာတွေကိုဘေးဖယ်၊ တိုင်းပြည် အတွက် အမှန်အကျိုးရှိစေမယ့်ဘုံအကျိုးစီးပွားတွေ မှာ ပူးပေါင်းဆောင်ရွက်ရန် အမြဲဖိတ်ခေါ်ပါတယ်။”ဆိုတဲ့စကားလို ရွှန်းရွှန်းဝေနေတဲ့ အပြောတွေလည်းအများအပြားပါရှိတဲ့ မိန့်ခွန်းဖြစ်ပါတယ်။

            ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွတ်အစိုးရက ပြည်ပရောက်နေသူတွေအပေါ် သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ “ပြည်ပကို အကြောင်းအမျိုးမျိုးနှင့်ထွက်ခွာသွားသူများပြန်လာနိုင်ကြောင်း” လို့တောင် မိန့်ခွန်းမှာပါခဲ့ပါတယ်။

            အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အသုံးအနှုန်းတွေကိုတမင် ရှောင်ကွင်းပြီးပြော ထားတဲ့ သမတသစ်ဗိုလ်ချုပ်ရဲ့မိန့်ခွန်းရှည်ကြီးမှာ ထုတ်မပြောသော်လည်းထင်ရှားစွာမြင်နေရတဲ့ အချက်သုံးချက်ပါရှိ ပါတယ်။


            (၁)        အာစီယံဥက္ကဋ္ဌဖြစ်ရေးနဲ့ အနောက်နိုင်ငံတွေကသူတို့အပေါ် ကြပ်ထားတဲ့မူလီတွေကိုလျှော့ပေးစေရေး။
            (၂) ပြည်ပရောက်တွေထဲမှာ သပ်လျှိုသွေးခွဲရေး။
            (၃) သူတို့ကိုဆန့်ကျင်နေသူတွေကို အသက်သာဆုံးနည်းနဲ့ဖမ်းဆီးနိုင်ပြီး နိုင်ငံရေးအရသေသတ်ပစ်ရေး။
            နံပတ်တစ်ကိုတော့ အထူးပြောနေစရာမလိုပါဘူး။ ထုံးစံအတိုင်း ပြည်တွင်းပြည်ပနိုင်ငံရေးနားလည်သူ အားလုံးက ဒီစစ်ဗိုလ်တွေ ပစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာကို မြင်ရတယ်ဆိုတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ 

            နံပတ်နှစ်အချက်ကတော့ သတိထားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေအကြားမှာ ၂၀၀၈ ဖွဲ့စည်း ပုံဥပဒေ ဆန္ဒခံယူပွဲမှာ Vote No - No Vote ကွဲခဲ့တာ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ရေး - မ၀င်ရေး ကွဲခဲ့တာ တွေကိုပြန်ကြည့်ရင် နအဖလုပ်ခဲ့တာတွေဟာ တစုံတရာထိရောက်မှုရှိတယ်ဆိုတာ တွေ့ရပါမယ်။ အနည်းဆုံးရှုပ်ထွေးမှုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခုအခါမှာလည်း သမတကြီးဗိုလ်ချုပ်သိန်းစိန်ရဲ့မိန့်ခွန်းထွက်လာတာနဲ့ ပြည်တွင်းပြည်ပက နိုင်ငံ ရေး လောကမှာ မတူတဲ့ပြောကြားနည်းတွေ ကြားခဲ့ကြရပါတယ်။ ပြည်ပရောက်တွေထဲက ငွေကြေးစုဆောင်းမိပြီး “အဟင့်ခေါ်ရင်သွားမှာပဲ”ဆိုနေတဲ့လူတွေ ၀မ်းသာခဲ့ကြပါတယ်။
 
            ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံကနေ စတွက်လိုက်ရင် အနှစ်နှစ်ဆယ်ကျော်နိုင်ငံရေးလုပ်လာသူတွေအနေနဲ့ အခု ဒီမြှူဆွယ်ချက်လေးကျမှ မျက်စိလည်တာ၊ နားယောင်တာဆိုရင်တော့ ညံ့လွန်းရာကျပါတယ်။ ဗိုလ်သိန်းစိန်ရဲ့မိန့်ခွန်းမှာ “ပြစ်မှုတစုံတရာကျူးလွန်သွားတာမရှိရင် အချိန်မရွေးပြန်လာနိုင်ဖို့ ကျွန်တော်တို့စဉ်းစားပေးမှာဖြစ်ပါတယ်”လို့ဆိုပါတယ်။  အပြစ်ကျူးလွန်တာမရှိခဲ့မှပါတဲ့။ အပြစ်ဆိုတာဘာလဲ ပြောမထားပါဘူး။ နောက်ပြီးစဉ်းစားပေးမှာပါတဲ့။ ပြည်ပကနေ လက်နက်ချကြောင်း နှုတ်နဲ့၊ စာနဲ့ဖော်ပြရမှာလား။ တကယ်ကတော့ ကိုယ့်ယောင်ကိုဆွဲပြီးနန်းထဲဝင်တာ။ ကိုယ့်ကိုယ်ကို လက်ထိပ် ခတ်ပြီး ရဲစခန်းပို့တာပဲဖြစ်မှာပါ်။ မမေ့သင့်တာက ဗိုလ်သိန်းစိန်တို့ရဲ့ဒီတံခါးဖွင့်ပေးမှုဟာ သဗ္ဗေသတ္တာဝေနေ ယျာအားလုံးကို ရည်ရွယ်ပြီးဖွင့်လိုက်တာမဟုတ်ပါဘူး။ ဒီလိုကမ်းလှမ်းတဲ့အတွက် ဘယ်လိုလူကလာပြီး ဘယ်လိုလူက မလာဘူးဆိုတာ သူတို့လည်း သူတို့ရဲ့အတွေ့အကြုံအရသိပါတယ်။ တချို့သော ပြည်ပမှာမြှုပ်ထားတဲ့သူတို့ရဲ့လူတွေ အိမ်ပြန်ကောင်းအောင်လုပ်တာလားလည်း စဉ်းစားစရာဖြစ်နေပါတယ်။ အခုအထိတော့ “စာတန်းဖတ်သူ”တွေကလမ်း ဖောက်လိုက်ပါပြီ။ တချိန်ထဲမှာဘယ်သူတွေတော့ ပြန်လာလို့ဗမာပြည်ပြန်ရောက်နေပြီစတဲ့ ကောလာဟာလတွေကိုလည်း လွှင့်ပေးနေပါတယ်။

            ဒါ့အပြင် သမတဆိုသူကပြောပြီးလို့မှ ဘာမှမကြာဘူး ပြည်ထဲရေးဝန်ကြီးဆိုသူက မည်သည့်တရားမဝင် သွားရောက်မှုမျိုးကိုမဆို တရားဥပဒေအရ အရေးယူအပြစ်ပေးနိုင်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း အာဆီယံ ရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့စသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဥပဒေဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေသူများကို ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း”ပြောလာပါတယ်။ ငါးစာပါမက ငါးမြှားချိတ် ကိုပါမြင်ရတယ်လို့ဆိုနိုင်ပါတယ်။

               ရုပ်ရှင်ကားတကားလိုဆိုရင် ဒီဟာတွေကဇာတ်လမ်းရဲ့အစပိုင်းမှာ တွေ့ရတာတွေပါ။ အခုတော့ဇာတ်လယ်ပိုင်းလို့ ဆိုရမယ့်ကိစ္စတွေကို ကြပ်ပြေးလွှတ်တော်ကြီးမှာ စတွေ့လာရပါပြီ။ ဒီအထဲကတခုကတော့ တနေ့ကမှဆုံးဖြတ်လိုက်တဲ့ ပုဒ္မ ()ဥပဒေဖျက်သိမ်းရေးကိစ္စပါ။ အဆိုတင်တဲ့လူက ဒီ“လွှတ်တော်ကြီး”ထဲကနေ ဒီမိုကရေစီတွေပေါက်ဖွားလာမယ်လို့ ပြော ပြဖော်ထုတ်ပြသရင်း ဦးဗိုလ်ချုပ်သိန်းစိန်တို့အပေါ်ထားရှိတဲ့ သူ့စေတနာကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သူကဗမာပြည်မှာ ဒီပုဒ္မ()ကြီးပေါ်ပေါက်ခဲ့တာဟာ တရားမှန်ကန်တယ်လို့ပြောသွားတာကို သတိထားမိလိုက်ကြမှာပါ။ ဖဆပလခေတ်ကစလို့ ဗိုလ်သန်းရွှေလက်ထက်အထိ ခေတ်အဆက်ဆက် ပုဒ္မ()နဲ့ဖမ်းခဲ့တာတွေဟာ တရားတယ်၊ ဖမ်းသင့်တယ်လိုပြောတာပါပဲ။  ဒါပေမဲ့ သူ့စေတနာကို သူ့သမတကြီးက လက်တွေ့တုန့်ပြန်လိုက်ပုံက လျှို့ဝှက်မဲပေးခွင့် မပြုတာနဲ့အစချီပါတယ်။ နောက်ပြီး စစ်အုပ်စုရဲ့အမာခံအင်အားစုအဖြစ် စစ်ဗိုလ်ကိုယ်စားလှယ်တွေနဲ့ ကြံ့ဖွတ်ကိုယ်စား လှယ်တွေက “အရေးကြီးရင်းဖြင့် သူတို့သွေးနည်းသူတွေဟာ”တသားတည်းဖြစ်ကြောင်း မားမားရပ်ပြလိုက်ပါတယ်။ ဒီအထဲမှာ မတ်တပ်ရပ်ပြရမယ်ဆိုတော့ နောက်တွန့်သွားကြတဲ့၊ ထမရပ်ရဲကြတဲ့ လူထုကိုယ်စားတော်ကြီးများလည်း ရှိတယ်လို့ ပြောသံတွေထွက်လာပါတယ်။ ဒီကိစ္စမှာကြုံလိုက်ရတဲ့ ထောက်ခံမဲ ၈မဲ။ ကြားနေမဲ ၄၁မဲ၊ ကန့်ကွက်မဲ၃၃၆မဲဆိုတာဟာ နောင်အရေးကြီးတဲ့ ကိစ္စတွေကိုဆုံးဖြတ်တိုင်း၊ စစ်အုပ်စုကမလိုက်လျောချင်တဲ့ ကိစ္စတွေကိုမဲခွဲဆုံးဖြတ်တိုင်းတွေ့ရမယ့် မဲအရေအတွက်ဆိုရင် မမှားဘူးထင်ပါတယ်။ 

            အဲဒီနောက် သြဂုတ်လထပ်တွေ့ရတာကတော့ ပြည်ထောင်စု အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များ၏ ရက် ၁၀၀ ကာလ အတွင်းဆောင်ရွက် ချက်များကို ချီးကျူးကြောင်း မှတ်တမ်းတင်”တယ်ဆိုတဲ့ အဆိုကိစ္စပဲ။ အဲဒီအဆိုမှာလည်း အထက်က လိုပဲ အများစုနဲ့အနိုင်ကျင့်အတည်ပြုလိုက်တယ်လို့သိရပါတယ်။
 
            တကယ်ကျတော့ ဒါတွေဟာအောက်ရုံးမှာဖြစ်နေတာပါ။ အထက်ရုံးနဲ့သမတရုံးတွေကျန်ပါသေးတယ်။ ဒါ့အပြင် ၁၉၅၀ အရေးပ်ါစီမံမှုအက်ဥပဒေဆိုတာမျိုးနဲ့ အချိန်မရွေး အာဏာသိမ်းခွင့်ပေးထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးလည်း ရှိပါသေးတယ်။ ဒီတော့ ဘာမှမရှိတာနဲ့စာရင် ဒါမျိုးတွေရှိတာက တော်သေးတယ်လို့ ပြောလေ့ရှိ သူတွေကို မေးဖို့ကောင်းတာက-
            - ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီလွှတ်တော်ကြောင့်မို့ နိုင်ငံ့ဓနတွေဟာ အခုဗိုလ်ချုပ်မျိုးစုံနဲ့ လက်ဝေခံမျိုးစုံ လက်ဝါးကြီးအုပ်ထားတဲ့ အောက်ကနေ ပြည်သူတွေရဲ့လက်ကို ရောက်လာမှာတဲ့လား။

            - နိုင်ငံရဲ့ အရေးကြီးကိစ္စတွေကိုဆုံးဖြတ်ရာမှာ ဗိုလ်ချုပ်တွေသဘောထားနဲ့ဆန့်ကျင်ပြီးဆုံးဖြတ်လို့ရမှာတဲ့လား။
            အထက်မှာပြောခဲ့တာကို ပြန်ကောက်ရရင် ဇာတ်လမ်းကအခုမှ အလယ်ပိုင်းတောင် ကောင်းကောင်းမရောက်သေး ပါဘူး။ အရက် ၁၀၀ကျော်ရုံလေးပဲရှိပါသေးတယ်။
            တင်ပုတ်နဲ့ထုတာခံနေရပါပြီ။

ရဲဘော်ဖိုးသံချောင်း

No comments:

Post a Comment