Thursday, October 20, 2011

ငါးပွက်ရာ ငါးစာချတဲ့ လုပ်ရပ်တွေဖြစ်တယ်

မြန်မာပြည်က လက်ရှိ နိုင်ငံရေး အခြေအနေတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (အေဘီအက်စ်အယ်လ်) က ပြောပါတယ်။

ရဲ ဘော် ကျော် သန်း ( ABSL)

လွန်ခဲ့တဲ့ ၂၃ နှစ် လုံးလုံး ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေဟာ ပြည်တွင်း အင်အားစုတွေကို  ထိထိရောက်ရောက် အထောက်အပံ့ မပေးနိုင်ခဲ့ဘူးလို့လည်း  အဲဒီအဖွဲ့က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်  ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသား တပ်မတော်က ရဲဘော်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဖွဲ့ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းကို မေးမြန်းထားပါတယ်။


၂၃ နှစ်လုံး ပြည်ပမှာ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုတွေကလည်း အလုပ်မဖြစ်ဘူး ဆိုတာမျိုး သုံးသပ်ထားတာ တွေ့ပါတယ်။ ဘာဖြစ်လို့ အလုပ်မဖြစ်ခဲ့တာလဲဆိုတာ ပြောပြပေးပါလား။

“စစ်အုပ်စုကိုယ်က ခေါင်းမာလွန်းတာ တချက်ရှိသလို ကျနော်တို့က ခုနက အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုပေါ့။ တောင်အာဖရိကကို ကိုးကားပြောနေကြတာ ရှိပါတယ်။ မင်ဒဲလားလို စေ့စပ်ဆွေးနွေးရေးကမ်းလှမ်းချက် အောင်မြင်တယ် ဆိုတာက သူတို့ဆီမှာက အကြမ်းမဖက် နိုင်ငံရေးကို ပံ့ပိုးတဲ့လက်နက်ကိုင် လုပ်ငန်းတွေရှိတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှမရှိဘဲနဲ့ ပြည်တွင်းမှာလည်း လူထုလှုပ်ရှားမှုလည်း လှုံ့ဆော်နိုင်တဲ့ အနေအထားက မရှိသလို ဖိနှိပ်မှုအားကလည်း သိပ်ကြီးတာကို။ ကျနော်တို့ပြည်ပကလည်း လက်နက်ကိုင် တော်လှန်ရေးလို ရည်ရွယ်ချက်နဲ့ ထွက်လာတဲ့လူတွေကိုယ်တိုင်က ရောယောင်ပြီးတော့ ပြည်တွင်းက နိုင်ငံရေးရေစီးထဲမှာ ရောယောင်ပြီးတော့ အကြမ်းမဖက် လိုက်လုပ်တဲ့ အခါကျတော့ စစ်အုပ်စုအတွက်က ရှင်းရှင်းပြောရင် အသက်ရှူချောင်တယ်လို့ ကျနော်မြင်တယ်။ အထူးသဖြင့်တော့ ကျနော်တို့က ဒေးဝမ်း လုပ်ရမယ့် အလုပ်တွေကို မလုပ်ဘဲနဲ့ ဒေးတူး နောက်မှလုပ်ရမယ့် ပွဲပြီးမှလုပ်ရမယ့် အလုပ်တွေကို ဥပမာအားဖြင့် အမျိုးသမီး အခွင့်အရေးတို့၊ လူမျိုးစုအခွင့်အရေးတို့ လိင်မကွဲဘာမကွဲ လူတွေရဲ့ အခွင့်အရေးတို့ဆိုတဲ့ သင်တန်းတွေနောက်ကို ရောယောင်ပြီးတော့ လိုက်နေတယ်။ ပြီးတော့ ကျနော်တို့ ပြည်ပဦးဆောင်မှုရဲ့ အခန်းကဏ္ဍမှာ အဲ့လိုနိုင်ငံရေးပေါ်မှာပဲ မျောနေတဲ့ ပုဂ္ဂိုလ်များကိုပေါ့လေ။ နိုင်ငံရေး အခြေခံအားဖြင့်လည်း တိုက်ပွဲပုံသဏ္ဌာန်ကို ရေရေရာရာ ခွဲခြမ်းစိတ်ဖြာတာမျိုး မလုပ်ဘဲနဲ့ ရေလိုက်ငါးလိုက် သွားနေတဲ့သူတွေက ကျနော်တို့ တော်လှန်ရေးရဲ့ ဦးစီးဦးဆောင်နေရာကို ရောက်သွားတဲ့အခါကျတော့ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က ကျနော်တို့ဖြတ်သန်းခဲ့တဲ့ လှုပ်ရှားမှုတွေက ရှင်းရှင်းပြောရရင် ငါးပွက်ရာ ငါးစာချတဲ့ လုပ်ရပ်တွေဖြစ်တယ်။ လက်ရှိမြန်မာပြည် နိုင်ငံရေး အခြေအနေက တောင်းဆိုနေတဲ့ အားတွေကို ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်းတွေ မဟုတ်ခဲ့ဘူးလို့ သုံးသပ်တယ်။”

၂၃ နှစ်ဆိုတော့ ပြီးခဲ့တဲ့အပိုင်းကို ပြန်သုံးသပ်တာပေါ့။ အခု လောလောဆယ်မှာ ဆိုရင်ရော ခုနပြောသလို လက်နက်ကိုင် တော်လှန်ရေး ပြည်ပလှုပ်ရှားမှု ဆိုတဲ့ဟာကရော ကမ္ဘာ့အခြေအနေနဲ့ မြန်မာပြည်လက်ရှိ နိုင်ငံရေး အနေအထားနဲ့ရော လက်တွေ့ကျတယ်။ ခေတ်မီသေးတယ်လို့ ပြောလို့ရမလား။

“ကျနော်တို့တိုင်းပြည်မှာ တကယ်တောင်းဆိုနေတာက လက်နက်ကိုင် တော်လှန်ရေးပဲ။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် အနှစ် ၂၀ ကျော် ကမ်းလှမ်းလာတဲ့ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆိုတာကို အခုထက်ထိ ရိုးရိုးသားသား လက်ခံတုံ့ပြန်တာ ဘာတခုမှမတွေ့ရသေးဘူး။ ဒါကြောင့် လက်နက်ကိုသာ အားကိုးတဲ့၊ လက်နက်ကိုသာ ယုံကြည်တဲ့ စစ်အာဏာရှင်တွေကို ရင်ဆိုင်ဖို့ဆိုတာက လက်နက်ကိုင် တော်လှန်ရေးကလွဲလို့ ဘာမှမရှိဘူး။ ဒါက ကျနော်တို့အမြင်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာက ရှင်းရှင်းပြောရရင် ချက်ချင်းပေါ့။ ဗိုလ်ချုပ်အောာင်ဆန်းတို့ ခေတ်ကလို ကမ္ဘာစစ်အခြေအနေကြောင့် အခွင့်သာခဲ့တယ်။ နိုင်ငံတနိုင်ငံကနေ ချက်ချင်းသင်တန်းပေးပြီးတော့ စစ်တပ်ကြီး ဖွဲ့ပေးတယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးမျိုးနဲ့ စတယ်ဆိုတာ ကမ္ဘာမှာမရှိဘူး။ အခုအနှစ် ၂၀၀ ကျော်ရှိနေတဲ့ အိုင်ယာလန်မှာ ရှိနေတာပဲ။ အခုထက်ထိ အိုင်ယာလန်လွတ်မြောက်ရေး။ အိုင်အာအေပေါ့။ နိုင်ငံရေးအဖွဲ့အစည်းကတော့ ရှိတာပေါ့။ သူတို့မှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ စခဲ့တာ မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ်ထူကိုယ်ထ လက်နက်ရှာဖွေပြီးတော စလာတဲ့ နိုင်ငံရေးကို လက်နက်ကိုင် တော်လှန်ရေးဟာ ခုချိန်ထိ ရှိနေသေးတာပါ။ အင်္ဂလန်လို တိုင်းပြည်ကြီးတောင်မှ လက်နက်ကိုင်တော်လှန်ရေးကို မချေမှုန်းနိုင်ပါဘူး။ ကျနော်တို့ ပိုင်းခြားချက် ရှိတယ်ဆိုရင် ဒီလက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့ လုပ်နိုင်ပါတယ်။ အထူးသဖြင့် အားသာတာက ကျနော်တို့ဆီမှာ တိုင်းရင်းသားတွေ နယ်ခြားဒေသတွေမှာ အခြေစိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ရှိပြီးသားပဲ။ ပြဿနာက တိုင်းရင်းသား အဖွဲ့အစည်းတွေကိုယ်တိုင်က ရန်သူအပေါ်မှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြတ်ပြတ်သားသား တိုက်ဖို့ ပူးပေါင်းဖို့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းက မရှိဘူး။ ဥပမာအားဖြင့် သူတို့ လက်နက်ကိုင်တပ်တွေ single one command ပေါ့။ မဟာမိတ်တွေတော့ဖွဲ့တယ်။ အခုထက်ထိ ဘယ်တုန်းကမှ under single command အောက်မှာ သူတို့လုပ်တာ မရှိဘူး။ ဒါကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အခြေခံကျကျ နားလည်မှုရအောင် တည်ဆောက်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည် အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးက ဒါလမ်းပွင့်နေတယ်လို့ပဲ မြင်တယ်။”

အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေပေါ့လေ။ တချို့ကလည်း ပြုပြင်ပြောင်းလဲရေးဘက်ကို သွားနေပြီ ပြောတယ်။ တချို့ကလည်း သံသယ ရှိနေသေးတယ်။ ပြီးခဲ့တဲ့ လပိုင်းမှာ ကြည့်ရင်လည်း တချို့အဖြစ်အပျက်တွေတော့ ရှိခဲ့တာပေါ့။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ခဲ့တာမျိုး။ ဒိုင်ယာလော့လိုမျိုးပေါ့။ လက်ရှိသွားနေတဲ့ ပုံစံနဲ့ဆိုရင် မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့က မျှော်လင့်လို့ မရနိုင်ဘူးလား။

“လူအများကပြောတယ်။ ဒေါ်စုနဲ့တွေ့ဆုံနေတဲ့ကိစ္စတွေက ဘာဖြစ်တယ်ပေါ့။ အကောင်းမြင်လွန်းတဲ့ သူတွေများတယ်လို့ မြင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောခဲ့တာက သူ့အနေနဲ့ တကယ်မြန်မာပြည်ရဲ့ ပြဿနာက ဆွေးနွေးအဖြေရှာနိုင်တဲ့ လမ်းကြောင်းပေါ်ရောက်လာပြီလို့ ယူဆတယ်လို့ သူကပြောတာ။ ရောက်နေပြီလို့ ယတိပြတ် ပြောထားတာမဟုတ်ဘူး။ ကျနော်တို့က ရှေ့ပိုင်းကို မျှော်ကြည့်မယ်ဆိုရင်။ ပြောင်းနေတယ်လို့ သူယူဆနေတယ်လို့ ပြောတယ်။ သူကယူဆတယ်။ ကျနော်တို့ကတော့ အတိတ်က အတွေ့အကြုံတွေ စစ်အုပ်စုရဲ့ အကျင့်စာဂတွေ၊ နောက်ပြန်လျှောက်တတ်တဲ့ အကျင့်တွေကို သိထားတဲ့အခါကျတော့ ကျနော်တို့တွေက ဒါက မဖြစ်နိုင်ဘူးလို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးနေတဲ့ ပုံစံက စစ်အုပ်စုရဲ့ အမြတ်ထုတ်ဖို့ လုပ်နေတယ်လို့ ကျနော်တို့က ယူဆတယ်ဆိုရင် ဒီယူဆချက်နဲ့ ပတ်သက်လို့ သူတို့ဘက်က ငြင်းစရာအချက်အလက် မရှိပါဘူး။ ဘာကြောင့်လဲဆို နိုင်ငံတကာကို ကြေညာထားတာ မဟုတ်ဘူး။ အချိန်ကန့်သတ်ချက် မရှိဘူး။ ဘယ်ကဏ္ဍတွေကို ဘယ်လိုပုံစံနဲ့ ဆွေးနွေးမယ်ဆိုတာ ဘာမှမပါဘူး။ ပြောရရင် ၂၀၀၂- ၂၀၀၃ လောက်က ဗိုလ်ခင်ညွန့်နဲ့ ဒေါ်စုတို့နဲ့ စကားပြောခဲ့တဲ့ အခြေအနေနဲ့ ဘာကွာသလဲလို့ ရှာကြည့်တော့ ဘာမှသိပ်မကွာဘူး။ မထူးဘူးလို့ မြင်တယ်။”

No comments:

Post a Comment